News

POST TYPE

ABOUT US

ကော်ဖီကို ဈေးကွက်အသစ် ကနေဒါသို့ ပထမဆုံး တင်ပို့မည်
23-Apr-2018
ရန်ကုန်၊ ဧပြီ ၂၃

ပြည်တွင်းထွက် အရည်အသွေးမြင့် အာရေဘီကာ (Arabica) ကော်ဖီကို ဈေးကွက်အသစ်ဖြစ်သည့် ကနေဒါနိုင်ငံသို့ ကွန်တိန်နာတစ်လုံးခန့် ပထမဆုံး တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

သြင်္ကန်မတိုင်မီကာလက ကော်ဖီစေ့ဖောက်သည်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံသို့ ကွန်တိန်နာတစ်လုံးခန့် တင်ပို့ခဲ့ပြီးနောက် ကနေဒါနိုင်ငံဘက်က ပြည်တွင်းလုပ်ငန်းရှင်များထံ ကော်ဖီစေ့ဝယ်ယူရန် ကမ်းလှမ်းခဲ့သဖြင့် လာမည့်လတွင် တင်ပို့သွားမည်ဖြစ်ကြောင်း ယင်းအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဝမ်းက ပြောကြားသည်။

“ဒီနှစ်မှာဈေးက ကျသွားတယ်၊ တက်သွားတယ်လို့တော့ မရှိဘူး။ ပုံမှန် အနေအထားပဲ။ အသင်းအနေနဲ့ကတော့ ဈေးကွက်အသစ်တွေ ရှာတယ်။ မနှစ်ကဆို ဩစတြေးလျနိုင်ငံက ကော်ဖီစေ့တွေ ဝယ်တယ်။ ဒီနှစ်ဆိုရင် ကနေဒါနိုင်ငံပေါ့။ အမေရိကန်နဲ့ တခြား အီးယူနိုင်ငံတွေကိုလည်း ဆက်တိုက် တင်ပို့သွားမှာပါ”ဟု ၎င်းကရှင်းပြသည်။

ပြည်တွင်းမှ နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၈၆၀ ခန့်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် ရရှိသော်လည်း ယင်းအနက်မှ အရည်အသွေးမြင့် ကော်ဖီစေ့မှာ တန် ၂၀၀ သာ တင်ပို့နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ကော်ဖီစေ့မှာယူသည့်နိုင်ငံ များလာသည့်အပြင် အထွက်နှုန်းလည်း နှစ်စဉ် တိုးလာသောကြောင့် ယခုနှစ်အတွင်း ပြည်ပသို့ အရည်အသွေးမြင့် ကော်ဖီစေ့ တန် ၃၀၀ နီးပါး တင်ပို့ရန် လျာထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရသည်။

လတ်တလော ပြည်ပသို့ တင်ပို့နေသည့် ကော်ဖီစေ့ တစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့် ၇၀၀၀ ကြားတွင်ရှိကြောင်း၊ ပြည်တွင်းတွက် ကော်ဖီစေ့ကို တင်ပို့နေသော်လည်း ပြည်ပမှ နှစ်စဉ် ကော်ဖီတန်ချိန် ၂၈ သန်းခန့် တင်သွင်းနေရသောကြောင့် ထုတ်လုပ်မှုများ လိုအပ်နေသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

“ဒီနှစ် ကော်ဖီရိတ်သိမ်းချိန်ဖြစ်တဲ့ ဇန်နဝါရီလောက်မှာ မိုးရွာတာတွေ ဖြစ်ခဲ့တော့ ကော်ဖီစိုက်ခင်းတွေမှာ အသီးကွဲတာ၊ ရိတ်သိမ်းချိန် နောက်ကျတာတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ဈေးကောင်းရတဲ့အတွက် ကော်ဖီစိုက်ရတာ အဆင်ပြေပါတယ်”ဟု ကော်ဖီစိုက်ပျိုးသူ ဦးငွေလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ကော်ဖီပင်ကို အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း ကော်ဖီအသင်းထံမှ သိရသည်။

J-13