News

POST TYPE

ABOUT US

မျှော်လင့်ချက်အတွက် ကဗျာရွတ်သူ
08-Jul-2018


မီနက်စ်လာပလူမီသည် ရေကြည်ရာမြက်နုရာ ရှာဖွေကြသူများ၊ နိုင်ငံရေးအခြေအနေ၊ စစ်ပွဲအခြေအနေမဟန်လို့ ထွက်ပြေးရသူများရဲ့ဘဝကို ကဗျာတစ်ပုဒ်ဖြင့် သီကျူးရွတ်ဆိုနေသည်။ နောက်ခံအဖြစ် အာဖရိကန်တေးသွားဆန်ဆန်ကို ဂစ်တာဖြင့် တီးခတ်နေသည်။ အာဖရိက အမျိုးသမီးတေးသံရှင်တစ်ဦးက မီနက်စ်ရွတ်ဆိုအပြီးတွင် မယ်လိုဒီစာသားကို ခံစားချက်ပါပါဖြင့် ရွတ်ဆိုလိုက်သည်။ မာလာဝီနိုင်ငံက ဒုက္ခသည်စခန်းများတွင် မီနက်စ်ကို ကောင်းကောင်းသိကြသည်။ ဒုက္ခသည်စခန်းများတွင် ဂီတပွဲတော်များ လာလုပ်ပေးလေ့ရှိသည်။ အင်္ဂလိပ် သို့မဟုတ် ဒေသခံဘာသာစကားကို သုံးကာ ဂီတအနုပညာနှင့် ကဗျာတို့ကို ပေါင်းစပ်ဖန်တီးတတ်သည်။ တကယ်တော့ မီနက်စ်သည်ပင်လျှင် ဒုက္ခသည်တစ်ဦး ဖြစ်ပါသည်။ 

သူသည် ကွန်ဂိုနိုင်ငံက hip hop နှင့် ကဗျာအနုပညာရှင်တစ်ဦးဖြစ်သည်။ နာမည်ကျော် ပြည်တွင်းအနုပညာရှင် ဖြစ်လာကာမှ သူ့တီထွင်ဖန်တီးရေးသား ရွတ်ဆိုချက်များကို အာဏာပိုင်များက မျက်စိစပါးမွှေးစူးလာသည်။ သူက ဂီတအနုပညာဖြင့် နိုင်ငံသားတို့ကို အမြင်ဖွင့်ပေးလိုသူဖြစ်သည်။ တိုင်းပြည်တွင် ဖြစ်ပျက်နေသည်များကို ရေးစပ်ထုတ်လုပ်ရင်း နောက်ဆုံး မီနက်စ်ထွက်ပြေးရတော့သည်။ ကွန်ဂိုမှသည် မာလာဝီသို့ရောက်သော် ဒုက္ခသည် စခန်းတစ်ခုမှာ သွားနေရသည်။ မာလာဝီနိုင်ငံ ဒီဇာလီကာ ဒုက္ခသည်စခန်းသည် ရဝမ်ဒါ၊ ကွန်ဂို၊ ဆိုမာလီယာ၊ အီသီယိုးပီးယားနှင့် အခြားအာဖရိကတိုင်းပြည်များမှ ပဋိပက္ခဘေး၊ ဆင်းရဲဒုက္ခဘေးသင့်သူများ လာရောက်ကြရာ နေရာဖြစ်သည်။ သူတို့သည် ပိုမိုသာယာမည်ဟုထင်သော အမေရိက သို့မဟုတ် ဥရောပဘက်သို့ သွားနိုင်ရန် ကြိုးစားနေကြသည်။ ဒုက္ခသည်စခန်းများသည် ခက်ခဲကျပ်တည်းသော အခြေအနေများနှင့်ကြုံနေရပါသည်။ မျှော်လင့်ချက်လည်း ကင်းမဲ့သည်။ အကြမ်းဖက်မှုများကလည်း ဖြစ်နေသည်။ နာမည်ကျော် ဆယ်လီဘရစ်တီဟု ဆိုပေသော်ငြား မီနက်စ်လည်း အခန်းကျဉ်းလေးတစ်ခုတွင် လူ ၁၃ ယောက်နှင့် အတူနေရပါသည်။ 

ဒုက္ခသည်စခန်းအပြင်ကလည်းထွက်မရ၊ ငွေကြေးကလည်း ရှာမရနှင့် ခြောက်လလောက် စိတ်ကျရောဂါသူခံစားလိုက်ရသည်။ သို့သော် သူ့တွင်ရှိနေသော အသုံးမပြုဖြစ်သည့်အရာကို ပြန်သတိရသွားသည်။ အနုပညာဖြစ်ပါသည်။ ဒုက္ခသည်စခန်းအတွင်းမှ အနုပညာဝါသနာပါသူများကို စုရုံးသည်။ ဂီတများကို အတူဖန်တီးကြသည်။ ဒုက္ခသည်စခန်းရောက် နိုင်ငံစုံ အနုပညာသမားများပေါင်းပြီး နိုင်ငံတကာ ဂီတပွဲတော် Tunaini Festival ကို ပထမဆုံး ကျင်းပကြသည်။ အားလုံးပျော်ကြရသည်။ ဂီတအနုပညာသည် စိတ်၏ ကိုယ်၏ ဆင်းရဲခြင်းများမှ တဒင်္ဂဝေးရာကို ခေါ်ဆောင်သွားနိုင်စွမ်းရှိသည်။ ကဗျာအနုပညာသည် ဖန်တီးသူ၏ အလိုအတိုင်း အနုပညာမြောက်ရင် မြောက်သလို လူသားတို့ရင်ထဲတွင် အပြောင်းအလဲကို ဖော်ကျူးမျိုးစေ့ချနိုင်၏။

နောင်နှစ်များတွင် မာလာဝီ ပြည်တွင်းအနုပညာရှင်များ၊ နိုင်ငံတကာမှ နာမည်ကျော် အနုပညာရှင်များပင် ဒုက္ခသည်စခန်းရပ်ကွက်ကြီးအတွင်း ပြုလုပ်သော အနုပညာပွဲကို လာရောက်ကြသည်။ တစ်ခဏတာ အချိန်လေးတော့ ဘဝရဲ့ အခက်အခဲများမှ လွတ်မြောက်ကြရသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ခံစားတတ်မှု စသည့် လူဆန်သောခံစားချက်များကို အနုပညာရှင်များရော၊ ခံစားနားဆင်သူများပါ ထိတွေ့ကြရသည်။ ခွန်အားဖြစ်ရသည်။ 

တဖြည်းဖြည်းနှင့် မီနက်စ်တစ်ယောက် မာလာဝီတွင် နာမည်ကြီးလာသည်။ စင်မြင့်တွေပေါ် ပြန်ရောက်လာသည်။ ၎င်း၏ကဗျာနှင့် ဂီတတို့ကို မာလာဝီတွင် နှစ်ခြိုက်စွာ ရွတ်ဆိုကြသည်။ ပြင်သစ်၊ အင်္ဂလိပ်၊ ဆွာဟီလီ၊ လင်ဂါလာ စသည့်ဘာသာစကားများဖြင့် ဖန်တီးကာ ဒုက္ခသည်တို့၏ အတွေ့အကြုံများကို အများက ဂရုစိုက်မိလာစေခဲ့သည်။ ဆုံးရှုံးခဲ့မှုများ၊ ပိတ်မိခြံခတ်ထားခံရမှုများ၊ အိမ်ခြေမဲ့မှုများ၊ ဘဝသစ်စဖို့ အခွင့်အရေးကို စောင့်နေရချိန်များ အကြောင်းကို ဖော်ကျူးသည်။ ၂၀၁၅ တွင် အွန်လိုင်းရန်ပုံငွေရှာခြင်း လှုပ်ရှားမှုဖြင့် ငွေစုခဲ့ကာ ၎င်း၏အခွေဖြစ်သော Far from Home ကို ထုတ်ဝေခဲ့သည်။ ဒုက္ခသည်စခန်းတွင် ခင်လာခဲ့သော ဂစ်တာသမားများ၊ အဆိုသမားများဖြင့် ပူးပေါင်းကာ ဖျော်ဖြေပွဲများ ပြုလုပ်ကြသည်။ စင်ပေါ်ဖျော်ဖြေမှုများ လုပ်သည့်အခါတိုင်း ဒုက္ခသည်များသည်လည်း လူများပင်ဖြစ်သည်ဆိုသည့် သတင်းစကားကို အတတ်နိုင်ဆုံးပေးလေ့ရှိသူဖြစ်သည်။ နိုင်ငံရေးအခြေအနေများ၊ မတရားမှုများကို ရဲရဲတင်းတင်းထောက်ပြတတ်သူဖြစ်သည်။ 

ရေကြည်ရာ မြက်နုရာဆိုသည့် စကားသည် ရှေးအတည်တေကတည်းက ရှိခဲ့သည်။ ယနေ့ခေတ်မှာတော့ ရေကြည်ရာ မြက်နုရာသည် တံတိုင်းများ၊ လူဝင်မှုကြီးကြပ်ရေးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံဆူးကြိုးများ ကာခဲ့လေပြီ။ ပြောင်းရွှေ့အခြေချသူများ၏ အတိတ်က ခံစားချက်များ၊ လက်ရှိ အတိဒုက္ခများကို ရွှေ့ပြောင်းမဖြစ်ဖူးသူများက နားမလည်တာ၊ နားလည်ဖို့မကြိုးစားကြတာ သဘာဝတော့ကျပါသည်။ ကိုယ်တိုင်မကြုံရသော်လည်း အများသူငါ၏ ဇာတ်လမ်းများကို နားထောင်ရင်း ကူညီဖေးမ၊ ဝေမျှပေးနေသူများလည်း ရှိပါသည်။ တိုတောင်းသော လူ့ဘဝအတွင်း အိမ်ရှင်ဧည့်သည်အယူအဆဖြင့် ရှေ့ဆက်နေကြသူများရှိသလို၊ ဒုက္ခသည်များအတွက် ကူညီပေးနေသည့် မီနက်စ်လိုလူများလည်း ရှိသည်။

သန့်ဇင်စိုး