News

POST TYPE

ABOUT US

မန္တလေး သရက်ကုန်းရပ်ကွက်မီးလောင်မှု အိမ် ၁၂ လုံး ဆုံးရှုံး
09-Mar-2018



မန္တလေး၊ မတ် ၈

အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ် သရက်ကုန်းရပ်ကွက်တွင် မတ်လ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၁၂ လုံး ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့် ၅၂ ဦးအတွက် ရပ်ကွက်ဓမ္မာရုံတွင် ဒုက္ခသည်စခန်း ဖွင့်ပေးထားရသည်။

အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်အများစုသည် ထရံကာပျဉ်ထောင်အိမ်များဖြစ်ရာ မီးစတင်လောင်ကျွမ်းသည့်အိမ်သည်လည်း ပျဉ်ထောင်အိမ်တစ်လုံးဖြစ်ကြောင်း၊ မီးကူးစက်မှုမြန်ဆန်ခဲ့သည့်အတွက် အိမ် ၁၂ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြောကြားသည်။

“အိမ်တွေက စိပ်တယ်။ နောက်ပြီး ထရံကာအိမ်တွေများတယ်။ အိမ်အပေါ်ထပ်ကစလောင်တော့ မီးကူးတာ မြန်သွားတယ်။ လောင်လောင်ချင်း ဝိုင်းငြှိမ်းကြပေမယ့် မနိုင်ဘူးဖြစ်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါမီးလောင်မှုသည် ဘုရားမီးပူဇော်ရာမှ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က အတည်ပြုထားပြီး ဆုံးရှုံးမှုတန်ဖိုးအနေနှင့် ၆၈ သိန်း ကျပ်ခန့်ရှိကြောင်း ခန့်မှန်းထားသည်။

မီးလောင်ကျွမ်းချိန်တွင် ဆယ်တန်းစာမေးပွဲကာလအတွင်းဖြစ်သော်လည်း အဆိုပါရပ်ကွက်တွင် မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ ဆယ်တန်းကျောင်းသူတစ်ဦးသာရှိပြီး အခြားနေအိမ်များတွင် ကျောင်းသားမရှိကြောင်း၊ အဆိုပါဆယ်တန်းကျောင်းသူသည်လည်း အဆောင်တွင်နေထိုင်ကာ စာမေးပွဲဖြေဆိုနေသည့်အတွက် အခက်အခဲမရှိနိုင်ကြောင်း ရပ်ကွက်ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မီးဘေးသင့်သွားသည့် နေအိမ် ၁၂ လုံးမှ အိမ်ထောင်စု ၁၂ စု၊ လူ ၅၂ ဦးကို ရပ်ကွက်ဓမ္မာရုံတွင်နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း၊ မီးဘေးသင့် မိသားစုများသည် သင်္ကန်းရက်သည့်လုပ်ငန်း အဓိကထားလုပ်ကိုင်ကြသည့်အတွက် ပြန်လည်ထူထောင်ရန် အခက်အခဲရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ 

မီးလောင်ကျွမ်းမှုစတင်သည့် အိမ်ရှင်ဒေါ်စိုးသူဇာကို အောင်မြေသာစံမြို့နယ် အမှတ် ၁ နယ်မြေရဲစခန်းက (ပ) ၁၄၀/၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထဲမှ သိရသည်။

M-04