News

POST TYPE

ABOUT US

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာ-အစ္စလာမ် အဓိကရုဏ်းကြောင့် အရေးပေါ်အခြေအနေကြေညာ
06-Mar-2018


ကိုလံဘို၊ မတ် ၆

သီရိလင်္ကာနိုင်ငံတွင် ဘာသာရေး အဓိကရုဏ်းများ ဖြစ်လျက်ရှိရာတွင် အခြေအနေကို ထိန်းသိမ်းရန်အတွက် ၁၀ ရက်ကြာ အရေးပေါ် အခြေအနေ ကြေညာထားကြောင်း သီရိလင်္ကာအစိုးရ ပြောခွင့်ရအရာရှိက ကြေညာလိုက်သည်။

သီရိလင်္ကာနိုင်ငံ ဗဟိုခရိုင် ကန္ဒီဒေသတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များ တိုက်ခိုက်ကြရာမှ ယင်းသို့ အရေးပေါ် အခြေအနေ ကြေညာရသည်အထိ ဖြစ်ခဲ့ရပေသည်။ 

သီရိလင်္ကာနိုင်ငံတွင် အဆိုပါ ဘာသာတရား နှစ်ခု၏ နောက်လိုက် နောက်ပါများအကြား တင်းမာမှုများ ရှိနေသည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်သည်။

ဗုဒ္ဓဘာသာဘက်မှ သဘောထား တင်းမာသူများက မွတ်ဆလင်များသည် လူအများကို ၎င်းတို့ဘာသာထဲ သွတ်သွင်းကြောင်းနှင့် ဗုဒ္ဓဘာသာ ရှေးဟောင်း နေရာများကို ဖျက်လိုဖျက်စီးများ လုပ်နေကြသည်ဟု စွပ်စွဲကြရင်း အဆိုပါ ပဋိပက္ခများက အရှိန်မြင့်လာခဲ့ပေသည်။ 

ရိုဟင်ဂျာ (မူရင်းသတင်း၏ အသုံးအနှုန်း) မွတ်ဆလင် ဒုက္ခသည်များ သီရိလင်္ကာနိုင်ငံသို့ ရောက်လာခြင်းနှင့်ပတ်သက်ပြီး သီရိလင်္ကာ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။

“အစိုးရအဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်တာကတော့ အဓိကရုဏ်းတွေ တခြားနေရာတွေကို မကူးစက်အောင်လို့ ကာကွယ်ဖို့ရာ အရေးပေါ် အခြေအနေ ၁၀ ရက် ကြေညာမှာ ဖြစ်ပါတယ်”ဟု အစိုးရ ပြောခွင့်ရှိသူ ဒါယာဆီရီဂျာယာဆီကာရာက ပြောကြားသည်။ 

“အကြမ်းဖက်မှုတွေ ဆက်ဖြစ်လာအောင် Facebook ပေါ်ကနေပြီးတော့ သွေးထိုးနေတဲ့သူတွေကိုလည်း အရေးယူဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

မွတ်ဆလင်များ ပိုင်ဆိုင်သော ဆိုင်တစ်ဆိုင်ကို ဒေါသထွက်နေသော လူအုပ်ကြီးက လာရောက် မီးရှို့ခဲ့ပြီးနောက် ကန္ဒီသို့ အထူးတပ်ဖွဲ့ဝင်များ အစိုးရက စေလွှတ်လိုက်သည်။

လူများစု ဆင်းဂါးလိစ် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်ဆလင်များအကြား ထပ်မံ ထိပ်တိုက်တွေ့မှုမျိုး ဖြစ်မလာစေရန်အတွက် ညမထွက်ရ အမိန့်ကိုလည်း ထိုဒေသတွင် ထုတ်ပြန်ထားသည်။

F-02