News

POST TYPE

ABOUT US

ဘာသာရေးပဋိပက္ခအတွင်း မွတ်ဆလင် ၁၁ ဦး၏အသက်ကို ကယ်ခဲ့သည့် ဟိန္ဒူအမျိုးသမီး
01-Apr-2018



သျှရီဒေဗီဟု အမည်ရသော မိခင်အမျိုးသမီးကြီးတစ်ဦးသည် ဟိန္ဒူအမျိုးသမီး သာမန်ကျေးတောသူ တစ်ဦးဖြစ်သည်။ သို့သော် သူမ၏ သာမန်မဟုတ်သော စွန့်လွှတ်စွန့်စားမှု မေတ္တာတရားကြောင့် လူ့အသက် ၁၁ ချောင်းကို ကယ်တင်နိုင်ခဲ့ပြီးနောက် အိန္ဒိယတစ်လွှား သူ့နာမည်ထင်ရှားသွားခဲ့ပေသည်။ ဟိန္ဒူများနှင့် မွတ်ဆလင်များတို့အကြား မကြာခဏ သွေးထွက်သံယို လူသတ်အဓိကရုဏ်းများဖြစ်တတ် ပေရာ အချို့အဓိကရုဏ်းများတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရပ်ရွာတစ်ခုထဲကိုဝင်လာပြီး အိမ်များကို မီးရှို့ခြင်း၊ လူအများကို ဆွဲထုတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိတတ်သည်။ သျှရီဒေဗီတို့ရွာတွင် အလားတူ ကြမ္မာဆိုးတစ်ခုဖြစ်ခဲ့ပါသည်။ လူငယ်တစ်ဦး အသတ်ခံရခြင်းကြောင့် ဒေါသထွက်နေသော ဟိန္ဒူလူအုပ်ကြီးက ရွာထဲက မွတ်ဆလင်များကို သတ်ဖြတ်လက်စားချေရန် ဝင်လာချိန်တွင် အိမ်နီးချင်း မွတ်ဆလင် ၁၁ ယောက်ကို သူမ၏ အိမ်သေးလေးထဲထည့်ကာ တံခါးပိတ်ဝှက်ထားပေးခဲ့သည့် ရဲရင့်သော မေတ္တာတရားကို ပြခဲ့သည့် အိမ်နီးချင်း ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ 



အဂျစ်ဇ်ပူရရွာတွင်ဖြစ်ခဲ့သော အဆိုပါ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းအတွင်း သူမ၏ ဘာသာမတူလင့်ကစား ရဲဝံ့စွာ ကူညီကယ်တင်ခဲ့မှုကြောင့် ဘီဟာပြည်နယ်ဝန်ကြီးချုပ် ဂျီတန်ရမ်မာနီဂျီက ရာနီလက်ခ်ျမီးဘိုင်ဆုကို ပေးအပ်ခဲ့ပါတယ်။ သူမ၏ ကိုယ်ကျိုးမဖက်သော ကူညီမှုကို အသိအမှတ်ပြုသည့်အနေနှင့် ထောက်ပံ့ငွေများလည်း ပြည်နယ်အစိုးရက ပေးအပ်ခဲ့ပါသည်။ အဓိကရုဏ်းအတွင်း လူ ၄ ဦးသေဆုံးခဲ့သည်။ အကယ်၍ သူမသာ ဝင်ရောက်ကယ်တင်ကူညီခြင်း မပြုခဲ့ပါလျှင် သေဆုံးသူအရေအတွက်က ဒီထက်များနိုင်ပါသည်။ ဟိန္ဒူလူငယ် တစ်ဦး၏အလောင်းကိုတွေ့ရှိရပြီးနောက် ရွာနီးချုပ်စပ်မှ ဟိန္ဒူများ ဒေါသပေါက်ကွဲကာ ရွာထဲက မွတ်ဆလင်များကို လိုက်လံရှင်းလင်းသတ်ဖြတ်ခြင်း အဖြစ်ဆိုးကို အဂျစ်ဇ်ပူရရွာကလေး ကြုံခဲ့ရခြင်း ဖြစ်ပါသည်။ 

“ကျွန်မ အိမ်တံခါးကို ပိတ်ထားလိုက်ပြီး အိမ်ရှေ့မှာ သမီးနှစ်ယောက်နဲ့ ထိုင်နေခဲ့တယ်။ လူအုပ်ကြီး ရောက်လာပြီး မေးတဲ့အခါ ဘယ်သူမှ မတွေ့မိဘူးလို့ ညာပြောရတာပေါ့” ဟု အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးက ပြောကြားသည်။ သူမ လိမ်ညာပြောခဲ့သည်ကို သိသွားပါက သူမပင်လျှင် မိမိအမျိုးကို သစ္စာဖောက်သူအဖြစ် စွပ်စွဲခံရနိုင်ပြီး သူ့အသက်လည်း စိတ်မချရသော အခြေအနေဖြစ်ပေတော့သည်။ သူမရဲ့ တဲနန်းဂေဟာထဲကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ရောက်ရှာဖွေခြင်းကို လက်မခံခဲ့ပေ။ “ကျွန်မနဲ့ နေ့တိုင်းထိတွေ့ သိကျွမ်းနေတဲ့ အိမ်နီးချင်းတွေကို မီးပုံထဲရောက်သွားအောင် ကျွန်မဘယ်လို လက်ပိုက်ကြည့်နိုင်ပါ့မလဲ။ ဒါနဲ့ ကျွန်မလည်း သူတို့ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” ဟု အန်တီဒေဗီက ထိုစဉ်က ကြုံခဲ့ရသည့် အခက်အခဲကို ပြန်ပြောင်းပြောပြသည်။ 

သျှရီဒေဗီသည် လွန်ခဲ့သည့် ငါးနှစ်လောက်ကတည်းက ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသူဖြစ်သည်။ နေ့စားကြုံရာကျပန်း အလုပ်များလုပ်ကာ သမီးနှစ်ယောက်ကို ပြုစုပေးနေသူဖြစ်သည်။ အနီတာ ၁၄ နှစ် နှင့် ဆန်ဂီတာ ၁၃ နှစ်တို့နှင့်အတူ ကျေးတောသူ မိခင်တစ်ဦးအဖြစ် ရပ်တည်ပြုစုကျွေးမွေးနေသည့် သာမန်မိခင်တစ်ဦးသာဖြစ်ပါသည်။ သို့သော် သူမ၏ လူသားချင်းအပေါ် ရပ်တည်ကာကွယ်ပေးခဲ့မှုက သာမန်မဟုတ်ပါပေ။ လူတိုင်းလုပ်နိုင်ခဲသည့် သတ္တိမျိုး ဖြစ်ပါသည်။ ပဋိပက္ခဖြစ်ရာဒေသကို ပြည်နယ်ဝန်ကြီးချုပ်ဆင်းလာပြီး လာစစ်သောအခါ သျှရီဒေဗီ၏ သတ္တိနှင့် မေတ္တာကို သိရှိသွားခဲ့သည်။ ဝန်ကြီးမာနီဂျီသည် သူမ၏ လုပ်ရပ်ကို အိန္ဒိယအမျိုးသမီးသူရဲကောင်း ရာနီလက်ခ်ျမီးဘိုင်၏ စွန့်လွှတ်စွန့်စားမှုနှင့် ခိုင်းနှိုင်းကာ ချီးကျူးခဲ့ပါသည်။ “သျှရီဒေဗီဟာ အင်မတန်မှ ချီးကျူးလောက်ပါပေတယ်။ ရာနီလက်ခ်ျမီးဘိုင်လို သတ္တိမျိုးပြသခဲ့ပြီးတော့ လူ့အသက်တွေကို ကယ်တင်ခဲ့ပါတယ်။ သူမဟာ လူ့အဖွဲ့အစည်းရဲ့ စံပြတစ်ယောက်ဖြစ်ပြီး ဦးညွှတ်အလေးပြုထိုက်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ သူမ၏ အိမ်ကလေးကို ပြင်ပေးရန် ဝန်ကြီးချုပ်ကိုယ်တိုင် ညွှန်ကြားစီမံပေးခဲ့သည်။ 

လူ့အဖွဲ့အစည်းအတွင်းဝယ် မတူညီမှုပေါ်ကို အခြေခံသတ်မှတ်သော ပဋိပက္ခများ နေရာအနှံ့ ဖြစ်ပွားတတ်ကြသည်။ အကွဲအပြဲကြီးသော လူ့အဖွဲ့အစည်းမျိုးတွင် ရာဇဝတ်မှုတစ်ခုကြောင့်လည်း မဆိုင်သူများကိုပါ သတ်ဖြတ်ရှင်းလင်းမောင်းထုတ်တတ်သော အဓိကရုဏ်းများ ဖြစ်တတ်ကြပါသည်။ ပဋိပက္ခတစ်ခုကို အဓိက မောင်းနှင်နေသော အရာသုံးခုရှိပါသည်။ လူထု၏ စိတ်နေသဘောထား၊ ပဋိပက္ခဖြစ်စေသော မကျေနပ်မပြည့်ဝမှုများနှင့် တုံ့ပြန်သော လုပ်ရပ်များဟူ၍ဖြစ်သည်။ ထိုသုံးခုကို ပြောင်းလဲပြင်ဆင်နိုင်မှု ပဋိပက္ခငြိမ်းအေးကာ ငြိမ်းချမ်းရေးရပေလိမ့်မည်။ သျှရီဒေဗီ၏ လုပ်ရပ်သည် လူထု၏ ရန်ပွဲအပေါ် ထားရှိသည့်အမြင်ကို ပြောင်းသွားစေနိုင်ပါသည်။ မီဒီယာများသည် ပဋိပက္ခများအကြောင်းကို ဖော်ပြသည့်အခါ မည်မျှသေသည်၊ မည်မျှပျက်စီးသည်တို့ကို အာရုံစိုက်သကဲ့သို့ ယင်းသို့ လူသားဆန်မှု ပြသခြင်းများကိုလည်း နားလည်လက်ခံသိရှိလာစေရန်အတွက် ဖော်ပြအသားပေးသင့်ပေသည်။

သန့်ဇင်စိုး