News

POST TYPE

ABOUT US

အရောင်များကို ဝေမျှသူ
27-May-2018 tagged as



အမေရိကရှိ စားသောက်ဆိုင်များတွင် အစားအသောက်မှာထားချိန်ဆိုပါက ပါလာသော ကလေးငယ်များ မပျင်းရစေရန် ရောင်စုံခြယ်စာအုပ်များ၊ ဆေးခြယ်သော ဖယောင်းတောင့်များ ပေးထားတတ်သည်။ ကလေးများက ဆေးခြယ်၊ လူကြီးများက စကားပြောရင်း စားစရာကို စောင့်ဆိုင်းရခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်က ဘရိုင်ယန်ဝဲရ်တစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်တွင် ပြုလုပ်သော မွေးနေ့ စားပွဲတစ်ပွဲကို သွားကြည့်ခဲ့ပြီးနောက်တွင် မေးခွန်းတစ်ခုရောက်လာသည်။ ကလေးများက ဘူးဖောက်ပြီး ဆေးခြယ်သွားသော ရောင်စုံတောင့်များ ဘာဆက်ဖြစ်သနည်းဆိုသည့် မေးခွန်းဖြစ်ပါသည်။ ကယ်လီဖိုးနီးယားပြည်နယ် ဒန်ဗီးလ်ဒေသရှိ ၎င်း၏ နေအိမ်တွင် ထိုကိစ္စကို လေ့လာခဲ့ရာ သူအံ့ဩထိတ်လန့်သွားစေသော တွေ့ရှိချက်တစ်ခုကို သိလိုက်ရပြီး တစ်ခုခုလှုပ်ရှားဆောင်ရွက်ရန်အတွက် အကြံရခဲ့သည်။ သူ၏ တွေ့ရှိချက်မှာ စားသောက်ဆိုင်များ၊ ကျောင်းများမှ နှစ်စဉ် စွန့်ပစ်နေပြီး အမှိုက်ပုံးထဲ ရောက်သွားသော ရောင်စုံခြယ်ဖယောင်းတောင့် ပေါင်ချိန်ပေါင်း ငါးသိန်းကျော်ရှိနေခြင်း ဖြစ်၏။ 

“ဗတ်တီးရီးယားတွေ တစ်နေရာကနေ တစ်နေရာကို ကူးစက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒါတွေကို လွှင့်ပစ်နေတာပါ။ ဒါကို ပြန်ပြီး အသုံးပြုလို့ရမယ့် နည်းလမ်းရှိမယ်လို့ ကျွန်တော်သိထားတယ်” ဟု အသက် ၄၃ နှစ်အရွယ် ဘရိုင်ယန်က ပြောကြားသည်။ ထိုနည်းလမ်းများကို သူစုဆောင်းရှာဖွေခဲ့ရာ ၂၀၁၂ ခုနှစ်ရောက်တော့မှ အဆင်သင့်ဖြစ်သွားသည်။ သို့ဖြင့် ရောင်စုံဖယောင်းတောင့်များ ရှေ့ဆောင်လုပ်ငန်း The Crayon Initiative ဟု အမည်ပေးထားသော ပရဟိတအစီအစဉ်တစ်ခုကို စတင်ခဲ့သည်။ အမှိုက်ဖြစ်နေသော ရောင်စုံဖယောင်းတောင့်များကို စားသောက်ဆိုင်များမှ လိုက်လံအလှူခံကာ ဖယောင်းတောင့်အသစ်များ ထုတ်လုပ်ကာ ကလေးဆေးရုံများရှိ အနုပညာအစီအစဉ်များအတွက် လှူဒါန်းပေးခြင်းဖြစ်ပါသည်။ “ဆေးရုံ တက်နေရတဲ့အချိန်မှာ အနုပညာနဲ့ကုစားတဲ့ အစီအစဉ်တွေဟာ ကလေးတွေရဲ့ နာမကျန်းဖြစ်မှုတွေကို သက်သာစေပါတယ်” ဟု ကလေးနှစ်ယောက်၏ ဖခင် ဘရိုင်ယန်က ပြောကြားသည်။ “အရောင်ခြယ်ခြင်းဟာ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့အတွက် ဆက်သွယ်ဆက်ဆံရေး နည်းလမ်းကောင်းတစ်ခုပါပဲ” ဟု ဘရိုင်ယန်က ပြောကြားသည်။ 

ဘရိုင်ယန်သည် စားသောက်ဆိုင်ပေါင်း ၄၀၀ နှင့် ကျောင်း ၁၀၀ တို့ကို ချိတ်ဆက်ထားပြီး မသုံးတော့သည့် ဖယောင်းတောင့်များကို အလှူခံလိုက်လံသိမ်းဆည်းသည်။ အိမ်တွင် သားနှစ်ဦး၊ ဇနီးသည် ကျောင်းဆရာမ၏ အကူအညီဖြင့် အရည်ပြန်ကျိုကြသည်။ အရည်ဖြစ်သွားသော ရောင်စုံဖယောင်းများကို ပုံစံခွက်ထဲလောင်းထည့်ပြီး ရောင်စုံခြယ်တောင့်အသစ်များ ပြန်ထုတ်လုပ်သည်။ “ပုံစံခွက်တစ်ခုမှာ ဖယောင်းတောင့် ၉၆ ခုထွက်တယ်။ ဒါကြောင့် တစ်နာရီအတွင်း ရောင်စုံတောင့် တစ်ထောင် ထုတ်လုပ်နိုင်တယ်” ဟု ၎င်းက ပြောကြားပါသည်။ “ကျွန်တော် အားတဲ့အချိန်တွေမှာ ကျွန်တော်ဒါကိုလုပ်ပါတယ်။ ဘယ်လောက်အချိန်ပေးရတယ်ဆိုတာကို ပြန်စဉ်းစားရတာကို မကြိုက်ပါဘူး။ တစ်ပတ်ကို နာရီလေးဆယ်လောက် အချိန်ပေးဖြစ်ပါတယ်” ဟု ဘရိုင်ယန်က ပြောပြသည်။ ယင်းသို့ အချိန်ပေးရခြင်းမှာ ထိုက်တန်ပါသည်။ ရောင်စုံဘူးတောင့်အသစ်တစ်ဘူး ရသွားသည့်အခါ ဝင်းလက်သွားသည့် ကလေးများ၏ မျက်နှာကို ကြည့်ကာ ဆောင်ရွက်ရကျိုးနပ်သည်ဟု သူထင်ပါသည်။ ဘရိုင်ယန်၏ ရောင်စုံခြယ်ပစ္စည်းများ လှူခြင်းအစီအစဉ်သည် မတူထူးခြားကာ စိတ်ချမ်းမြေ့စရာကောင်းပါကြောင်း လော့အိန်ဂျလိစ်ကင်ဆာ အင်စတီကျုမှ ကလေးအထူးကုဆရာဝန်ကြီး ဆင်မြူရယ်အော့စ်ချင်က ပြောကြားသည်။ 

“သူဟာ တကယ့်ကို အားစိုက်ထုတ်ပြီးဆောင်ရွက်ပေးသူပါ။ သူ မြို့မှာရှိနေတိုင်း လာရောက်လည်ပတ်ပါတယ်။ ကုသပေးမှုအနုပညာ လုပ်ဆောင်မှုတွေက အရေးကြီးပါတယ်။ ဒီ ရောင်စုံခြယ်ဖယောင်းလေးတွေက ကျွန်တော်တို့လူနာတွေအတွက် သူတို့ ရောဂါရင်ဆိုင်နေရချိန်မှာ ကိုယ့်ခံစားချက်ကို ဖော်ပြထုတ်ဖော်နိုင်ဖို့ရာမှာ အကူအညီဖြစ်ပါတယ်၊ ကိုယ့်အခန်းကို စိတ်ကြိုက်ခြယ်သပြီး သူတို့ရဲ့ ကြောက်ရွံ့မှု၊ နာကျင်စိတ်ရှုပ်မှုတွေကို ဖော်ပြတဲ့အနေနဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေသာမက မိဘတွေပါ ဆေးရောင်ခြယ်နိုင်ကြပါတယ်” ဟု အဆိုပါကလေး အထူးကုကင်ဆာဆရာဝန်ကြီးက ပြောကြားသည်။ 



စားသောက်ဆိုင်ပိုင်ရှင်များကလည်း သူတို့ ဖောက်သည်မိသားစုများမှ ကလေးများ အသုံးမလိုတော့သည့် ဖယောင်းတောင့်လေးများက အမှိုက်ပုံးထဲတွင် လမ်းဆုံးသွားမည့်အစား ဆေးရုံများတွင် အလုပ်ဖြစ်နေကြသည် ပြန်သိရသောအခါ ဝမ်းသာကြည်နူးရပါသည်။ ရောင်စုံ ဖယောင်းတောင့်ဘူးပေါင်း ၈၃၇၅ ဘူး ပြန်လည်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အမှိုက်များမဖြစ်သွားသည့်အတွက် သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းပါကြောင်း ဒန်ဗာအခြေစိုက် စားသောက်ဆိုင်များ၏ ရေရှည်တည်တံ့သော သဘာဝဝန်းကျင်ဆိုင်ရာ မန်နေဂျာ မီဂန်ဂျော်ဂျန်ဆင်က ပြောပြသည်။ ဘရိုင်ယန်သည် အားလပ်ချိန်တိုင်း ရောင်စုံခြယ်ဖယောင်းတောင့်လေးများကို အရောင်လိုက်ခွဲကာ အရည်ကျိုနေဆဲဖြစ်သည်။ 

“ကျွန်တော်ပြန်လည်ရရှိတဲ့ ဆုလာဘ်ကတော့ ကလေးဆေးရုံဘက်ကို ဝင်လိုက်တိုင်း ကလေးတွေ ကျွန်တော့် ရောင်စုံဖယောင်းတောင့်တွေနဲ့ အရောင်တွေခြယ် ပုံတွေဆွဲနေတာပါပဲ။ သူတို့ရှိတာလေးနဲ့ တစ်ခုခုကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ဖန်တီးနေတဲ့အခါ မျက်နှာမှာ တွေ့ရတဲ့ အပျော်တွေကို တွေ့ရတာ အကြိုက်ဆုံးပဲ” ဟု ဘရိုင်ယန်က ပြောကြားသည်။

  • TAGS