News

POST TYPE

ABOUT US

ဓာတ်ခွဲခန်းထဲက ဆူပါမင်း သို့မဟုတ် ဗင်နီဇွဲလားက ဆေးသိပ္ပံဆရာဝန်ကြီး
18-Sep-2016

ဆရာဝန်ကြီးသည် နောက်ဆုံး သူ၏ သုတေသနစာတမ်းကို အသက် ၁၀၀ ပြည့်ခါနီးတွင် ရေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘဝတစ်လျှောက်လုံး လူသားများကို ကူညီဖို့ ကျန်းမာရေးအတွက် အဓိက ကုထုံးတွေကို ရှာဖွေဖို့ရာပဲ မြှုပ်နှံထားခဲ့သည်။ တစ်သက်လုံး အခကြေးငွေယူပြီး တစ်ခါမှ ဆေးမကုဖူးခဲ့ပါဟု သူ့အကြောင်း ရေးကြသော ဆောင်းပါးများက ဖော်ပြနေသည်။ သူ့အမည်ကား ဂျာဆင်တိုကွန်ဗစ် ဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံသား ဖြစ်၏။ ဆေးသိပ္ပံပညာရပ်ဖြင့် နိုဘယ်လ်ဆု ဆန်ခါတင်ထဲ ပါဖူးသည်။ ထိုကိစ္စများထက် ဂုဏ်ယူစရာကိစ္စ တစ်ခုကား ကမ္ဘာပေါ်တွင် ယခု ဆေးနိုင်သွားပြီ ဖြစ်သော ကုဋ္ဌနူနာ အနာကြီးရောဂါ လက်ပရိုစီ ပျောက်ဆေးကို တီထွင်ထုတ်လုပ်ခဲ့ရာတွင် သူ့သုတေသန တွေ့ရှိချက်များက အလွန်ကျေးဇူးများခဲ့ပါသည်။ မမောနိုင် မပန်းနိုင် အသက် ၁၀၀ အထိ လူသားမျိုးနွယ် ကောင်းကျိုးလုပ်သွားလိုက်ပုံများ မဟာလူသား ဆူပါမင်း အလား။

အမည်ရင်းမှာ ဂျာဆင်တိုကွန်ဗစ်ဂါစီယာ ဖြစ်သည်။ ၁၉၁၃ ခုနှစ် စက်တင်ဘာလတွင် မွေးဖွားခဲ့ပြီး ၂၀၁၄ တွင် ကွယ်လွန်သွားခဲ့လေရာ အသက်တစ်ရာကျော် နေခဲ့ရသည်ဟု ဆိုရပေမည်။ လက်ပရိုစီ အနာကြီးပျောက်ဆေးကို ဖော်ထုတ်ခဲ့သူတစ်ဦးအဖြစ် ကျော်ကြားသလို ကင်ဆာကုထုံး ပေါ်အောင် မနေမနား လေ့လာနေသော သူ့စာတမ်းများကြောင့်လည်း နာမည်ကြီးပါသည်။ ဗင်နီဇွဲလား ဇီဝဆေးဝါး အမျိုးသားအင်စတီကျုကို တည်ထောင်ရာမှာလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် လက်ပရိုစီ တိုက်ဖျက်ရေး ထိုးဆေးဖော်ထုတ်ခြင်းကြောင့် နိုဘယ်လ်ဆေးပညာဆု ပေးခံရရန် ဆန်ခါတင် ရွေးချယ်ခံရသည်။

ကတ်တလန်သား အဖြစ်မှသည် ဗင်နီဇွဲလား နိုင်ငံသား ဖြစ်လာသော ဖခင်ဖြစ်သူမှ မွေးဖွားလာခြင်း ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်မြို့ရှိ ကျောင်းတွင် ပညာသင်ယူပြီး ဗင်နီဇွဲလားဆေးကျောင်းကို ၁၉၃၂ ခုနှစ်တွင် တက်ရောက်ခဲ့သည်။ တက်ရခြင်း အကြောင်းရင်းမှာ ထိုစဉ်က ဆေးမရှိဘဲ ပြည်သူများ လည်စင်းခံနေရသော အနာကြီးရောဂါကို တိုက်ဖျက်လိုသောစိတ်က အဓိက စေ့ဆော်သည်။ ၁၉၃၈ ခုနှစ်တွင် ဆေးသိပ္ပံပညာ ဘွဲ့ရပြီး ဘာသာများစွာတွင် ထူးချွန်ဂုဏ်ထူးများလည်း ရခဲ့သည်။ ၁၉၄၀ မှာပဲ ဆေးကျောင်းတွင် ဆရာပြန်လုပ်သည်။ အရေပြား ရောဂါကုသရေး ဆေးရုံကြီး၏ အကြီးအကဲ ဖြစ်လာသည်။ အမေရိကန် အရေပြားရောဂါဆိုင်ရာ ဌာနက ဗင်နီဇွဲလား ဆရာဝန်ကြီး၏ သုတေသနများ၊ ကုသစောင့်ရှောက်မှုများကို အသိအမှတ်ပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆရာဝန်ကြီးသည် ဗင်နီဇွဲလား အစိုးရ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ အမျိုးသား အရေပြားအထူးကုဌာနကို ဦးဆောင်ပြီး တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် မစ္စတာ ဂျာဆင်တိုကွန်ဗစ်သည် နိုင်ငံတကာ အနာကြီးရောဂါ ကုသရေး အသင်းကြီး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ WHO ၏ အနာကြီးရောဂါ တိုက်ဖျက်ရေး ဌာနတွင်လည်း ဒါရိုက်တာ ဖြစ်လာခဲ့သည်။ နိုင်ငံတကာ အနာကြီးရောဂါ ကုသရေးဆိုင်ရာ ဆေးပညာဂျာနယ်၏ ဂုဏ်ထူးဆောင် ပါမောက္ခလည်း ဖြစ်ပါသည်။ သူစမ်းသပ်ခဲ့သော နည်းလမ်းများဖြင့် နောက်ပိုင်း အနာကြီးရောဂါ ထိုးဆေး ပေါ်လာပါတော့သည်။ အခြားအမေရိကန် အပူပိုင်းရောဂါများ ပျောက်ဆေးကိုလည်း သမားတော်ကြီးက ဓာတ်ခွဲခန်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီး စူးစမ်းရှာဖွေ ထုတ်ပြန်ခဲ့မှုများ ပြုလုပ်ပါသည်။ ၂၀၁၀ တုန်းက ဒေါက်တာဂျာဆင်တိုကွန်ဗစ်၏ သုတေသနအဖွဲ့က ကင်ဆာဆေးတွေ့ပြီဟု မှားယွင်းသတင်း ထွက်လိုက်သေးသည်။ ဗင်နီဇွဲလား ဇီဝဆေးပညာ အင်စတီကျုက ချက်ချင်းပြန်ရှင်းသည်။ သူတို့တွင် ကင်ဆာဆေးဟူ၍ မထုတ်နိုင်သေးဘဲ စမ်းသပ်လေ့လာမှုများ ပြုလုပ်နေဆဲသာဖြစ်ကြောင်း ပြောခဲ့ပါသည်။

ပါမောက္ခ ဂျာဆင်တိုသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အသက်တစ်ရာ ပြည့်သွားခဲ့သည်။ အသက်တစ်ရာတန်း ရောက်သွားပေသော်ငြား ဓာတ်ခွဲခန်းထဲ လာတုန်းဖြစ်သည်။ နောက်ဆုံး လေ့လာခဲ့သည့် စာတမ်းကို သူအသက်တစ်ရာပြည့်သည့် မွေးနေ့တွင် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ဘဝတစ်လျှောက်လုံး အခကြေးငွေယူပြီး ဆေးတစ်ခါမှ မကုသပေးခဲ့ဖူးသည့် ဆရာဝန်အဖြစ်လည်း လူသိများခဲ့ပြန်ပါသေးသည်။

အနာကြီးရောဂါသည် ကူးစက်တတ်သော ပြင်းထန်သည့် အရေပြားရောဂါတစ်မျိုး ဖြစ်ကာ အရေပြားဆဲလ်များကို ပုံစံပျက်သွားစေနိုင်သည့် သဘောရှိပါသည်။ ထို့နောက် လက်မောင်းနှင့် ခြေထောက်များရှိ အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး နာကျင်မှု သိမှုကို မခံစားရသည့်အထိ နောက်ဆက်တွဲ ဖြစ်သွားနိုင်ပါသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခြင်း၊ မသန်စွမ်း ဖြစ်သွားခြင်းတို့လည်း အတိတ်တွင် ထိုရောဂါ၏ နောက်ဆက်တွဲအဖြစ် ခံစားခဲ့ရသူ များစွာ ရှိပါသည်။ ထို့ပြင် ထိုရောဂါသည် ကူးစက်တတ်ပြီး ကုသရန် မဖြစ်နိုင်ဟု ယူဆခဲ့ရသော အချိန်များအတွင်း ဝေဒနာသည်များကို ဖယ်ရှားဆက်ဆံခြင်းများ ပြုလုပ်လာပြီး၊ ဝေဒနာသည်များကလည်း လူတောမတိုးတော့ဘဲ ကျိတ်ကုသမှုများသာ ပြုလုပ်လာပေတော့သည်။ ထိုဝေဒနာသည်များအတွက် ဆေးဝါးကို တီထွင်ထုတ်လုပ်နိုင်စေရေး အားထုတ်အကျိုးပြုခဲ့သူ ဖြစ်သည့်အတွက် လူသားမျိုးနွယ်က ၎င်းကို ကျေးဇူးတင်ရှိနေပေမည်။ “နိုဘယ်လ်ဆုနဲ့ လွဲချော်သွားလို့ ကျွန်တော် အိပ်ရေးတောင်မှ မပျက်ပါဘူး။ ကင်ဆာပျောက်ဆေးကို ရှာဖွေဖို့ရာမှာတော့ မအိပ်ရလည်း ပြဿနာ မရှိပါဘူး” ဟု ၎င်းက ဆိုပါသည်။

သန့်ဇင်စိုး         

ABOUT AUTHOR

(သန့်ဇင်စိုး)