News

POST TYPE

ABOUT US

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၁၁)
29-Apr-2018 tagged as

လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည်ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး၊ အားကစား ကြယ်ပွင့်မှသည် သာမန်ရထားစီးခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှုရှိပါပေသည်။ ကြုံရာကျပန်းလုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 



ဒေါ်လာတစ်သန်းပေါက်နေသည့်ထီလက်မှတ်ကို ကောက်ရခဲ့သော်

လက်ထဲကို ဒေါ်လာတစ်သန်းပေါက်နေတဲ့ Jackpot ထီလက်မှတ်လက်ထဲကို ရောက်လာပြီဆိုရင် လက်လွှတ်စွန့်လွှတ်သူ များများစားစား ရှိမယ်တော့ မထင်ပါဘူး။ သို့သော် အမေရိကန်ပြည်ထောင်စု ကန်ဆက်ပြည်နယ်က ဓာတ်ဆီဆိုင် စာရေးတစ်ယောက်ကတော့ ဒီလိုလုပ်နိုင်ခဲတဲ့အလုပ်ကို လုပ်ဆောင်ခဲ့ပါသည်။ နာမည်ထုတ်မပြောတဲ့ ဓာတ်ဆီဆိုင် စာရေးဟာ Jackpot လက်မှတ်တစ်စောင်ကို ဆိုင်ထဲမှာ ကောက်ရခဲ့ခြင်းဖြစ်သည်။ လက်မှတ်ကို ထီတိုက် ကြည့်လိုက်သောအခါ ဒေါ်လာတစ်သန်းဆုပေါက်နေတာကို တွေ့လိုက်ရ၏။ ထီလက်မှတ် Jackpot မှာ လက်မှတ်ထိုးထားတာမရှိပေ။ ဆိုလိုသည်ကား လက်မှတ်ယူလာပြီး ထီဆုကို ထုတ်လို့ရသည့် သဘောဖြစ်ပါသည်။ ဓာတ်ဆီဆိုင်စာရေးသည် ထီဆုကို သွားထုတ်ရမည့်အစား မူရင်းထီလက်မှတ်ဝယ်ခဲ့သူကို စတိုးဆိုင်တွင် သွားစုံစမ်းခဲ့ပါသည်။ ဆီဆိုင်ပိုင်ရှင်၏ သား၊ အခြားဝန်ထမ်းများ၏ အကူအညီဖြင့် စတိုးဆိုင်မှ ထီဝယ်သွားပြီး လက်မှတ်ကျကျန်ခဲ့သူနောက်ကို လိုက်ကြပါသည်။ နောက်ဆုံး သူတို့ဆုံစည်းခဲ့ကြသည်။ ထီပေါက်သူလည်း အံ့ဩမှင်တက်သွားခဲ့သည်။ ရိုးသားသူ ဆီဆိုင်စာရေးက သူ့နာမည်ကို မထုတ်ပြန်ခိုင်းခဲ့ပေ။



သမီးငယ်တို့အတွက် ပွဲတက်ဝတ်စုံ

မိန်းကလေးငယ်များသည် ကျောင်းပွဲများ၊ အခြားအခမ်းအနားများတက်ရောက်ဖို့အတွက် ဝတ်စုံလှလှလေးတွေ လိုချင်တတ်ကြသလို တစ်ခါတလေ လိုပင်လိုအပ်ပေသည်။ ငွေကြေးမတတ်နိုင်သူ ဆင်းရဲသူမိသားစုများမှ ပေါက်ဖွားလာသူ မိန်းကလေးငယ်များသည် ထိုကဲ့သို့သော အခိုက်အတန့်များတွင် သူများလို မဆင်ယင်နိုင်သောကြောင့် အားငယ်ရသည်များလည်း ရှိပါသည်။ နယူးအင်္ဂလန်နယ်မှ ဘက်တီဗီတာလီသည် အဆိုပါအခက်အခဲကို ကူညီဖြေရှင်းပေးနေသည်။ ဝတ်စုံမရှိသည့် မိန်းကလေးငယ်များ သွားရောက်ထုတ်ယူနိုင်သည်။ နတ်သမီးဝတ်စုံ၊ ပွဲတက်ဂါဝန်လှလှလေးများ အန်တီက ထုတ်ပေးလေ့ရှိသည်။ ထိုသို့ကူညီပေးနေသည့် နောက်ကွယ်တွင် ဇာတ်လမ်းတစ်ခုရှိပါသည်။ ၁၉၉၆ ခုနှစ်တွင် ဘက်တီ၏ သမီးလေး ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့သည်။ အလွန်အင်မတန်မှ ပူဆွေးသောက ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် အဆိုပါ ရင်ကွဲနာကျမှုကို အကောင်းအဖြစ်ပြောင်းလဲရန်အတွက် သူဆုံးဖြတ်ခဲ့သည်။ သူ့သမီးအရွယ် လိုအပ်နေသူ မိန်းကလေးများကို ကူညီခြင်းဖြစ်ပါသည်။ သမီးကျန်ရစ်သော ပွဲတက်ဂါဝန် ၁၇ ထည်ကို ဆင်းရဲသားမိသားစုမှ သမီးငယ်များကို လက်ဆောင်ပေးခြင်းမှစလိုက်ရာ နောက်ပိုင်းအရှိန်ရလာပြီး ပွဲတက်ဂါဝန်အထည် ၉၀၀ ကျော်အထိ သမီးငယ်များကို အလှဆင်ပေးပြီး ဖြစ်ပေသည်။ သမီးဆုံးရှုံးသွားသည့် ဘက်တီသည် သမီးပေါင်းများစွာအတွက် ဂါဝန်လေးများ ဖန်တီးလျက်ရှိသည်။



ဆင်မလေးအတွက် ခြေထောက်အတု

မြန်မာ-ထိုင်းနယ်စပ်ဘက်တွင် ပြည်တွင်းစစ်ကြောင့် မြေမြှုပ်မိုင်းများစွာရှိသည်။ မိုတာလာဆိုသော ထိုင်းနိုင်ငံမှ ဆင်မလေးတစ်ကောင်သည် ၁၉၉၉ ခုနှစ်တွင် မြေမြှုပ်မိုင်းတစ်ခုကို တက်နင်းမိသောကြောင့် ရှေ့ဘယ်ခြေပြတ်သွားခဲ့ရသည်။ ယခုအခါ အသက် ၅၀ ရှိပြီဖြစ်သော ဆင်မလေးကို ခြေတုတပ်ပေးထားလိုက်လေပြီ။ ခြေထောက်မပြတ်ခင်က မိုတာလာသည် အသက်မွေးဝမ်းကျောင်းအတွက် သစ်ဆွဲရသော ဆင်ဖြစ်သည်။ သစ်တောထဲလွှတ်ကျောင်းထားသည့် အချိန်တွင် မိုတာလာ တစ်ယောက် ခြေထောက်မိုင်းထိသွားခြင်း ဖြစ်ပါသည်။ ဆင်ပိုင်ရှင်များက သနားစရာ ဆင်မလေး၏ ခြေထောက်ကို ဆေးကုကြသော်လည်း ဒူးအောက်မှ ပြတ်ထွက်သွားသဖြင့် ပြန်မကောင်းတော့။ သို့သော် ၂၀၀၆ ခုနှစ်ရောက်သည့်အခါ ခြေတုကို အောင်မြင်စွာထုတ်လုပ်တပ်ဆင်ပေးနိုင်ခဲ့ပါသည်။ သို့သော် ယာယီခြေတုသာ ဖြစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်ရောက်သောအခါ အာရှဆင်များ၏ မိတ်ဆွေများအဖွဲ့ ဆင်ဆေးခန်းတွင် သူမကို နောက်ထပ်ပိုကောင်းသော ခြေတုတပ်ပေးနိုင်ခဲ့သည်။

သန့်ဇင်စိုး

  • TAGS