News

POST TYPE

ABOUT US

မကွေးမြို့အနီး လေပြင်းတိုက်၊ အိမ် ၁၄၀ ကျော် ပျက်စီး
03-Apr-2018


မကွေး၊ ဧပြီ ၂

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ကြာကန်ကျေးရွာအုပ်စုအတွင်း၌ ဧပြီလ ၁ ရက်နေ့ ညပိုင်းက လေကြမ်းများ တိုက်ခတ်ပြီး မိုးသီးမိုးပေါက်များကျဆင်းခဲ့မှုကြောင့် အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ထိုသို့ လေကြမ်းများတိုက်ခတ်ခဲ့မှုကြောင့် ကြာကန်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၆ ရွာရှိ အိမ်ခြေ ၁၄၀ ကျော် ပျက်စီးခဲ့သဖြင့် လူဦးရေ ၆၅၀ ကျော် နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ မကွေးတိုင်း စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

“အချိန်အခါမဲ့မိုးက သဲကြီးမဲကြီးရွာချတော့ ကျွန်တော်တို့ ကြက်တွေကို အောက်ချထားတာဆိုတော့ ညတွင်းချင်း ရေတွေအများကြီးဝင်လာတာကြောင့် အသည်းအသန် ရေတွေခတ်ထုတ်ရတယ်” ဟု ကြာကန်ရွာမှ ကြက်ခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများကို ဆုံးရှုံးမှုတန်ဖိုးအလိုက် ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ပြိုကျပျက်စီးသည့် အိမ်တစ်အိမ်လျှင် ကျပ်တစ်သိန်း၊ အမိုးလန်ပျက်စီးသည့် အိမ်တစ်အိမ်လျှင် ကျပ်ခြောက်သောင်းနှင့် အနည်းငယ်သာ ပျက်စီးသည့် အိမ်တစ်အိမ်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်သိန်း ၉၀ ကျော် ထောက်ပံ့ခဲ့သည့်အပြင် တစ်ပတ်စာ စားသုံးရန် ဆန်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။

“ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းနဲ့ လှူရတာပါ။ ပြင်ပအလှူရှင်တွေအနေနဲ့ လာရောက်ထောက်ပံ့ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အိမ်တစ်လုံးပျက်သွားတာကို တစ်သိန်းပဲလှူတာကလည်း စည်းမျဉ်းစည်းကမ်းအရလှူရလို့ နည်းတာပေါ့။ အဖွဲ့အစည်းတွေက လှူမယ်ဆိုရင်လည်း လှူလို့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

လွင်အေး