News

POST TYPE

ABOUT US

ယောကျာ်းသားတစ်ဦးအသွင် ၄၃ နှစ်ကြာ ဟန်ဆောင်ခဲ့တဲ့ အီဂျစ်ကမိခင်
10-Jun-2018 tagged as



အီဂျစ်ကအမျိုးသမီးတစ်ဦးဖြစ်သည်။ ၄၃ နှစ် ကာလလုံး အမျိုးသားတစ်ဦးအသွင် ဟန်ဆောင်ထားသည်။ ရည်ရွယ်ချက်က မုဆိုးမတစ်ဦးအတွက် အဆင်မပြေသော ရပ်ဝန်းတွင် သမီးငယ်ကို ပြုစုလုပ်ကျွေးဖို့အတွက် ယောကျာ်းတစ်ဦးအသွင် ဆောင်ထားခြင်းဖြစ်သည်။ နောက်ပိုင်း ထိုကိစ္စကို လူအများသိသွားကြသည်။ အစိုးရပါသိသွားသည်။ အာဇာနည်မိခင်ဆုကို အီဂျစ်အစိုးရက ချီးမြှင့်ပေးခဲ့သည်။ သူ့ဇာတ်လမ်းကစိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ 

အီဂျစ်နိုင်ငံလူဆောဒေသ လူမှုတစ်သားတည်းရှိရေးဌာနက ဆီဆာအဘူဒါအိုကိုအမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ခဲ့သည်။ သမီးနှင့် မြေးများကို ခွန်နဲ့ အားနဲ့ကြိုးစားကာ အလုပ်လုပ်ကိုင်ကျွေးမွေးပြီး ဦးဆောင်ခဲ့သည့် ဆီဆာအဘူဒါအို၏ ဇာတ်လမ်းကြောင့်ဖြစ်သည်။ အသက် ၆၄ နှစ်အရွယ်ရောက်နေပြီဖြစ်သော အဘူဒါအိုသည် ငယ်ရွယ်စဉ်မှာပင် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရသည်။ ခင်ပွန်းကွယ်လွန်ချိန်တွင် သူမ၌ ကိုယ်ဝန်ရှိသည်။ ဝင်ငွေကလည်း တစ်ပြားမှမရှိ။ “ကျွန်မအိမ်ထောင်ကျတော့ ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ကိုယ်ဝန်ခြောက်လမှာယောကျာ်းက ကွယ်လွန်သွားတယ်။ ကလေးမွေးပြီးတော့ ယောက္ခမအိမ်မှာ ရက် ၄၀ လောက်နေလိုက်ရသေးတယ်။ ကျွန်မကိုထပ်ပြီးလက်ထပ်ခိုင်းတယ်။ လက်ထပ်ရမတဲ့လား။ ကျွန်မသမီးကိုဘယ်သူက ကြည့်ပေးမှာလဲ”ဟု အဘအရွယ် သို့မဟုတ် ဘွားဘွားအရွယ် ရောက်နေသည့် ဆီဆာအဘူဒါအိုက ပြောကြားသည်။ မုဆိုးမငယ်ငယ်တစ်ယောက်သည် ကလေးပေါက်စလေးနှင့် ဘဝကိုရုန်းကန်ကျော်လွှားရတော့မည်။ အမျိုးသမီးများ၏ အနေအထားကိုအလေးမပေးသော နောက်ခံအခြေအနေတွင် အဘူဒါအိုဇာတ်မြှုပ်လိုက်သည်။ သမီးငယ်လေးကို ပြုစုစောင့်ရှောက်ဖို့အတွက် သူအလုပ်လုပ် ငွေရှာရမည်။ ယောကျာ်းတစ်ယောက်အသွင် သူပြောင်းလဲဝတ်ဆင်ခဲ့သည်။ 

ထိုစဉ်က ဒေသယဉ်ကျေးမှုတွင် အမျိုးသမီးဆိုလျှင် အလုပ်လုပ်ငွေရှာတာကိုအားမပေးပါ။ ထို့ကြောင့် ယောကျာ်းလိုဝတ်ဆင်ပြီးဟိုဒါဟု အမည်ရသည့် ရင်နှစ်သည်းချာသမီးအလှအတွက် အလုပ်လုပ်ရခြင်းဖြစ်ပေသည်။ သမီးအတွက် နေပူမရှောင် မိုးရွာမရှောင်ခဲ့ပါ။ အုတ်ဖုတ်သည်။ လမ်းဘေးတွင် ဖိနပ်တိုက်ပေးသည်။ အခြားလမ်းဘေးအလုပ်များစွာကို ကြိုးစားလုပ်ခဲ့သည်။ သမီးအရွယ်ရောက်သော် အိမ်ထောင်ကျသော်လည်း ကံကဆိုးဆဲဖြစ်သည်။ သမီး၏ ခင်ပွန်းက ကျန်းမာရေးချို့တဲ့ပြီး အလုပ်မလုပ်နိုင်။ အဘူဒါအိုတစ်ယောက် မိသားစုတာဝန်ကိုယူနေကျအတိုင်း ဖခင်ကောင်းတစ်ယောက်နေရာကနေ ဆက်လက်တာဝန်ယူရသည်။ 

နှစ်ပေါင်းများစွာ အမျိုးသားတစ်ဦးသဖွယ်နေလာခဲ့တော့ သူ့ပုံစံကတကယ့်အမျိုးသားကြီးတစ်ဦးအလား။ ဒေသခံများဝတ်သော အမျိုးသားအင်္ကျီရှည်ကို ဆင်မြန်းထားပြီး ခေါင်းပေါင်း အဖြူရောင်ဝတ်ထားသည်။ အနက်ရောင်အမျိုးသားဖိနပ်ဖြင့် ဖခင်တစ်ယောက်၏ အားမာန်အပြည့် အလုပ်များလုပ်ကာ မိသားစုကို ဦးဆောင်ခဲ့သည်။ “အုတ်သယ်တာ၊ ဘိလပ်မြေအိတ်ထမ်းတာနဲ့ ဖိနပ်တိုက်တာကနေလမ်းဘေးမှာ တောင်းရတဲ့အထိ သမီးနဲ့ သူ့ကလေးတွေကို ပြုစုကျွေးမွေးခဲ့ပါတယ်” ဟု ၎င်းက ပြောပြသည်။ 

“ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ တခြားသူတွေက တိုက်ခိုက်ထိုးနှက်လာမှာကို ရှောင်နိုင်ဖို့အတွက် ယောကျာ်းတစ်ယောက်လိုဝတ်ခဲ့တာပါ။ တစ်ယောက်မှ ကိုယ့်ကိုမသိတဲ့ ရွာတစ်ရွာမှာအခြေချပြီး အလုပ်လုပ်တယ်” ဟု ၎င်းက ပြောကြားသည်။ 

“ကျွန်မရဲ့မိခင်ဟာ မိသားစုကိုယခုအချိန်အထိ ဦးဆောင်ကျွေးမွေးနေပါတယ်။ မနက်တိုင်း သူနိုးလာပြီး ဘူတာမှာဖိနပ်တိုက်တယ်။ သူ့အတွက် အလုပ်သွားဖို့ ပြင်ဆင်ပေးရတယ်။ ခုတော့ သူလည်း အသက်အရွယ်ရလာပါပြီ” ဟု သမီးဖြစ်သူက ပြောပြသည်။ ကူညီပေးခဲ့သူ အယောက်စီတိုင်းကိုကျေးဇူးတင်ပြီး အီဂျစ်နိုင်ငံကို ယခုထက်ပိုကောင်းလာတာ မြင်ချင်ပါသည်ဟု ဖခင်တစ်ဖြစ်လဲ မိခင်ဖြစ်သူက ပြောကြားခဲ့သည်။ ယနေ့အချိန်အထိအီဂျစ်၏ တချို့နေရာများတွင် ကျားမတန်းတူညီမျှစွာဆက်ဆံခြင်းအတွက် အရေးကိစ္စက ပြောစရာ ဖြစ်နေဆဲဖြစ်သည်။ ၁၉၇၀ ကာလများတွင် အမျိုးသမီးတစ်ဦးအဖို့ အလုပ်လုပ်ခြင်းသည် လူပြောစရာဖြစ်သည်။ မကြားဖူးသည့် ကိစ္စဖြစ်သည်။ အမျိုးသမီးကောင်းသည် အိမ်တွင်းတွင်သာ နေထိုင်ပြီးမိသားစုကို ပြုစုကျွေးမွေးရသည်ဟု ယူဆကြသည်။ “တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဖြစ်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ ယောကျာ်းတစ်ဦးလို နေထိုင်ပြီးမိသားစုကိုဦးဆောင်ခဲ့သည့် ရှေးရိုးစွဲ မွတ်ဆလင် လူ့အဖွဲ့အစည်းနေအမျိုးသမီးကြီး၏ သတ္တိနှင့် ပေးဆပ်မှုကြောင့် အနီးအနားယောကျာ်းသားများပင် လေးစားလာကြပေပြီ။

သန့်ဇင်စိုး

  • TAGS