News

POST TYPE

ABOUT US

သီရိလင်္ကာမွတ်ဆလင်များအပေါ် တိုက်ခိုက်ခံရမှုများကာကွယ်ပေးနိုင်ရန် အစိုးရ ရုန်းကန်နေရ
08-Mar-2018 tagged as သီရိလင်္ကာ


ကိုလံဘို၊ မတ် ၈

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီခရိုင်တွင် မွတ်ဆလင်များ၏ စီးပွားရေးများ၊ ဆိုင်များကို လူအုပ်ကြီးများက လိုက်လံဖျက်ဆီး မီးရှို့နေခြင်းများကို အကာအကွယ်ပေးရန် အစိုးရက တပ်များကို ပိုမိုစေလွှတ်ထားသော်လည်း အခြေအနေကို မထိန်းနိုင်သေးခြင်း မရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗလီများကို ဖြိုဖျက်ရန် စုဝေးထားသော လူအုပ်ကြီးကို ရဲများက မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့သည်။

မွတ်ဆလင်လူတစ်စုနှင့် ရန်ဖြစ်ရာမှ ဗုဒ္ဓဘာသာဝင် လူငယ်တစ်ဦး သေဆုံးသွားပြီးနောက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကာ ဒေါသထွက်နေသော လူအုပ်ကြီးက မွတ်ဆလင် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေကြခြင်းဖြစ်သည်။

အာဏာပိုင်များသည် အရေးပေါ် အခြေအနေ ကြေညာခြင်း၊ သက်တမ်းတိုးခြင်းနှင့် လူမှုကွန်ရက်မီဒီယာ အသုံးပြုခြင်းကို ပိတ်ထားခြင်းတို့ဖြင့် အခြေအနေကို ထိန်းနိုင်ရန် ကြိုးစားနေကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း မီးလောင်ကျွမ်းသွားသည့် မွတ်ဆလင် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို အဆောက်အအံတစ်ခုအတွင်း တွေ့ရှိခဲ့ရသည်။ 

လူများစု ဆင်ဟာလီစ်များနှင့် လူနည်းစု မွတ်ဆလင် ရပ်ရွာများအကြား တိုက်ခိုက်မှုများသည် ညလုံးပေါက် ဖြစ်ပွားလျက်ရှိပြီး ပိုင်ဆိုင်မှု များစွာမီးတင်ရှို့ခံရလျက်ရှိသည်။ 

လက်တွင်ကိုင်လာသော လောင်စာဗုံး လောင်ကျွမ်းပေါက်ကွဲမှုကြောင့် ဆင်ဟာလီစ် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ရသည့် သတင်းများ ထွက်ပေါ်နေသည်။ 

ယခုအခါ ရဲများကို တပ်ပြန်ရုပ်ကာ စစ်တပ်ကို စေလွှတ်လိုက်ပြီဖြစ်ပြီး စစ်တပ်အင်အား သောင်းကျော်သည်ဟု အစိုးရ ပြောခွင့်ရအရာရှိ ရာဂျီသာဆီနာရာသာနီ၏ ပြောကြားချက်ကို ကိုးကားလျက် သတင်းများက ဖော်ပြထားသည်။

ပြဿနာရှာသူများကို အင်အား အပြည့်သုံးကာ တိုက်ဖျက်သွားမည်ဟု အမိန့်ထုတ်ထားကြောင်း ကန္ဒီဒေသကို လာရောက်သွားသည့် သမ္မတမာသီရိပါလ သီရိသေနက ပြောကြားခဲ့သည်။

သီရိလင်္ကာခရစ်ကတ်အသင်း၏ အကျော်အမော် ကူးမားဆန်ဂတ်ကာရာကလည်း အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူမျိုးရေး အကြမ်းဖက်မှုများ မရှိရန် တိုက်တွန်းလိုက်သည်။

F-02