News

POST TYPE

ABOUT US

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၁၂)
13-May-2018

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး၊ အားကစား ကြယ်ပွင့်မှသည် သာမန်ရထားစီးခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှုရှိပါပေသည်။ ကြုံရာကျပန်းလုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 



အစွန်းရောက်အစ္စလာမ္မစ်များ၏ရန်မှ လူပေါင်းများစွာကို ကယ်တင်ခဲ့သူ ကိုယ်ကျိုးစွန့် မွတ်ဆလင်

၂၀၁၃ စက်တင်ဘာလ ၂၁ ရက် စနေနေ့ တိုက်ခိုက်မှု ကင်ညာနိုင်ငံဈေးဝယ်စင်တာကြီးတစ်ခုတွင် ဖြစ်ပွားခဲ့ရာ လူ ၆၇ ဦးသေဆုံးခဲ့သည်။ အစွန်းရောက် အစ္စလာမ္မစ် ဆိုမာလီအယ်ရှာဘတ် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူရဲဘောကြောင်သော အဆိုပါ တိုက်ခိုက်မှုသည် အရပ်သားများကို ပစ်မှတ်ထားကာ ဘာသာခြားများကိုနေရာတွင်ပင် ပစ်သတ်သည့် ရက်စက်ယုတ်မာသောလုပ်ရပ် ဖြစ်ပေသည်။ ကင်ညာစီးပွားရေးသမားအစ္စလာမ်ဘာသာဝင် အဗ္ဗဒူဟာဂျီသည် တခြားစင်တာတစ်ခုတွင် စီးပွားရေးအစည်းအဝေးတစ်ခုအတွင်း ကော်ဖီသောက်နေခဲ့သည်။ ထိုစဉ် အစ်ကိုဖြစ်သူထံမှ မက်ဆေ့ဂ်ျဝင်လာသည်။ အစ်ကိုဖြစ်သူ၏ တယ်လီဖုန်းစာတိုက နှုတ်ဆက်နေသလိုကြီး ဖြစ်သည်။ သူ့တွင် လိုင်စင်နှင့် ကိုင်သောသေနတ်ရှိသည်။ သေနတ်ဆွဲပြီးဝက်စ်ဂိတ် ဈေးဝယ်စင်တာကြီးကိုသူထွက်လာခဲ့သည်။ ရည်ရွယ်ချက်က အစ်ကိုဖြစ်သူကိုကယ်ဖို့ ယောင်ပြီးထွက်လာခြင်းဖြစ်ပေ၏။ ရဲကွန်မန်ဒိုများက အကြမ်းဖက်သမားများနှင့် အသည်းအသန်တိုက်ပွဲဖြစ်နေသည်။ မြေအောက်ယာဉ်ရပ်နားကွင်းတွင် အလောင်းများ၊ ဒဏ်ရာရသူများက မြင်မကောင်းပေ။ ရဲများက လူနာများကို ဆွဲထုတ်ရန်လာသည့် ကြက်ခြေနီများကိုလုံခြုံရေးမပေးနိုင်။ သူတို့က ရန်သူကိုရင်ဆိုင်နေရသည်။ အဗ္ဗဒူဟာဂျီနှင့် အခြားလက်နက်ကိုင်ပြီးရောက်လာသူများသည် ကြက်ခြေနီများကို သေနတ်များဖြင့် လမ်းကြောင်းရှင်းကာ ပိတ်မိနေသူရာပေါင်းများစွာကို ကယ်ထုတ်ကြသည်။ လူဖြူကလေးမလေးတစ်ဦးကိုကယ်ထုတ်နေသည့် ဟာဂျီ၏ ဓာတ်ပုံက ရိုက်တာသတင်းထောက်၏ ဓာတ်ပုံကြောင့် လူသိများသွားခဲ့သည်။ အဗ္ဗဒူဟာဂျီသည် ဆိုမာလီမွတ်ဆလင်တစ်ဦးဖြစ်သော်လည်း မှန်သည့်ဘက်ကသာရပ်တည်ကာ ကိုယ့်အသက်ကိုစွန့်ပြီး လူပေါင်းများစွာကို တိုက်ပွဲအတွင်းမှ ဆွဲထုတ်ခဲ့သည်။ အစွန်းရောက် မွတ်ဆလင်အကြမ်းဖက်သမားများရှိသည်။ ထို့အတူ ဘာသာလူမျိုးမခွဲခြားဘဲ အစွန်းရောက်လူယုတ်မာများရန်မှ ကာကွယ်သူ လူသားဆန်သူ မွတ်ဆလင်များစွာရှိပါသည်။



မြန်မာပြည်က ပင့်ကူလူသား

ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ မီးလောင်မှုဖြစ်စဉ်တွင် ကိုပြည့်ဆိုသူအမျိုးသားတစ်ဦး၏ သက်စွန့်ဆံဖျားကူညီကယ်တင်ခြင်းလုပ်ရပ်ကိုအများ ပြည်သူများက လူမှုကွန်ရက်မီဒီယာများတွင် ချီးကျူးထောမနာစကားများပြောဆိုလျက်ရှိသည်။ အဆောက်အအုံမီးများလောင်နေပြီး မီးခိုးလုံးများအူထွက်နေချိန်တွင် အထပ်မြင့် အိမ်တစ်လုံးထဲပိတ်မိနေသူအမျိုးသမီးသည် ဟစ်အော်အကူအညီတောင်းလျက်ရှိသည်။ ရှေးတိုက်အိုကြီးများ၏ ထုံးစံအတိုင်းအရေးပေါ် ဆင်းသည့် လှေကားကလည်းမရှိပေ။ မီးခိုးအူနေသောအခန်းတွင်းပိတ်မိသူအမျိုးသမီးသည် ခရီးသွားကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူဖြစ်ကာ ရုံးခန်းရှေ့လှေကားမှ ဆင်းသက်ရန် မဖြစ်နိုင်တော့ပေ။ ကိုပြည့်နွေး (ခေါ်) ကိုပြည့်ဟုအမည်ရသည့် အမျိုးသားတစ်ဦးသည် နောက်ဖေးလမ်းကြားပိုက်လိုင်းမှ သက်စွန့်ဆံဖျား တွယ်တက်သွားသည့် ဗီဒီယိုကို အိမ်နီးချင်းတစ်ဦးကရိုက်ကူးထားခဲ့သည်။ အဆိုပါ ဗီဒီယိုသည် နောက်ပိုင်းတွင် ဗြိတိန် မီဒီယာ Daily Mail သို့ရောက်ရှိသွားခဲ့ပြီး ယင်းမီဒီယာကြီးက မြန်မာပြည်မှ  Spider-Man ဟု တင်စားခဲ့သည်။ ကိုပြည့်သည် ပိတ်မိနေသောအမျိုးသမီးကို ပြတင်းပေါက်မှ ချီခေါ်သွားခဲ့ပြီး အနီးအနား အခန်းနေအများပြည်သူ၏ အကူအညီဖြင့် ကယ်တင်နိုင်ခဲ့သည်။ မီးခိုးလုံးသည် ကာဗွန်မိုနောက်ဆိုက်များဖြစ်၍ ကိုပြည့်သာအချိန်မီသွားမခေါ်ခဲ့လျှင် ပိတ်မိသူအမျိုးသမီးအတွက် အလွန်အန္တရာယ်ကြီးပေသည်။ သူရဲကောင်းတိုင်းသည် ဆူပါဟီးရိုးရုပ်ရှင်ထဲကလို အထူးဝတ်စုံများမဝတ်ထားကြပါ။ သို့သော် သူတို့အားလုံးတွင် မိမိအသက်ကိုပဓာနမထားသော ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိကြပါသည်။

F-02