News

POST TYPE

ABOUT US

ဘူးသီးတောင်ရှိ ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ဘင်္ဂါလီများ နေအိမ်ဆောက်၍ နေထိုင်
18-May-2018

စစ်တွေ၊ မေ ၁၇

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ၌ တရားမဝင်ခိုးဝင်လာကြသော ဘင်္ဂါလီများသည် နေအိမ်များ ဆောက်လုပ်နေထိုင်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။

၎င်းတို့သည် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးလောင်ကွင်းပြင်များတွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် လာဘ်ပေး၍ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်များ တည်ဆောက်နေထိုင်ခြင်းဖြစ်ကြောင်း၊ တရားမဝင်အိမ် ၅၀ ကျော် ဆောက်လုပ်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါတွေဟာ တရားဥပဒေစိုးမိုးမှုမရှိဆိုတာကို ဖော်ပြရာရောက်တယ်။ ဒေသခံအာဏာပိုင်တွေ ကိုယ်တိုင်က အရေးမယူဘဲထားတာဟာ လာဘ်ပေးလာဘ်ယူမှုတွေရှိတယ်လို့ ဖော်ပြရာရောက်တယ်။ အဲဒီရွာဟာ ပြဿနာဖြစ်တုန်းကလည်း တပ်မတော်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဆိုတော့ အစိုးရဟာ အကြမ်းဖက်ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေကို အရေးမယူနိုင်သေးဘူးပေါ့”ဟု ဦးအောင်သောင်းရွှေက ပြောဆိုသည်။

ယင်းသို့တရားမဝင်အိမ်များ တည်ဆောက်နေသည်ကို တားမြစ်ထားပြီး ၎င်းတို့နေထိုင်နိုင်ရန်အတွက် နေရာရွေးချယ်မှုကိုလည်း ဘင်္ဂါလီများ အိမ်ဆောက်ရန်အတွက် အထက်သို့ အောက်တိုဘာလအတွင်းက တင်ပြထားရာ ညွှန်ကြားချက်ကျသည်နှင့်တစ်ပြိုင်တည်း အာဏာပိုင်များ၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဆိုသည်။

“သူတို့က ထွက်ပြေးပြီးပြန်ဝင်လာတဲ့သူတွေတော့မဟုတ်ဘူး။ အဲဒီ မီးလောင်ပြင်တွေမှာ နဂိုကတည်းက မဆောက်ခိုင်းတာပါ၊ ဆွေမျိုးတွေအိမ်မှာ ကပ်နေကြတာ။ ရေရှည်မခံနိုင်တော့ ရှိလာကြတာပေါ့၊ ကျွန်တော်လည်း ကြားကာလမှာ နည်းနည်းလောက်ဟသွားလို့ အခုတော့ အဖွဲ့တွေ သွားစိစစ်နေတာရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က ARSA အကြမ်းဖက်သမားများမှ နယ်ခြားစောင့်စခန်းများကို ဝင်တိုက်ပြီး ဩဂုတ် ၂၆ ရက်နေ့တွင် ဂူတာပြင်ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ဒေသခံတိုင်းရင်းသားတို့ကို ခြိမ်းခြောက်မှုများရှိ၍ တပ်မတော်က လုံခြုံရေးသွားရောက်ယူစဉ် ဂူတာပြင် ကျေးရွာအတွင်း တပ်မတော်အဖွဲ့သို့ ပစ်ခတ်တိုက်ခိုက်လာ၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

R-22