News

POST TYPE

ABOUT US

သီရိလင်္ကာစွယ်တော်တွင် ရင်ငွေ့နှစ်ကြိမ် လှုံထားသော စွယ်တော်ပွားနှင့် အံတော်ပွား လှည်းကူးတွင် ကိန်းဝပ်မည်


ရန်ကုန်၊ မတ် ၎

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌တည်ရှိသော ဗုဒ္ဓစွယ်တော်တွင် ရင်ငွေ့နှစ်ကြိမ် လှုံထားသော စွယ်တော်ပွားနှင့် အံတော်ပွားတစ်စုံကို လှည်းကူးမြို့နယ် ရဲမွန်မြို့ရှိ သုညတဝိပဿနာ တရားစခန်းရိပ်သာ၌ မတ်လ ၁၁ ရက်နောက်ပိုင်း တည်ထားကိန်းဝပ်မည်ဖြစ်ကြောင်း စီစဉ်သူ ဦးအောင်မြင့်ထွန်းက ပြောကြားသည်။

အဆိုပါ စွယ်တော်ပွားနှင့် အံတော်ပွားသည် လက်ရှိအချိန်တွင် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ ဇောတိကာရုံကျောင်းတိုက်တွင် လှည်းကူးသို့ မပင့်ဆောင်မီအချိန်ထိ ယာယီစံမြန်းမည်ဖြစ်သည်။

“အရင်ကတော့ နေပြည်တော်မှာ ပူဇော်ထားတာကနေ နောက်တော့ နယ်လှည့် အပူဇော်ခံမလို့ပဲ။ အခုတည်မယ့်ကျောင်းက အလှူခံတာနဲ့ ရန်ကုန်ကို ပင့်လာတာ၊ လှည်းကူးကျောင်းမှာက ကျောင်းဆောင်ဆောက်တာ မပြီးသေးတော့ အခုကျောင်းမှာ ယာယီအပူဇော်ခံနေတာ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိရုပ်ပွားတော်ကို ဂေါတမမြတ်စွားဘုရားက ရင်ငွေ့လှုံ၍ ချန်ထားခဲ့သည်ဟုဆိုသော ဘုရားသမိုင်းတွင် ဖော်ပြထားသောကြောင့် ယခုကဲ့သို့ စွယ်တော်အစစ်နှင့် ရင်ငွေ့လှုံထားသော စွယ်တော်နှင့် အံတော်ပွားများကိုလည်း ကိုးကွယ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

သီရိလင်္ကာရှိ စွယ်တော်၊ တရုတ်နိုင်ငံရှိ အံသွားတော်ပုံစံယူကာ ဆင်စွယ်ဖြင့် ဆင်တူထုလုပ်ထားခြင်းဖြစ်ပြီး ၂၀၁၄ ခုနစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၉ ရက်အထိ ပထမအကြိမ်နှင့် ၂၀၁၅ ခုနစ်၊ မတ်လ ၁၈ ရက်မှ ၂၃ ရက်ထိ ဒုတိယအကြိမ်အဖြစ် သီရိလင်္ကာရှိ စွယ်တော်တွင် ရင်ငွေ့လှုံခဲ့ကြောင်း ၎င်းထံမှသိရသည်။

ဝေလင်း