News

POST TYPE

ABOUT US

မသန်စွမ်းဆိုမှ အလုပ်ပေးတဲ့ ကိတ်မုန့်ဆိုင်
ထိုဆိုင်ကို စဖွင့်ချိန်က ဆိုင်ရှင်များသည် ၎င်းတို့၏သားလေးအတွက် လေ့လာစရာ၊ အလုပ်လုပ်စရာနေရာ ဖန်တီးခဲ့ခြင်းသာဖြစ်သည်။ သို့သော် ရပ်ရွာက အားကိုးအားထားပြုလာရသည့် မင်္ဂလာရှိသော အလုပ်တစ်ခုဖြစ်လာမယ်မှန့်း  မသိရိုးအမှန်ပင်ပေတည်း။ တန်ပါခိုလာနှင့် မိုက်ကယ်ခိုလာတို့၏ သားကလေး ဘရက်ဒလေသည် အသက် ၂၂ နှစ် ပြည့်သွားခဲ့ရာသူတို့ဒေသရှိ မသန်စွမ်းကလေးလူငယ် ဖေးမကူညီရေးအစီအစဉ်နှင့် ဘောင်မဝင်တော့ပေ။ လူကြီးဖြစ်သွားလေပြီ။ တကယ်ဆိုလျှင် အလုပ်လုပ်ရတော့မည့် အရွယ်ရောက်လေပြီ။ မသန်စွမ်း မဖွံ့ဖြိုးသူဟု ယူဆခံရသည့် ဘရက်ဒလေလိုလူများကို မည်သူက အလုပ်ပေးပါမည်နည်း။ ကိုယ့်သားသမီးကို ကိုယ့်ဘာသာ အလုပ်ပေးမည်ဟု မိဘများက ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် ပေါင်မုန့်၊ ကိတ်မုန့်ဆိုင် ဖွင့်ကြပါသည်။ 

ဘရက်ဒလေတွင် Fragile X Syndrome ခေါ် ဝေဒနာတစ်မျိုးပါလာခဲ့သည်။ သင်ကြားလေ့လာရာတွင် အများနဲ့မတူသည့် မသန်စွမ်းမှုမျိုးဖြစ်သည်။ သို့သော် အဆိုပါဆိုင်ဖွင့်မည့်အစီအစဉ်ကို ဘရက်ဒလေ နှစ်ခြိုက်ပါသည်။ “အထူးစားဖွယ်မုန့်မျိုးစုံ” Special Kneads and Treats ဆိုသည့် ဆိုင်ဖြစ်သည်။ အဆိုပါဆိုင်အတွက် ဘရက်ဒလေလို မသန်စွမ်းများကိုသာ အလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော မသန်စွမ်းမျိုးက အလုပ်ရရန်အတွက် ခက်ခဲပေသည်။ 

“ဘရက်ဒလေအတွက် ကျွန်မတို့ အလုပ်ရှာပေးရတော့မယ်လေ။ အဲဒီမှာပဲ ကိုယ်ပိုင်ဆိုင်ကလေး ဘာဖြစ်လို့ မဖွင့်နိုင်ရမှာလဲဆိုပြီး တွေးမိတာ”ဟု ဘရက်ဒလေ၏ မိခင်ဖြစ်သူ တမ်ပါခိုလာက ပြောကြားသည်။ 

တမ်ပါခိုလာသည် အသက် ၁၃ နှစ်ကတည်းက ပေါင်မုန့်၊ ကိတ်မုန့်ဖုတ်လာသူဖြစ်သည်။ “ခုတော့ အသက် ၅၀ ရှိပါပြီ။ အတွေ့အကြုံတော့ ရှိတယ်ပေါ့လေ”ဟု တမ်ပါက ပြန်လည်ပြောပြသည်။ 

တကယ်တမ်း ကိတ်မုန့်ဆိုင်ဖွင့်ကြည့်သောအခါ သူတို့ထင်သလောက်တော့ မလွယ်ခဲ့ပေ။ “ကျွန်တော့် Harley ဆိုင်ကယ်ကြီးကို ထုတ်လိုက်ပြီး ကိတ်မုန့်ရောင်းတဲ့ မီနီဗင်ကားလေးလဲလိုက်တယ်။ ဘုရားသခင်က ထူးခြားတာလေးတွေ လုပ်စေချင်ပုံရတယ်”ဟု ဖခင်ဖြစ်သူ မိုက်ကယ်ခိုလာက ပြောကြားခဲ့သည်။ 

ကော်ပိုရေးရှင်းလောကတွင် နှစ်ပေါင်း ၃၀ အလုပ်လုပ်ခဲ့သူတစ်ဦးအနေနှင့် ကိုယ်ပိုင်ကိတ်မုန့်ဆိုင်ဖွင့်ရတာ ထူးတော့ထူးဆန်းနေသည်။ ပေါင် ၂၅၀ လောက် အရပ် ၆ ပေ ၄ လက်မ လူထွားကြီးမုန့်လုပ်နေတာ အမြင်တော့ဆန်းနေသည်။

၎င်းတို့သည် မသန်စွမ်းလူငယ်လူကြီးများကို အလုပ်ပေးရန် မရည်ရွယ်ခဲ့သော်လည်း အဆိုပါအခွင့်အလမ်းကို သူတို့မိသားစုက အသုံးချလိုက်သည်။ ထိုသို့ ဆောင်ရွက်ပေးမှုက တကယ်တမ်း အကျိုးရှိခဲ့ပါသည်။ ဆိုင်မှာအလုပ်လုပ်ရင်း ကိုယ်ပိုင်ဝင်ငွေလေးများ ရသည့်အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုများရလာသည်။ ထို့ပြင် အများနှင့်ဆက်ဆံရခြင်းကြောင့် ဆက်သွယ်စကားပြော တုံ့ပြန်သည့် စွမ်းရည်များလည်း များစွာ တိုးတက်လာခဲ့ပါသည်။ ဥပမာဆိုရသော် ချာရီဆီ ဆောက်သာလန်းဆိုသူ အမျိုးသမီး၏ ကလေးနှစ်ယောက်ဖြစ်သော ကိုဒီနှင့် ကုတ်တနီတို့သည် အဆိုပါ ကိတ်မုန့်ဆိုင်တွင် အလုပ်လုပ်ကြသည်။ သူ့ကလေးများအတွက် မိခင်က အလွန်ဝမ်းသာလျက်ရှိသည်။ 

“သူတို့မှာ ကိုယ်ပိုင်ဘဝ ရှိနိုင်ကြပါပြီ။ ကိုဒီဟာ ရည်ရွယ်ချက်ရှိလာပြီး ကိုယ်ပိုင်ဘဝနဲ့ပါ”ဟု မိခင်ဆောက်သာလန်းက ဆိုသည်။ 

“ကျွန်မအတွက် ဒီဆိုင်က အခွင့်အလမ်းပဲဖြစ်ပါတယ်။ ကျွန်မအတွက် ပထမဆုံး လစာရတဲ့ ပုံမှန်အလုပ်ဖြစ်ပါတယ်။ ကိုဒီ့အတွက်လည်း ပထမဆုံးအလုပ်ပါပဲ။ ဒီနေရာရှိနေတာ ကျွန်မဝမ်းသာပါတယ်” ဟု ကုတ်တနီက ပြောကြားသည်။ 

အခြားအလားတူဥပမာများစွာလည်း ဆိုင်မှာ ရှိသေးသည်။ အသက် ၅၂ နှစ်အရွယ် စကော့တီအတွက်လည်း ထိုဆိုင်သည် ပထမဆုံး လစာရသည့်အလုပ်ဖြစ်ခဲ့သည်။ ပထမဆုံး လစာရသည့်နေ့က သူ့မှာ ဂုဏ်ယူလို့မဆုံးပေ။ ဖခင်ဖြစ်သူနှင့်အတူ နေ့လယ်စာသွားစားမည်ဟု ၎င်းက ဆိုသည်။ ၂၀၁၄ ခုနှစ် ဆိုင်စဖွင့်ကတည်းက ထိုကဲ့သို့ အောင်မြင်မှုများစွာကို ရခဲ့သည်။ ၄ နှစ်ကြာသည့်အခါ ဆိုင်ကလည်း ဝိုင်းဝန်းအားပေးမှုကြောင့် အောင်မြင်လာပါသည်။ ဆိုင်သစ်သို့ နေရာရွှေ့ခဲ့ကာ စီးပွားကိုလည်း တိုးချဲ့လာနိုင်သည်။ ယခုအခါ ဂျော်ဂျီယာပြည်နယ် ဂွင်းနက်စီရင်စုနယ်ဒေသတွင်းမှ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ နွမ်းပါးသောကလေးငယ်များအတွက် အခမဲ့မွေးနေ့ကိတ်အစီအစဉ်ကိုလည်း လုပ်ပေးနေကြပါသည်။ 

ခိုလာမိသားစု၏ ကိတ်မုန့်လုပ်ငန်းက အခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း မသန်စွမ်းပြည်သူများကို အလုပ်ခန့်စေရန်အတွက် တိုက်တွန်းနှိုးဆော်သကဲ့သို့ ဖြစ်စေချင်သည်ဟု ၎င်းတို့က ဆိုသည်။ 

“ကျွန်မတို့က ပညာပေးရမှာပေါ့။ စီးပွားရေးလုပ်ငန်းတွေကို ပညာပေးရမယ်။ ဒါမှ သူတို့လည်း အရွယ်ရောက် မသန်စွမ်းတွေကို အလုပ်ပေးကြမှာ။ သူတို့ကို ကြောက်စရာမလိုပါဘူး။ သူတို့က အလုပ်ကြိုးစားကြတယ်။ အလုပ်လုပ်ရတာကို ဂုဏ်ယူကြတယ်။ တာဝန်သာပေးလိုက်စမ်းပါ။ လုပ်ပြလိမ့်မယ်”ဟု တမ်ပါက ဆိုသည်။ 

သူတို့ဆိုင်က ကိတ်မုန့်က ချိုပြီးနူးညံ့အရသာရှိသည်။ သူတို့၏ နှလုံးသားကလည်း ထိုအတိုင်းပင် ဖြစ်ပါသည်။

သန့်ဇင်စိုး