News

POST TYPE

ABOUT US

ကားမောင်းတဲ့ သွားဆရာဝန်
25-Sep-2016 tagged as ဆရာဝန်

ဒေါက်တာအက်ဒ်ဝင်စမစ် သွားဆရာဝန် ပေါက်စဘဝက ကန်တက်ကီပြည်နယ် အရှေ့ပိုင်းဒေသတွင် အလုပ်စလုပ်ခဲ့သည်။ သွားနှင့်ခံတွင်း ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရသော လူနာပေါင်းများစွာကို တွေ့ခဲ့ရသည်။ ဘဝမှာ သွားဆရာဝန်နှင့် တစ်ခါမှ မတွေ့ဖူးသည့် လူနာများစွာကို မြင်ဖူးခဲ့သည်။ ကန်တက်ကီဒေသ အခြေစိုက် ဌာနေ အမေရိကန် အပါလာချီရာ မျိုးနွယ်စုများ ဆိုလျှင် သွားနှင့် ခံတွင်း ကျန်းမာရေး အကျပ်အတည်းကို အကြုံရဆုံးသူများ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင်  ကန်တက်ကီပြည်နယ်သည် သွားဆုံးရှုံး နာကျင်ပျက်စီးမှုနူန်း အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။  


ဆရာဝန်စမစ်သည် သွားနုတ်ပေးသည်၊ သွားဖာပေးသည်။ ရောဂါပိုး ဝင်သဖြင့် ပြင်းပြင်းထန်ထန်  ဖျားနာကိုက်ခဲနေသူများကို ပြုစုကုသပေးသည်။ လူနာများထဲမှ အငယ်ဆုံး လူနာလေး တစ်ယောက်၏ ပြောစကားကြောင့် သွားဆရာဝန်ရင်ထဲ ထိသွားသည်။ “သားတို့ကျောင်းမှာ သွားတွေအကုန်လုံး ပုပ်ပျက်စီးနေတဲ့ ကလေးတွေ အများကြီးပဲ” ဟု ထိုကလေးက ပြောလိုက်ခြင်း ဖြစ်သည်။ ထိုကလေးများ နာကျင်နေတော့မည်။ စာသင်ချိန်တွင် သွားကိုက်နေတော့မည်။ ထို့ကြောင့် သွားဆရာဝန်သည် ၂၀၀၅ ခုနှစ်တွင် နောက်တွဲယာဉ်ဆေးခန်းကြီးနှင့် ကားလျှောက်မောင်းတော့ပါတော့သည်။ သွားဆေးကုသရန် လိုအပ်နေသော ကလေးများကို အခမဲ့ သွားကျန်းမာရေး စောင့်ရှောက်မှု ပေးပါတော့သည်။

ထိုအချိန်မှစ၍ Kids First Dental Services ဟု အမည်ပေးထားသော ပရဟိတ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ယခုအချိန်အထိ ကန်တက်ကီပြည်နယ် တစ်ဝန်းမှ စုစုပေါင်း ကလေးငယ် လေးသောင်းသုံးထောင်ကျော်ကို အခမဲ့ သွားကျန်းမာရေး ကုသပေးခဲ့ပြီး ဖြစ်ပါသည်။ “အဲဒီကလေးတွေ အားလုံး သွားနဲ့ခံတွင်း ရောဂါကင်းစင် ကျန်းမာပြီး ကိုယ့်ဘဝကို ကောင်းမွန်အောင် တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အပါလာချီယာ ဒေသသည် ဆိုခဲ့သည့်အတိုင်း တိုင်းပြည်တွင် သွားရောဂါ အခြေအနေ အဆိုးဆုံးနေရာ ဖြစ်ပါသည်။ “ပထမဆုံး ပြဿနာက ပညာရေးပဲဗျ။ ကျွန်တော် သွားဆရာဝန် စလုပ်တုန်းက ကလေးတွေကို သကြားအချိုရည်ကို နို့ဘူးနဲ့ တိုက်တာကို တွေ့ဖူးတယ်။ မိသားစု တော်တော်များများဟာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ရာ မတတ်နိုင်ကြဘူး” ဟု စမစ်က ပြောပြသည်။

သို့ဖြင့် ဆရာဝန်စမစ်၏ နောက်တွဲယာဉ်ကြီးသည် ရွှေ့ပြောင်းသွားဆေးခန်း ဖြစ်သွားခဲ့ပါတော့သည်။ ကျောင်းများကို အခါအားလျော်စွာ မောင်းသွားသည်။ အခြားကျောင်းများကလည်း သူတို့ကျောင်းကို လာပေးပါဦးဟု ဖိတ်ခေါ်ကြသည်။ ထိုကျောင်းများတွင် သူ့လူနာကောင်လေး တစ်ယောက် ပြောသွားသည့်အတိုင်း လိုအပ်နေသူ ကလေးများစွာကို တွေ့ခဲ့ရသည်။ အချိန်အပိုင်းအခြားဖြင့် ကျောင်းများကို လှည့်လည်ကာ စစ်ဆေးခဲ့သည်။ သွားတိုင်း တစ်နှစ်ပြီးတစ်နှစ် ကလေးငယ်များ၏ သွားကျန်းမာရေး တိုးတက်လာသည်ကို တွေ့ခဲ့ရပါသည်။

ဆရာဝန်စမစ်နှင့် အဖွဲ့သည် ကလေးများကို သွားနှင့် ခံတွင်း စစ်ဆေးပေးသည်။ သွားတိုက်နည်း စနစ်အမှန်၊ သွားကျန်းမာရေး စောင့်ရှောက်နည်းများကို သင်ကြားပေးသည်။ ရေရှည်ကုသရမည့် ကလေးငယ်များကို တွေ့လျှင် မိဘများနှင့် စကားပြောဆွေးနွေးပြီး ဆေးခန်းတွင် ဆက်လက်ကုသပေးသည်။ ဝေးလံသော နေရာများဖြစ်ပါက ဒေသခံ သွားဆရာဝန်များနှင့် ချိတ်ဆက်ပေးသည်။

“ဒါဟာ ကျွန်တော်လုပ်ကို လုပ်ရမယ့် အရာဆိုပါလား ဆိုပြီး စိတ်ထဲမှာ သိသွားခဲ့တယ်။ ကိုယ့်ရှေ့မှာ ဖြစ်နေတဲ့ ဖြေရှင်းရမယ့် ပြဿနာ၊ ပြီးတော့ ဘယ်သူကမှလည်း မကိုင်တွယ်ကြဘူး။ လုပ်နေရင်းနဲ့ တိုးတက်မှုတွေကို မြင်ရတဲ့အတွက် ကျွန်တော့်ကို ရှေ့ဆက်ဖို့အတွက် ခွန်အားတွေ ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။ ယခုဆိုလျှင် ဒေါက်တာစမစ်၏ ရွေ့လျားသွားဆေးခန်း လည်ပတ်နေသည်မှာ ၁၀ နှစ် ကျော်သွားခဲ့ပြီ ဖြစ်ပေသတည်း။ ကလေးများ သွားပျက်စီးမှုနှုန်း ကျဆင်းလာသည်ကို တွေ့ရသည်။ “သွားကုသပေးပြီးတဲ့အခါ မှန်ကို သွားကြည့်ပြီး မျက်ရည်ကျတဲ့ လူတွေကို ကျွန်တော်မြင်ဖူးခဲ့ပါပြီ” ဟုလည်း ပြောပြသည်။ ယခင်က ကိုယ့်သွားကို သူများမြင်သွားမှာ ရှက်သူတွေက ကောင်းကောင်းပြုံးပြနိုင်ကြလေပြီ။ ထိုအရာထက် မက်မောသည့်အရာ သွားဆရာဝန်တွင် မရှိပါ။ ဆက်လက်၍ ရွေ့လျားသွားဆေးခန်းကြီး ခရီးဆက်လှည့်လည်နေမည် ဖြစ်ပါသည်။

စကားတစ်ခွန်းဖြစ်စေ၊ အပြုအမူတစ်ခုခုက ဖြစ်စေ၊ မြင်ကွင်းတစ်ခုခုက ဖြစ်စေ လူတစ်ယောက်၏ ဘဝနေနည်းကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်သည်ဟု ဆိုပါလျှင် ကလေးငယ်လေး ပြောပြလိုက်သည့် စကားတစ်ခွန်းက ဆရာဝန်စမစ်၏ လက်ရှိလုပ်နေသော ရွေ့လျားသွားဆေးခန်းကို ဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။ သွားဆေးခန်းကားကြီး ဝင်လာလျှင် ကလေးများ သွားရောဂါ စစ်ဆေးမှု ခံရသည်။ ဆရာဝန်ကြီး သင်ပေးသော စနစ်မှန် သွားတိုက်နည်းကို လေ့လာကြရသည်။ အားလုံး ပြုံးနေနိုင်လျက် ရှိသည်။          

သန့်ဇင်စိုး


ABOUT AUTHOR

(သန့်ဇင်စိုး)