News

POST TYPE

ABOUT US

ဂေါ်ရခါးစစ်သားတစ်ဦး၏ ကိုယ်ကျိုးစွန့် သူရဲကောင်းလုပ်ရပ်
22-Apr-2018 tagged as



၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပါသည်။ ဗိသျှနူး ရှာရက်စ်သာသည် မောရအိတ်စ်ပရက်စ် ရထားလိုင်းကိုစီးကာ အနောက်ဘင်ဂေါပြည်နယ်၏ သစ်တောအုပ်ရှုခင်းများကို ခံစားလျက်ရှိသည်။ အသက် ၃၅ နှစ်အရွယ် ဂေါ်ရခါးစစ်သားဟောင်းသည် အိန္ဒိယစစ်တပ်၏ ဂေါ်ရခါးတပ်တွင် တာဝန်ထမ်းဆောင်ရာမှ အနားယူပြီး နေရပ်သို့ ပြန်လာခြင်းဖြစ်သည်။ သူ့အဖေကလည်း စစ်သားပင်ဖြစ်သည်။ သွားနေသော ရထားပေါ်မှ ဘေးပတ်ဝန်းကျင်ရှုခင်းများကို ငေးမောကြည့်နေချိန် နောင်မကြာခင်ဖြစ်တော့မည့် ဖြစ်စဉ်အကြောင်း သူမတွေးမိသေးပေ။ 

ညသန်းခေါင်လောက်အချိန်တွင် ရထားက ရုတ်တရက်ကြီးရပ်သွားခဲ့သည်။ လက်နက်ကိုင်များက နေရာအနှံ့မှ ပေါ်လာခဲ့သည်။ တကယ်တော့ လက်နက်ကိုင်များသည် ခရီးသည်များအဖြစ် ဟန်ဆောင်လိုက်လာကြခြင်းဖြစ်သည်။ ဓားများ၊ တင်းပုတ်များ၊ ဓားရှည်များကိုင်ထားသူများစွာလည်း ပါသည်။ လူ ၄၀ ခန့်ရှိသော အဆိုပါ လူအုပ်သည် ခရီးသည်များ၏ ပိုက်ဆံအိတ်၊ ရတနာပစ္စည်း၊ လက်တော့၊ နာရီ အစရှိသည်တို့ကို စိတ်ရှိတိုင်း တောင်းယူတော့သည်။ 

“ကျွန်တော်အိပ်နေတုန်း ရုတ်တရက် အော်သံတွေကြားရတယ်။ လူတွေလည်း ပြေးလွှားနေတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ရဲ့အိပ်ရာခင်းစကို ဆွဲလိုက်တယ်။ ထထိုင်လိုက်တော့ လူတော်တော်များများ ကျွန်တော့်နားမှာရပ်နေပြီး ပိုက်ဆံနဲ့တန်ဖိုးကြီးပစ္စည်းတွေကို တောင်းနေတယ်။ ကျွန်တော်ဘာတွေမှန်းမသိဘဲ ရှုပ်ထွေးသွားမိတယ်။ အိန္ဒိယစစ်တပ်ထဲက ဂျာဝမ် (ခြေလျင်စစ်သား) တစ်ယောက်ဖြစ်ကြောင်း အော်ပြောလိုက်မိတယ်။ ဒုစရိုက်သမားတွေဟာ နောက်ဆုတ်သွားပြီး တခြားလူတွေရဲ့ ရတနာတွေ၊ ဖုန်းတွေစတာတွေကို လိုက်ယူနေတယ်” ဟု ဗိသျှနူးရှာရက်စ်သာက Times of India သတင်းစာကို ပြောပြသည်။ 

ရှာရက်စ်သာသည် ဓားပြများတောင်းသမျှကို အသာတကြည်ပေးလိုက်မည်ဟု စဉ်းစားခဲ့သည်။ ထို့ကြောင့် အေးအေးဆေးဆေးသာ နေလိုက်သည်။ သို့သော် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သူမ၏ မိဘများရှေ့တွင် အုပ်စုလိုက်မုဒိမ်းကျင့်မည့်ပုံစံမျိုး လုပ်လာသောအခါမှာတော့ သူဘယ်မှာ ကြည့်နေနိုင်တော့မည်နည်း။ ဂေါ်ရခါးသွေးများ ဆူပွက်လာခဲ့လေပြီ။ သူ့ဂေါ်ရခါးဓားကောက်ကို အိတ်ထဲမှထုတ်လိုက်ပြီး တကယ့်ဂေါ်ရခါးစစ်သားတစ်ယောက်၏ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် တိုက်ခိုက်ပေတော့သည်။ ကောင်မလေးကို မုဒိမ်းကျင့်မည့်အကောင်ကို ရအောင်ယူသည်။ ထိုသူကို လူသားဒိုင်းအဖြစ်သုံးကာ ကျန်သည့်ဓားပြ အယောက် ၄၀ ကို တရစပ်တိုက်ပေတော့သည်။ ထိုတိုက်ပွဲသည် ခဏလေးဖြစ်ခဲ့သော်လည်း အလွန်ပြင်းထန်ပါသည်။ ခိုးသားဓားပြသုံးယောက်ကို အသေသတ်ခဲ့သည်။ ရှစ်ယောက်က သေကောင်ပေါင်းလဲပြင်းထန်စွာ ဒဏ်ရာရသွားသည်။ ကျန်ဓားပြများ ထွက်ပြေးသွားကြသည်။ ထိုဖြစ်ရပ်ပြီးသည့်အခါ ဗိသျှနူးရှာရက်စ်သာ၏ ဘယ်ဘက်လက်ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာက ပြင်းနေသည့်တိုင် ခရီးသည်များ မလုံခြုံမချင်း တိုက်ခိုက်မှုကို မရပ်သေးပေ။ ဖြစ်စဉ်သည် မိနစ် ၂၀ သာ ကြာလိုက်ပါသည်။ ရဲများနှင့် အရေးပေါ်ဆေးလုပ်သားများက နောက်ဘူတာတွင် စောင့်နေကြသည်။ ရှာရက်စ်သာကို ချက်ချင်း ဆေးရုံခေါ်သွားကြသည်။ သက်သာဖို့အတွက် နှစ်လကြာအောင် ဆေးရုံတက်လိုက်ရသည်။ ရူပီးလေးသိန်းဖိုး ငွေများ၊ ဆွဲကြိုးများ၊ ဖုန်းများ၊ လက်တော့များ စသည့်သက်သေများနှင့်အတူ သူခိုးဓားပြများကိုလည်း ရဲက မိလိုက်ပါသည်။ 

ရှာရက်စ်သာသည် ၎င်း၏ သတ္တိအတွက် ဆုတံဆိပ်နှစ်ခုရခဲ့သည်။ ငွေနားကွပ်ဂေါ်ရခါး ဓားကောက်လည်းပါသည်။ ဂေါ်ရခါးတိုင်းရင်းသားတို့ မြတ်နိုးဂုဏ်ယူသည့် အဆောင်အယောင်ဖြစ်သည်။ ဓားပြများကို အသေမိသည့်အတွက်၊ အရှင်မိသည့်အတွက် ဆုငွေရူပီး ငါးသောင်းလည်းပါဝင်သည်။ ကောင်မလေးမိသားစုက ချီးမြှင့်သော ငွေကြေးကိုတော့ သူလက်မခံခဲ့ပါ။ “တိုက်ပွဲမှာ ရန်သူကို ရင်ဆိုင်ရတာ စစ်သားတစ်ယောက်ရဲ့တာဝန်ပါ။ ရထားပေါ်က သူခိုးဓားပြယုတ်တွေကို ရင်ဆိုင်ရတာတော့ လူသားတစ်ယောက်ရဲ့တာဝန်ပါ” ဟု ရှာရက်စ်သာက ပြောကြားခဲ့သည်။ ဗိသျှနူးရှာရက်စ်သာသည် သူရဲကောင်းစစ်စစ်တစ်ဦးဖြစ်ပြီး စစ်မှန်သော ဂေါ်ရခါးစစ်သားတစ်ဦး၏ သတ္တိသွေးကို ပြခဲ့ခြင်းဖြစ်သည်။ 

အမျိုးသမီးများအတွက် မလုံခြုံပါဘူးဆိုသော အိန္ဒိယအစွန်အဖျားဒေသများတွင် အမျိုးသမီးတစ်ဦး၏ အရှက်အတွက်၊ အသက်အန္တရာယ်အတွက် မိမိအသက်ကိုပင် စတေးဝံ့သော တစ်စိမ်းယောက်ျားသားများ ရှိနေသေးသည်ဆိုသည့် ပြယုဂ်ကိုလည်း သက်သေထူခဲ့ခြင်းဖြစ်သည်။ လူ ၄၀ လောက်ကို ခံချလျှင် မုချမိမိသေမည်ကို ဓားကောက်ကိုင်စစ်သည်တော် သိပါသည်။ သို့သော် မလျှော့သောသတ္တိဖြင့် မတရားမှုကို ထိုင်မကြည့်ခဲ့ဘဲ ပြန်လည်တိုက်ခိုက်တွန်းလှန်ခဲ့သည်။ သူ့သတ္တိကြောင့် အုပ်စုလိုက်ကျယ်သော ခွေးအလိုသတ္တဝါများ ထွက်ပြေးတိမ်းရှောင်ရပေတော့သည်။ ချီးကျူးဖွယ်ဖြစ်ပါသည်။

သန့်ဇင်စိုး

  • TAGS