News

POST TYPE

ABOUT US

ချင်းပြည်နယ်ရှိ ကော်ဖီစိုက်တောင်သူများအတွက် ကော်ဖီပျိုးပင် တစ်သိန်းကျော် အခမဲ့ဖြန့်ဝေ
23-Jun-2018
ကလေး၊ ဇွန် ၂၃ 

ချင်းပြည်နယ်အတွင်းရှိ ကော်ဖီစိုက် တောင်သူများအတွက် ကော်ဖီပျိုးပင်ပေါင်း တစ်သိန်းကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခမဲ့ ဖြန့်ဝေပေးနေကြောင်း တီးတိန်မြို့နယ် ထေးဇန်ကော်ဖီခြံမှ ခြံတာဝန်ခံ ဦးမင်းလွင်ဦးက ပြောကြားသည်။

ကော်ဖီပင်များ အခမဲ့ဖြန့်ဝေခြင်းသည် ယခုနှစ်တွင် ပထမအကြိမ် ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့အထိ ပေးဝေမည်ဖြစ်ကြောင်း၊ ကော်ဖီပျိုးပင်ကို အခမဲ့ ဖြန့်ဝေရာတွင် ထေးဇန်ကော်ဖီခြံတွင် ပျိုးထားသည့် ကော်ဖီပင်ငါးသောင်းနှင့် ပြင်ဦးလွင်မြို့နယ်မှ ဝယ်ယူထားသည့် ကော်ဖီပျိုးပင် ခြောက်သောင်းကျော် စုစုပေါင်းပျိုးပင်ပေါင်း တစ်သိန်းကျော်ကို အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်စသည့် မြို့များကဲ့သို့ ခရီးဝေးသော မြို့နယ်များမှ ပျိုးပင်များကို စိုက်ပျိုးချင်သော်လည်း သယ်ယူစရိတ်ကြီးမြင့်သည့်အတွက် မထုတ်ယူနိုင်သည့် တောင်သူများအတွက်မူ သယ်ယူစရိတ်များအနက်မှ တစ်ဝက်ကို ခြံမှအကုန်အကျခံကာ လိုက်လံပို့ဆောင်ပေးနေကြောင်း ၎င်းကရှင်းပြသည်။

“ပျိုးပင်ဖိုး သက်သာသွားရင်ကို တောင်သူတွေအတွက် အကျိုးရှိမှာပဲဆိုပြီး အခမဲ့ ဖြန့်တာပါ”ဟု ဦးမင်းလွင်ဦးက ဆိုသည်။

ကော်ဖီပျိုးပင်ကိုစိုက်ပျိုးရန်အတွက် ပြင်ပမှဝယ်ယူပါက တစ်ပင်လျှင် ကျပ် ၅၀၀ အထိ ဈေးရှိပြီး ကော်ဖီတစ်ဧကလျှင် အပင်ရေ ၁၃၆၀ ပင် စိုက်ပျိုးရသည့်အတွက် ပျိုးပင်အတွက် ကုန်ကျစရိတ် ၇ သိန်းနီးပါးအထိရှိကြောင်း၊ ချင်းပြည်နယ်အတွင်း ကော်ဖီစိုက်ဧက ၅၆၀ ရှိပြီး တစ်နှစ်လျှင် ဧက ၂၀၀ ကျော် ထပ်တိုးစိုက်ပျိုးလာစေ ရေးအတွက် အခမဲ့ဖြန့်ဝေပေးခြင်းကို ယခုနှစ်မှ စတင် ဆောင်ရွက်ခြင်းဖြစ်ကာ လာမည့်နှစ်တွင်လည်း ပျိုးပင်ပေါင်း သုံးသိန်းကို အခမဲ့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားကြောင်း ထေးဇန်ကော်ဖီခြံထံမှ သိရသည်။

“အခုပေးတဲ့ ကော်ဖီကသာ တကယ် ဖြစ်လာမယ်ဆိုရင် ထွက်ရှိလာတဲ့ကော်ဖီတွေကို ဘယ်လိုရောင်းမှာလဲ။ ဈေးကွက်မရှိဘဲနဲ့ ကော်ဖီစိုက်နေရင်တော့ တောင်သူတွေက ကော်ဖီဆိုတဲ့ဟာကို ကြားတောင် ကြားချင်တော့မှာ မဟုတ်ဘူး”ဟု ချင်းပြည်နယ်၌ စိုက်ပျိုး၍ရသည့် ကော်ဖီစေ့များကို ပျိုးထောင်စိုက်ပျိုးခြင်း၊ နည်းပညာပေးခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းတို့ လုပ်ဆောင်နေသည့် ချင်းတောင် ကော်ဖီအသင်းမှ ဥက္ကဋ္ဌ မိုက်ကယ်စွန်သက ပြောဆိုသည်။

ချင်းပြည်နယ်သည် မြေမျက်နှာ သွင်ပြင်အနိမ့်အမြင့်၊ ရာသီဥတု အပူ အအေး၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နေရာနှင့်တစ်နေရာ မတူညီသည့်အတွက် မျိုးတစ်မျိုးတည်းကိုသာ စိုက်ပျိုး၍ မရကြောင်း၊ ချင်းပြည်နယ်မှ ထွက်ရှိသည့် ကော်ဖီများ ရောင်းချနိုင်ရန် ပြည်နယ်အစိုးရက ဈေးကွက်ရှာပေးရမည်ဖြစ်ပြီး ယင်းသို့မပြုလုပ်နိုင်ပါက ကော်ဖီစိုက်ပျိုးမှုလုပ်ငန်း အောင်မြင်မည်မဟုတ်ကြောင်း အဆိုပါအသင်း တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။

R-20