News

POST TYPE

ABOUT US

စစ်ကြောင့်ဖြစ်သော မုဆိုးမများ
20-May-2018


သန့်စင်စိုး

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က အီရတ်တွင် အသက် ၂၂ နှစ်အရွယ် ခင်ပွန်းသည် တိုက်ပွဲကျသွားပြီးနောက် တိုင်ရန်ဒါးဗစ်စ်သည် ဆုံးရှုံးခြင်းနှင့် အထီးကျန်ခြင်းကို ခံစားခဲ့ရသည်။ ပူဆွေးသောကနှင့် ရုန်းကန်နေရချိန်တွင် သူ့ဘေးတွင်ရှိသူများသည် သူတို့ဘဝကို ရှေ့ဆက်ဖို့ လွယ်ကူနေကြသည်ကို တွေ့ရသည်။ စစ်သည်များ၏ ဇနီးသည်များကလည်း သူတို့ အကြောက်ဆုံးအရာကို သယ်ဆောင်ထားသည့် တိုင်ရန့်ကိုရှောင်ဖယ်ကြသည်။ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများကတော့ သူမ၏ ငယ်ရွယ်မှုကြောင့် မကြာခင် ပျောက်ကင်းသက်သာရာရသွားမည်ဟု ထင်မြင်ယူဆရသည်။

“နာရေးအခမ်းအနားပြီးသွားတဲ့အခါ ကျွန်မဟာ ဝိုင်းကြဉ်ထားခံရသလို ခံစားရတယ်။ ကျွန်မက ငယ်သေးတာမို့ ကျွန်မရဲ့ ပူဆွေးမှုတွေက ပျောက်ကင်းသက်သာလိမ့်မယ်လို့ ထင်နေကြတယ်။ နင်ငယ်သေးတာပဲ၊ နင်ပြန်ပြီး လက်ထပ်လို့ရမှာပါဆိုပြီး ပြောဆိုကြတယ်” ဟု တိုင်ရန်က ပြောကြားသည်။ ခင်ပွန်းသည်အကြောင်း၊ နာမည်ပင်သူ့ရှေ့တွင် မဟချင်ကြ။ အားလုံးက ထိုကိစ္စကို ရှောင်ကြသည်။ ပျော်ရွှင်ရယ် မောမှုဆိုသည့်အရာကို မရှာဖွေဖြစ်အောင် ရှင်သန်ကျန်ရစ်သူ အပြစ်ရှိသကဲ့သို့ ခံစားရမှုနှင့် လုံးလည်လိုက်နေခဲ့သည်။ “ကိုယ့်လက်တွဲဖော် အသတ်ခံလိုက်ရတဲ့အခါ ရယ်မောပြုံးရွှင်ဖို့အတွက် သိပ်ကိုခက်ခဲသွားခဲ့ပါတယ်” ဟု တိုင်ရန်ဒါးဗစ်စ်က ပြောပြသည်။ သူလည်း ဒီနေရာမှာ ရှိနေကာ ရယ်မောပြုံးရွှင်ပိုင်ခွင့် ရှိသင့်သည်ဟူသော ခံစားချက်ဖြင့် ရှေ့ဆက်နေရသည်။ ကိုယ်သာပြုံးရွှင်ရယ်မောနေခဲ့ပါလျှင် “ကြည့်စမ်း သူ့အပေါ်ထားတဲ့ ဒီကောင်မလေးရဲ့ ခံစားချက်တွေ ပြီးသွားပါပြီ” ဟု ထင်ခံရမည်ကိုလည်း စိုးရိမ်မှုရှိသည်။ 

ခင်ပွန်းသည် ကွယ်လွန်သွားပြီးနောက်တွင် စစ်တပ်က သေဆုံးပင်စင်ပေးခဲ့ပြီး နာရေးအခမ်းအနားကို စီစဉ်ပေးခဲ့သည်။ ကျန်ရစ်သူများအတွက် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့များနှင့် ချိတ်ဆက်နိုင်ရန်လည်း ထောက်ခံချက်များ စီစဉ်ပေးခဲ့သည်။ ကျန်ရစ်သူ မုဆိုးမများအတွက် စိတ်ပိုင်း၊ ခံစားချက်ပိုင်း ထောက်ပံ့ပေးသော အဖွဲ့အစည်းများအကြောင်းကို အင်တာနက်မှာ သူရှာကြည့်သည်။ သူမ၏ အသက်အရွယ်ပိုင်းများကို မတွေ့ရပေ။ တက္ကဆက်ပြည်နယ် သူမ၏ မြို့ကလေး ဘူဒါအနီးရှိ မုဆိုးမများ တွေ့ဆုံပွဲများကို သူမ သွားကြည့်သည်။ အဆိုပါ အဖွဲ့များက ပူဆွေးသောကများ ပျောက်ကင်းသက်သာအောင် စီစဉ်ပေးထားခြင်းဖြစ်သည်။ သို့သော် ထိုပွဲများသို့လာကြသော မုဆိုးမများမှာ အသက် ၆၅ နှစ် အထက်များဖြစ်ကြပြီး စစ်တပ်နှင့် ဆက်စပ်ခြင်းမရှိကြသူများ ဖြစ်ကြပေသည်။ 

ငယ်ရွယ်သော လောလောလတ်လတ် စစ်ကြောင့်ဖြစ်သည့် မုဆိုးမများနှင့် တိုက်ရိုက်ချိတ် ဆက်ရန် တိုင်ရန် ကြိုးစားခဲ့ပါသည်။ ရည်ရွယ်ချက်က သူတို့လည်း အဆိုပါခံစားချက်များကို မည်သို့ ဖြေဖျောက်ကြသည်ကို သိချင်သောကြောင့် ဖြစ်သည်။ တိုင်ရန့် ခင်ပွန်းသည်နှင့်အတူ ကျဆုံးသွားသော စစ်သည်၏ မုဆိုးမဖြစ်သူကို ဆက်သွယ်ခဲ့ပြီး တွေ့ဆုံခွင့်တောင်းခဲ့သည်။ ဟိုဘက်ကလည်း ခွင့်ပြုသည်။ ဒါးဗစ်စ်သည် ဗီဒီယိုကင်မရာလေးယူသွားခဲ့သည်။ သူတို့ကြုံရသော စိတ်ခံစားချက်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် မှတ်ဉာဏ်များ၊ ချစ်ခြင်းနှင့် ဆုံးရှုံးမှုအကြောင်းတို့ကို မှတ်တမ်းတင်ခဲ့သည်။ 

“သူက ကျွန်မ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ရတဲ့ စစ်တပ်အသိုင်းအဝိုင်းက မုဆိုးမတစ်ဦးဖြစ်ပါတယ်။ သူဟာ ကလေးတစ်ဖက်နဲ့ နေ့တိုင်းရှင်သန်လှုပ်ရှားနေတာ၊ ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိပါတယ်” ဟု တိုင်ရန်ဒါးဗစ်စ်က တွေ့ဆုံခြင်းအကြောင်းကို ပြန်ပြောပြသည်။ တိုင်ရန်ဒါးဗစ်စ်သည် တိုင်းပြည်အနှံ့လှည်လည်ကာ စစ်ကြောင့်ကျန်ရစ်သော ငယ်ငယ်ရွယ်ရွယ် မုဆိုးမများကို အင်တာ ဗျူးလိုက်လုပ်ရင်း မှတ်တမ်းရုပ်ရှင် ဖန်တီးခဲ့သည်။ 

“The American Widow Project” ဟု အမည်ပေးခဲ့သည်။ ခင်ပွန်းသည်ဆုံးပြီး လေးလခန့်အကြာတွင် အဆိုပါနာမည်နှင့်ပင် ပရဟိတအစီအစဉ်တစ်ခုကို ဖန်တီးခဲ့ပါသည်။ ၎င်းတို့အဖွဲ့သည် အင်တာနက် စာမျက်နှာမှတစ်ဆင့် စစ်ကြောင့်မုဆိုးမဖြစ်ခဲ့ရသူများကို ချိတ်ဆက်ပေးကာ အွန်လိုင်းဖိုရမ်တစ်ခုလည်း ဖန်တီးထားပြီး ထောက်ပံ့ကူညီခြင်း၊ အားပေးနှစ်သိမ့်ခြင်းတို့ကို အချင်းချင်းပြုလုပ်ကြသည်။ 

“ကျွန်မတို့ ခင်ပွန်းတွေနဲ့ ဆက်သွယ်ရတာလည်း အဓိက က Skype တို့ Facebook တို့နဲ့ပါ။ အင်တာနက်က နည်းလမ်းတစ်ခုနဲ့ ဆက်သွယ်စရာ ဖြစ်နေပါတယ်။ ကျွန်မတို့ အစီအစဉ်မှာ ပါဝင်တဲ့ မုဆိုးမတွေကိုလည်း တစ်ယောက်တည်းကျိတ်ပြီး ရင်ဆိုင်နေတာထက် ခြေလှမ်းတစ်လှမ်းရှေ့ထွက်လာပြီး တစ်ယောက်ကိုတစ်ယောက် ချိတ်ဆက်ကူညီနိုင်ပါတယ်။ သူတို့ဟာ ငါနဲ့အတူတူပဲဆိုတဲ့ ခံစားချက်မျိုးလည်း ဖြစ်ပါတယ်” ဟု တိုင်ရန်ကဆိုသည်။ Facebook လူမှုကွန်ရက်ပေါ်တွင် Page ဖန်တီးထားကာ အမှတ်တရတနင်္လာနေ့ Memory Mondays ဆိုသော အစီအစဉ်ဖြင့် မိမိခင်ပွန်းသည်နှင့် အမှတ်တရများကို ပြန်လည်ပြောကြားဖော်ပြနိုင်ကာ Widow Wednesdays မုဆိုးမ ဗုဒ္ဓဟူးနေ့ဆိုသည့် အစီအစဉ်တွင် အဖွဲ့ဝင်သစ်တစ်ယောက်၏ ဇာတ်လမ်းကို တင်ပြဖော်ပြပေးကြသည်။ တွေ့ဆုံပွဲများ ဖန်တီးကာ အားကစားအစီအစဉ်များ၊ စုပေါင်းခရီးထွက်ခြင်းများဖြင့် ပျော်ရွှင်မှုများ ပြန်လည်ခံစားရစေရန်အတွက် ကူညီပေးသည်။ စုစည်းစည်းဝေးပွဲများ မကြာခဏလုပ်ပေးပြီး သက်သာပျောက်ကင်းစေရေး စည်းဝေးစကားပြောဆိုမှုများ ဖန်တီးကြသည်။ စစ်ပွဲကြောင့် ကျဆုံးသွားသော စစ်သည်များ၏ ကျန်ရစ်သူဇနီးများ၊ စေ့စပ်ထားသူ ချစ်သူများ ၎င်းတို့အဖွဲ့ထဲသို့ ဝင်ခဲ့နိုင်သည်။ အမေရိကန်မုဆိုးမများအဖွဲ့၏ အဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ၂၅ ဝန်းကျင်ဖြစ်ပါသည်။ 

စစ်ကြောင့်ဖြစ်သော အနိဋ္ဌာရုံများတွင် ကျန်ရစ်သူမိသားစုများ၏ ရင်တွင်းဝေဒနာကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အခြားစစ်သည် ဇနီးများက ရှောင်နေကြခြင်း၊ ငယ်ရွယ်သေးသောကြောင့် သက်သာသွားမှာပါလေဆိုပြီး ထင်မြင်ကြခြင်း၊ ကျန်ရစ်သူအဖို့ ပျော်ရွှင်စွာ ရှေ့မဆက်ရဲခြင်း စသည့် အခက်အခဲများကို တစ်ယောက်ကိုတစ်ယောက်လက်တွဲရင်း အမေရိကန်စစ်ကြောင့် ကျန်ရစ်သူ မုဆိုးမများကတော့ ရှေ့ဆက်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီကြသည်။