News

POST TYPE

ABOUT US

လှည်းကလေးနဲ့ ကျောင်းဆရာ
18-Mar-2018 tagged as



၂၀၁၀ ခုနှစ်က အီဖရန်ပီနာဖလိုရီဒါတစ်ယောက် ဟောလိဝုဒ်အကျော်အမော်တွေတက်တဲ့ CNN Heroes ညစာစားပွဲကိုသွားတက်တော့ ဖိလစ်ပိုင်က လူအတော်များများ သူ့ကိုမသိကြပေ။ အဆိုပါနှစ်၏ CNN သတင်းဌာနကပေးသော သူရဲကောင်းဆုကို ရခဲ့ပြီးနောက်တွင်တော့ လေဆိပ်အထိ ပြည်သူရာကျော်လာကြိုကြသည်။ “ကိုယ့်နိုင်ငံလည်း ပြန်ရောက်ရော ကျွန်တော်က ဆူပါစတားဖြစ်နေပါလေရော”ဟု ၎င်းက ပြောကြားသည်။ ပီနာဖလိုရီဒါသည် လက်တွန်းလှည်းစာသင်ခန်းများကိုဖန်တီးကာ စာအုပ်များ၊ သင်ထောက်ကူများတင်ပြီး လှည့်လည်သွားလာကူညီပေးခဲ့သဖြင့် ထိုဆုကိုရရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်မှစတင်ကာ ပီနာဖလိုရီဒါနှင့် စေတနာ့ဝန်ထမ်း ဆယ်ကျော်သက်များစွာတို့က အဆိုပါ လက်တွန်းလှည်းများဖြင့် လှည့်လည်ကာ လမ်းပေါ်ကလေးများစွာကို စာရေး၊ စာဖတ်တတ်အောင် လိုက်လံစာသင်ကြားပေးခဲ့ပေသည်။

“ဒီဆုရရှိလိုက်တာ အကျိုးရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်တွေအတွက် လုပ်ရကျိုးနပ်တယ်လို့ ခံစားရစေပါတယ်”ဟု ယခုအခါ အသက် ၃၇ ထဲ ရောက်နေပြီဖြစ်သော ပီနာဖလိုရီဒါကဆိုသည်။ ဖိလစ်ပိုင်အစိုးရကလည်း အရပ်သားများကိုပေးသည့် အမြင့်ဆုံးဆုဖြစ်သော လာကန်ဒူလာဆုကို ပေးအပ်ခဲ့သည်။ ထိုဆုက ပြည်သူများအတွက် အသက်အိုးအိမ် လူမှုဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက်ကြသူများကို ရည်ရွယ်ပေးအပ်သောဆုဖြစ်ပါသည်။ “ဆုကို ကျွန်တော်ကလက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဂုဏ်ပြုမှုကိုတော့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတဲ့ ကလေးတွေနဲ့ မျှဝေခံစားပါတယ်”ဟု ၎င်းက ဆိုသည်။ သမ္မတ၏ ညွှန်ကြားမှုဖြင့် ပီနာဖလိုရီဒါ၏ လက်တွန်းလှည်း စာသင်ခန်းလေးများကို တစ်နိုင်ငံလုံးဖွင့်နိုင်ရန် အစိုးရကလည်း ပါဝင်ကူညီပေတော့သည်။ 

အစိုးရနှင့် ပူးပေါင်းခဲ့ပြီးနောက် ပီနာဖလိုရီဒါ၏ အကြံပေးမှုနှင့်အတူ လက်တွန်းလှည်းစာသင်ခန်း အဖွဲ့အစည်းဖြစ်သော Dynamic Teen Company က အဆငါးဆယ်ခန့် ပိုကြီးသွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတစ်လွှားကို လွှမ်းခြုံသွားနိုင်ခဲ့သည်။ အစိုးရသစ် တက်လာသောအချိန်တွင်လည်း ရွေ့လျားစာသင်ခန်းစနစ်ကို ထပ်ချဲ့ရန် ဆောင်ရွက်နေသည်ဟု ပီနာဖလိုရီဒါက ပြောပြသည်။ “လက်တွန်းလှည်း စာသင်ခန်းစနစ်ကို ပြည်နယ်အတော်များများမှာ တိုးချဲ့မှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက စာတွေလည်း လက်ခံရရှိပါတယ်”ဟု ပီနာဖလိုရီဒါက ပြောကြားသည်။ 

“ကလေးတွေကို ပညာသင်ပေးဖို့၊ ကျွေးမွေးဖို့၊ စောင့်ရှောက်ဖို့အတွက် ဖိလစ်ပိုင်ပြည်သူတွေက ပိုသိလာကြပါပြီ။ အရင်တုန်းက လက်တွန်းလှည်းဆိုတာ ဆင်းရဲနွမ်းပါးခြင်းရဲ့ သင်္ကေတပါ။ ယခုအခါမှာတော့ လက်တွန်းလှည်းဆိုတာ မျှော်လင့်ချက်၊ ပညာရေးတို့ရဲ့ သင်္ကေတဖြစ်လာပါပြီ”ဟု ၎င်းက ပြောကြားသည်။ 



CNN သူရဲကောင်းဆုမှ ရရှိသော ဒေါ်လာတစ်သိန်းနှစ်သောင်းငါးထောင်၏ အစိတ်အပိုင်းများကို ကာဗိုက်မြို့တွင် DTC ပညာရေးစင်တာ၏ လက်တွန်းလှည်းများ ထုတ်လုပ်တပ်ဆင်ရာအဖြစ် ပြင်ဆင်ထားသည်။ ကွန်ပျူတာသင်ခန်း၊ စာကြည့်တိုက်၊ ကျန်းမာရေးဆေးခန်း၊ မီးဖိုချောင်၊ တွန်းလှည်းများ သိမ်းဆည်းရာဂိုဒေါင်တို့အဖြစ် တည်ဆောက်ထားပါသည်။ “ကျွန်တော်တို့က ကလေးငယ်တွေ လေ့လာသင်ယူရေးစင်တာအဖြစ်ခေါ်ဆိုပြီး ကလေးတွေဟာ သူတို့အခွင့်အရေးကို ပြည့်ဝစွာရရှိနိုင်ပြီး ဘဝမြင့်မားရေးနည်းနာတွေကို သင်ယူနိုင်ပါတယ်”ဟု ပီနာဖလိုရီဒါက ပြောကြားခဲ့သည်။ မကြာခင်မှာပင် အဆိုပါစင်တာတည်ဆောက်မှုပြီးသွားခဲ့ပြီး ရာပေါင်းများစွာသော ကလေးများအတွက် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပေသည်။

တကယ်တော့ ပီနာဖလိုရီဒါကိုယ်တိုင် ထိုသို့ လမ်းပျော်ကလေးဘဝက လာခဲ့ရခြင်းဖြစ်သည်။ အမှိုက်ပုံနားက တဲစုနားမှာ နေထိုင်ခဲ့ရခြင်းဖြစ်သည်။ လမ်းပျော်ကလေးများမှသည် ကြီးလာသော် ဒုစရိုက်ဂိုဏ်းများထဲ မရောက်သွားစေရန်အတွက် သူကိုယ်တိုင် လူငယ်စေတနာ့ဝန်ထမ်းများကို စုစည်းခဲ့ပြီး လက်တွန်းလှည်းပညာရေးအစီအစဉ်လေးကို စတင်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော့်ကို တခြားသူတွေက ကူညီကြတဲ့အတိုင်း ကျွန်တော်က ပြန်ပြီးကူညီပေးတဲ့ သဘောပဲဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်တွင် အခြားသူများကို ကူညီပေးနေကြသူများအကြောင်းကိုတင်ဆက်သည့် “I, Myself” ရုပ်သံအစီအစဉ်တစ်ခုတွင်လည်း ပီနာဖလိုရီဒါ ပါဝင်တင်ဆက်ပေးနေသည်။ 

လှည်းကလေးတွန်းပြီး လမ်းဘေးကလေးများကို စာလိုက်သင်ပေးနေခြင်းမှသည် နိုင်ငံတော်အဆင့် လမ်းပျော်ကလေးသင် ပညာရေးအဖွဲ့အစည်းဖြစ်အောင် ပီနာဖလိုရီဒါတစ်ယောက် လုပ်ပြနိုင်ခဲ့သည်။ တစ်ဆင့်ချင်းဆောင်ရွက်ပြခဲ့ခြင်းဖြစ်သည်။ အဆင့်တိုင်းတွင် ဇွဲ၊ လုံ့လ၊ ဉာဏ်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အနစ်နာခံမှုများပါဝင်ပါသည်။ ယခုအခါ လက်တွန်းလှည်း စာသင်ခန်းလေးများသည် ဆင်းရဲသား ရပ်ကွက်များအတွင်းသို့ လှည့်ပတ်ဝင်ရောက်ရင်း ကျောင်းမရောက်သည့် ကလေးများကို ပညာသင်ပေးလျက်ရှိသည်။

သန့်ဇင်စိုး

  • TAGS