News

POST TYPE

ABOUT US

အမေရိကန် Starbucks Coffee ရန်ကုန်တွင် ဆိုင်များဖွင့်လှစ်ရန်ပြင်ဆင်
13-May-2018
ရန်ကုန်၊ မေ ၁၃

အမေရိကန်ပြည်ထောင်စုအခြေစိုက် နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Starbucks Coffee ဆိုင်များကို ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် (၆/၂၀၁၈) အစည်းအဝေးတွင် Starbucks ၏ ရင်းနှီးမြှုပ်နှံမှုကိုအတည်ပြုမိန့်ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာမူက ပြောကြားသည်။

Starbucks က မြန်မာနိုင်ငံသို့ ဟောင်ကောင်အခြေစိုက် Coffee Concepts (Myanmars) ကုမ္ပဏီမှတစ်ဆင့် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်ခြင်းဖြစ်ပြီး Starbucks  အမှတ်တံဆိပ် အစားအစာနှင့် အဖျော်ယမကာများ တည်ခင်းဧည့်ခံခြင်းနှင့် ရောင်းချခြင်း၊ Starbucks အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများ ရောင်းချခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“ဒီလိုမျိုး ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလာတော့ နိုင်ငံရဲ့ပုံရိပ်လည်း တက်လာသလို ပြည်တွင်းစားသောက်မှုအဆင့် အတန်းလည်း တက်လာမယ်”ဟု ဒေါ်နီလာမူကဆိုသည်။

ပြည်တွင်းသို့ Starbucks ကဲ့သို့ ထိပ်တန်း ကော်ဖီဆိုင် ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သော်လည်း ပြည်တွင်းကော်ဖီဆိုင်များအနေနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရန်ခက်ခဲလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။

“သူတို့က သူတို့ကော်ဖီနဲ့ သူတို့ လာမှာဆိုတော့ ပြည်တွင်းကော်ဖီအတွက်က အခွင့်အလမ်း သိပ်မရှိနိုင်ဘူး”ဟု ၎င်းကပြောဆိုသည်။

Starbucks Coffee သည် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ခန့် ဖွင့်လှစ်ထားပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများတွင် ဆိုင်ခွဲများ ဖွင့်လှစ်ထားသည့် အမေရိက အခြေစိုက် အစားအသောက် ကုမ္ပဏီတစ်ခုဖြစ်သည်။

လတ်တလောတွင် ပြည်တွင်း၌ အမေရိကန် ပြည်ထောင်စု အခြေစိုက် အခြား နာမည်ကြီး အစားအသောက် ကုမ္ပဏီများ ဖြစ်သော KFC နှင့် Pizza Hut တို့ကလည်း ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ၎င်းတို့၏ဆိုင်များကို ရန်ကုန်၊ မန္တလေးမြို့တို့အပြင် မြို့ကြီးအချို့၌ ဖွင့်လှစ်ထားလျက်ရှိသည်။

J-01