POST TYPE

ABOUT US

ချစ်ခြင်းမေတ္တာပင်မင်း (သို့မဟုတ်) နွမ်းပါးသူများအတွက် အဝတ်လျှော်ဆိုင်ဝန်ဆောင်မှု
11-Mar-2018



ကမ္ဘာပေါ်မှာ အထင်ရှားဆုံးသူတစ်ဦးအမည်နဲ့ ဖွင့်ထားတဲ့ အဝတ်လျှော်ဆိုင်သစ်အကြောင်း ဖောက်သည်ချချင်ပါတယ်။ ဆိုင်နာမည်က Lavanderia di Papa Francis ခေါ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အဝတ်လျှော်ဆိုင် ဖြစ်ပါတယ်။ ဗာတီကန်မြို့နားက ဆေးရုံဟောင်းတစ်ခုမှာ ဖွင့်ထားခြင်းဖြစ်သည်။ စဖွင့်တုန်းက အဝတ်လျှော်စက်နှင့် အခြောက်ခံစက် ခြောက်လုံးလောက်ပဲရှိသည်။ ဆပ်ပြာမှုန့်တော့ အခမဲ့ပေးသည်။ ပုပ်ရဟန်းမင်းကြီး အမှတ်တံဆိပ် အဝတ်လျှော်ဆိုင်က ဘာကြောင့်ကျော်ကြားရပါသနည်းဟုဆိုသော် သူတို့ ဖောက်သည်များကြောင့် ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးသူများ၊ အိမ်ခြေမဲ့များအတွက် အဆင်ပြေအောင် အခမဲ့ကူညီပေးခြင်းကြောင့်ဖြစ်သည်။ “အဝတ်လျှော်ဆိုင်ဟာ အခမဲ့ဖြစ်ပါတယ်။ အိမ်ခြေမဲ့လိုမျိုး အနွမ်းပါးဆုံးသူတွေကို ကူညီပေးတာပါ။ သူတို့အနေနဲ့ အဝတ်တွေ၊ စောင်တွေကို လာရောက်လျှော်ဖွပ်၊ အခြောက်လှန်းပြီး မီးပူတိုက်နိုင်ကြပါတယ်”ဟု အဆိုပါ အဝတ်လျှော်ဆိုင်ကိုဖွင့်တဲ့ ကျောင်းတော်က ပြောကြားထားသည်။ 

ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် အဝတ်လျှော်ဆိုင် ဖွင့်သကဲ့သို့ပင် အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်က ဒေါက်နှင့် ဆယ်လီကလင်လာတို့လည်း ရပ်ရွာရဲ့ လိုအပ်နေတဲ့အရာကို ကူညီနေလျက်ရှိပါသည်။ “ချစ်ခြင်းမေတ္တာ အဝတ်လျှော်ဆိုင်”ကို ဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။ အခမဲ့ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ 


ဒေါက်နှင့် ကလင်လာတို့သည် ယခင်ကတည်းက ရှိပြီးသား အိုင်ဒီယာအတိုင်း ၂၀၁၇ ခုနှစ်တွင် ချစ်ခြင်းမေတ္တာပင်မင်းဆိုင် Laundry Love ကို ဖွင့်ခဲ့ကြသည်။ လူမှုရေးလုပ်သားတစ်ဦးဖြစ်သူ ဒေါက်ကို အိမ်ခြေမဲ့တစ်ဦးက ပြောဖူးသည်။ “ကျွန်တော့်မှာသာ သန့်ရှင်းပြီး ကောင်းတဲ့အဝတ်တွေရှိရင်၊ လူတွေက ကျွန်တော့်ကို လူသားတစ်ယောက်လို ဆက်ဆံကြမှာပဲ”ဟု ပြောလိုက်သည့်အခါ ဒေါက်လည်း အဝတ်လျှော်ဝန်ဆောင်မှု ပရဟိတဆိုင်လေးဖွင့်ရန် အာရုံရသွားခဲ့သည်။ 

ချစ်ခြင်းမေတ္တာပင်မင်းဆိုင်တွင် အဝတ်လျှော်စက်များကို နွမ်းပါးသူများအတွက် အခမဲ့ပေးသုံးသည်။ ဆပ်ပြာမှုန့်ပေးထားသည်။ တစ်ခါတည်း အခြောက်ခံ မီးပူတိုက်သွားနိုင်သည်။ စေတနာ့ဝန်ထမ်းပေါင်းများစွာလည်း လာရောက်ကူညီကြပါသည်။ ပုပ်ရဟန်းမင်းကြီးဖွင့်ထားသောဆိုင်၏ အိုင်ဒီယာအတိုင်း လုပ်ဆောင်ခဲ့ရာ အခမဲ့ လျှော်ဖွပ်ဆိုင်ပေါင်းများစွာကို ကွန်ရက်ချိတ်ဆက်လုပ်ကိုင်နိုင်ခဲ့ပြီး အိမ်ခြေမဲ့ပေါင်းများစွာအတွက် အကျိုးပြုပေးနိုင်ခဲ့ပါသည်။ အလှူရှင်များစွာလည်း ပေါ်လာခဲ့ကာ အဝတ်လျှော်စက်များစွာဖြင့် တိုးချဲ့နိုင်ခဲ့သည်။ ည ၁၀ နာရီခွဲအထိ လာရောက်လျှော်ဖွပ်နိုင်ပါသည်။ စေတနာ့ဝန်ထမ်းများ များစွာဖြင့် ပျော်ရွှင်စွာ အများအကျိုးဆောင်နေကြသည့် အဝတ်လျှော်ဆိုင်များ ဖြစ်ကြသည်။ ကွတ်ကီးမုန့်လေးများလည်း ချပေးထားကာ အဝတ်လျှော်ထားတုန်း အဆာပြေစားနိုင်ကြသည်။ အပြင်မှာ အေးစက်နေသည့် ရာသီဥတုအချိန်မှာပင် လျှော်ဆိုင်ကလေးက နွေးထွေးလျက်ရှိသည်။ ကြိုဆိုကြသည့် စေတနာ့ဝန်ထမ်းများ၏ အပြုံးများကြောင့် အကူအညီလာရောက်တောင်းခံကြသည့် အိမ်ခြေမဲ့များမှာ စိတ်ချမ်းသာကြပါသည်။ 

ညှဉ်းပန်းနှိပ်စက်သော လက်တွဲဖော်နှင့် လမ်းခွဲခဲ့ပြီးနောက်တွင် ဘရိုင်ဆန်တစ်ယောက် အိမ်ခြေမဲ့ဖြစ်သွားခဲ့သည်။ နေစရာရခဲ့ပြီးနောက်တွင်လည်း တခြား ဗာဟီရလိုအပ်ချက်များအတွက် အဆင်မပြေသေးပေ။ သူ့လို အဆင်မပြေမှုများကြုံနေရသူများအတွက် အခမဲ့အဝတ်လျှော်ဆိုင် ဝန်ဆောင်မှုက အလွန်အကျိုးရှိစေပါသည်။ အချို့သော ပရဟိတ လှုပ်ရှားဆောင်ရွက်မှုများက သေးကွေးသောကိစ္စများကို ကူညီပေးနေသည်ဟုဆိုသော်ငြား အကူအညီရရှိသူများအဖို့ အလွန်အသုံးဝင်ပါသည်။ အိမ်ခြေမဲ့တစ်ယောက်အဖို့ လမ်းဘေးသို့ရောက်သွားပြီးသောအခါ ပြန်လည်ရပ်တည်နိုင်ဖို့ အခက်အခဲရှိပါသည်။ ညစ်ပတ်ပေရေနေသူတစ်ဦးကို ဘယ်သူကမှ အလုပ်မပေးချင်ကြပေ။ ရေမချိုးလာသူတစ်ဦးကို လက်ခံစကားမပြောချင်ကြပေ။ ခုတော့ အားလုံးအတွက် အဆင်ပြေမည့် နည်းလမ်းတစ်ခုကို ပုပ်ရဟန်းမင်းကြီးမူအတိုင်း ဝိုင်းဝန်းဖော်ဆောင်နိုင်ခဲ့လေပြီ။

သန့်ဇင်စိုး