News

POST TYPE

ABOUT US

အမှိုက်တစ်စက်မှ မထွက်သည့်မြို့ သို့မဟုတ် ကာမီကတ်ဆု
01-Jul-2018


အမှိုက်ကင်းစင်သည်ဟုဆိုလျှင် လမ်းမများပေါ်တွင် အမှိုက်မရှိကာ သန့်ရှင်းသပ်ရပ်နေသည်ကို မြင်ယောင်မိပေလိမ့်မည်။ တကယ်တမ်း ထိုသို့ သန့်ရှင်းနေခြင်းမှာ အမှန်တကယ်အမှိုက်ကင်းစင်နေခြင်းတော့ မဟုတ်သေး။ အမှိုက်ကို အမှိုက်ပုံးထဲထည့် သေချာစွန့်ပစ်ကာ၊ စနစ်တကျအမှိုက်သိမ်းခြင်းဖြင့် ယင်းသို့ သန့်ရှင်းသပ်ရပ်မှုကို ရနိုင်ပါသည်။ သို့သော် အမှိုက်ပုံးထဲရောက်သွားသည့် အမှိုက်များ၊ ပလတ်စတစ်များက ဘယ်ရောက်သွားသနည်း။ အမှိုက်ပုံကိုပဲ ဒီအတိုင်းသွားထားလိုက်သည် ဆိုလျှင်တော့ အမှိုက်အမှန်တကယ် ကင်းသည်ဟု မဆိုနိုင်ပေ။ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော အမှိုက်ဟူ၍ မထွက်ရလေအောင် မူဝါဒဖန်တီးထားနိုင်မှ အမှိုက်အမှန်တကယ်ကင်းသည်ဆိုရပေမည်။ ယင်းသို့သော အမှိုက်ကင်းစင်သည့်မြို့တစ်မြို့ရှိပါသည်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှ ကာမီကတ်ဆုဆိုသော မြို့ကလေးဖြစ်သည်။ 

တိုကူရှီမာ ပြည်နယ်ကာမီကတ်ဆုမြို့တွင် အမှိုက်ဟူ၍ တစ်စက်မှ ကမ္ဘာကြီးအတွက် မထွက်အောင် စီမံခန့်ခွဲကြပုံကို ဗီဒီယိုမှတ်တမ်းရိုက်ကူးထုတ်လွှင့်ခဲ့ရာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား လေ့လာစရာဖြစ်ခဲ့သည်။ ကမ္ဘာအနှံ့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများက ထိုမြို့လေး၏ မူဝါဒကို လာရောက်လေ့လာကြရသည်။ ပလတ်စတစ်နှင့် စက္ကူအမှိုက်ခွဲရသည်ပင်လျှင် အချိန်ကုန်သည့်အလုပ်ဟု ညည်းတွားနေကြချိန်တွင် ကာမိကတ်ဆုသည် အမှိုက်များကို ၃၄ မျိုးခွဲခြားပြီး ပြန်လည်အသုံးပြုသည့် လုပ်ငန်းစဉ်ကို မြို့အတွက် လည်ပတ်ဆောင်ရွက်ကြသည်။ အလူမီနီယမ်ဘူး၊ သံဘူး၊ စက္ကူဂျပ်ဖာ၊ စက္ကူရွက် စသဖြင့် အမှိုက်များကို ၃၄ မျိုးအထိ ခွဲကာ ပြင်ဆင်ရင်း အကုန်ပြန်သုံးလည်ပတ်နိုင်အောင် ကြိုးစားကြသည်။ 

၂၀၀၃ ကတည်းက အမှိုက်ထွက်မှုအဆင့် သုညရောက်အောင် ထိုမြို့ကလေးက ဦးတည်ကြိုးစားခဲ့သည်။ ယခင်က သူလိုကိုယ်လို အမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ခဲ့သော်လည်း အမှိုက်များသည် သဘာဝပတ်ဝန်းကျင်ကို မည်သို့ထိခိုက်စေသည်ကို နားလည်သိရှိသွားပြီးနောက် တို့မြို့ကြောင့် ကမ္ဘာကြီးအတွက် ဘာအမှိုက်မှ မကျန်စေရဆိုသည့် ရည်မှန်းချက်ဖြင့်ဆောင်ရွက်ကြသည်။ မြို့လယ်တွင် ပြန်လည်သန့်စင် ရေးစင်တာထားရှိသည်။ မြို့နေပြည်သူအများသည် ကိုယ့်အိမ်ကအမှိုက်ကို ကိုယ့်ဘာသာခွဲယူလာပြီး စင်တာကို ယူလာကြသည်။ စင်တာတွင် အခြေစိုက်သော လုပ်သားများက မတူကွဲပြားသော အမှိုက်များကို သီးသန့်ထုပ်ပိုးကြသည်။ ထို့နောက် အဆိုပါ စက္ကူပုလင်းများကို အမျိုးအစားလိုက် ပြန်သွင်းကြပါသည်။ ထိုလုပ်ငန်းစဉ်မှာ နေ့စဉ်လုပ်ငန်းစဉ်ဖြစ်၍ နေပေပြီ။ 

မြို့ကလေးတွင် အဝတ်ဟောင်းများ၊ အသုံးအဆောင်ဟောင်းများစွန့်ပစ်ရန် စတိုးဆိုင်တစ်ဆိုင်ရှိသည်။ ပရိဘောဂများ၊ အဝတ်အစားများကို မလိုချင်တော့ပါက လာထားပြီး တခြားလိုအပ်သည်များကို ပြန်ယူသွားနိုင်သည်။ ဘယ်သူမှ မလိုချင်တော့သည့် အဝတ်များရှိခဲ့ပါလျှင် ပစ္စည်းသစ်များပြန်ထုတ်ကြသည်။ အလုပ်ရုံလေးတစ်ခုလည်း ဖန်တီးထားသည်။ ကီမိုနိုစဟောင်းများကဲ့သို့သော အဝတ်များကိုသုံးကာ ဝက်ဝံရုပ်ကဲ့သို့သော ပြန်ရောင်းနိုင်မည့် အရာများ ထုတ်လုပ်ကြပါသည်။ “ကျွန်မတို့ဟာ ပိုပြီး အာရုံစိုက်ဆောင်ရွက်ကြတယ်။ ဒီလိုနဲ့ ကျွန်မတို့ရဲ့ ဘဝနေနည်းပါ ပြောင်းလဲသွားခဲ့တယ်” ဟု ထိုမြို့လေး၏ စွန့်ထုတ်ပစ္စည်းသုညဖြစ်ရေး အကယ်ဒမီမှ ဒုတိယအရာရှိချုပ် အကီရာဆာကာနိုက ပြောကြားပါတယ်။ 

၂၀၂၀ အရောက်တွင် မြေမြှုပ်ရသော၊ မီးရှို့စွန့်ပစ်ရသော အမှိုက်ပမာဏ လုံးဝသုညဖြစ်အောင်လုပ်မည်ဟု မြို့ကလေးက ကြုံးဝါးထားသည်။ ယခုအခါ မြို့ကထွက်သော အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းကို ပြန်သုံးနေကြသည်။ ကာမီကတ်ဆု မြို့ကလေး၏ ကြိုးစားမှုကြောင့် စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင်စက်ရုံက ပြန်လည်အသုံးပြုပစ္စည်းများကို စနစ်တကျ ပြန်ထုတ်လုပ်နိုင်ခဲ့သည်။ “ကာမီကတ်ဆုစနစ်ကို ကမ္ဘာအနှံ့ ပြန့်သွားစေချင်ပါတယ်” ဟု အကီရာ ဆာကာနိုက ဆိုသည်။ “ကျွန်မတို့က မြို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝပြီး လှုပ်ရှားမှုကိုလည်း အခြားနေရာတွေကိုပါ ကူးစက်ပျံ့နှံ့စေချင်ပါတယ်” ဟု ဆာကာနိုက ပြောကြားသည်။ 

ကမ္ဘာလုံးဆိုင်ရာ အမှိုက်ပမာဏက အမြန်ကြီးတိုးတက်များပြားလာနေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံထားသည်။ ၂၀၂၅ ခုနှစ်တွင် မြို့တော်ကြီးများ၌ နေထိုင်သူလူဦးရေ သန်းပေါင်းတစ်ထောင့်လေးရာ ထပ်တိုးလာမည်ဖြစ်လေရာ လူထု၏ အမှိုက်ထုတ်နှုန်းကလည်း တက်လာမည်ဖြစ်သည်။ လူတစ်ဦး၏ ပျမ်းမျှအမှိုက်ထွက်ရှိနှုန်းသည် တစ်ရက်လျှင် ၃ ပေါင်ခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ ဂျပန်နိုင်ငံသားတစ်ဦး၏ အမှိုက်ထွက်နှုန်းသည် အမေရိကန်သားတစ်ဦး၏ ထက်ဝက်ခန့်သာရှိသည်။ သို့သော် ကာမိကတ်ဆုမြို့သားများသည် ၎င်းတို့၏ ဘေးထွက်စွန့်ထုတ်ပစ္စည်းများကို သုညအထိရောက်သွားချင်ကြသည်။ မိမိသုံးသမျှအမှိုက်များ၏ ၈၀ ရာခိုင်နှုန်းကို လမ်းမများ၊ အမှိုက်ပုံများသို့ မရောက်အောင် ကြိုးစားနိုင်ခြင်းပင်လျှင် မဟာအောင်မြင်မှုဟု ဆိုရမည်။ အတုယူထိုက်၏။

သန့်ဇင်စိုး