News

POST TYPE

ABOUT US

မေတ္တာစားသောက်ဆိုင်
25-Feb-2018


တနင်္လာနေ့တိုင်း မွန်းလွဲ ၂ နာရီခွဲပြီဆိုလျှင် ဟီလာရီပတ်ခ်သည် သူမ၏ စားသောက်ဆိုင် Happy BiBim Bap House တွင် နောက်ဧည့်သည် လက်မခံတော့ဘဲ ပိတ်လိုက်သည်။ နောက်ဆုံးဖောက်သည်များ ပြန်သွားပြီဆိုလျှင်တော့ ကိုရီးယားစားသောက်ဆိုင်၏ မီးဖိုချောင်ထဲတွင် လူ ၂၀၀ စာအတွက် စတင် ပြင်ဆင်ချက်ပြုတ်ပါတော့သည်။ ထိုအစားအသောက်များသည် ညနေပိုင်း ဖောက်သည်များ အော်ဒါမှာထားခြင်း မဟုတ်ပါ။ တံတားအောက်တွင် နေထိုင်ရသည့် အိမ်ရာမဲ့များအတွက် ဖြစ်သည်။

တနင်္လာနေ့ ညနေပိုင်းတိုင်း အိမ်ရာမဲ့များအတွက် ချက်ပြုတ်ကျွေးမွေး ထောက်ပံ့ပေးနေသည်မှာ Happy BiBim Bap House အဖို့ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါသည်။ စားသောက်ဆိုင် လာရောက်စားသုံးသူများလည်း အဆိုပါ အပတ်စဉ်အလှူတွင် ပါဝင်၍ ရပါသည်။ စားသောက်ဆိုင်ထဲတွင် အလှူခံပုံးလေး ချပေးထားသည်။ ဘုရားကျောင်းကတစ်ဆင့် စီစဉ်သော မရှိဆင်းရဲသားများကို လက်ဆောင်ပေးသည့် ရန်ပုံငွေထဲ ထည့်ကြသည်။ စားသောက်ဆိုင်သည် သူတို့ဝင်ငွေထဲက အိမ်ခြေမဲ့များအတွက် ညနေစာကို စီစဉ်ကြခြင်းဖြစ်ရာ ဖောက်သည်များထံမှလာသည့် ငွေကြေးဟုပင် ဆိုနိုင်သည်။ 

ကိုရီးယားစားသောက်ဆိုင်သည် လက်ရာလည်းကောင်းသဖြင့် နာမည်ရသည်။ အော်ရီဂွန်ပြည်နယ် ဆာလမ်မြို့တွင် သူတို့ဆိုင်ကလေးက ထိပ်တန်း စားသောက်ဆိုင်များစာရင်းတွင် နှစ်တိုင်းပါသည်။ ဈေးအကြီးဆုံး ဟင်းပွဲသည်ပင်လျှင် ဒေါ်လာ ၂၀ မကျော်ပါ။ ၆ ဒေါ်လာလောက်ဖြင့် စားသောက်နိုင်သော ဆိုင်လည်းဖြစ်သည်။ ဆိုင်ရှင်အမျိုးသမီးကြီး ပတ်ခ်သည် တောင်ကိုရီးယားတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ခင်ပွန်းသည်နှင့် လက်ထပ်ပြီး ၁၉၈၅ ခုနှစ်တွင် နယူးယောက်သို့ ပြောင်းလာခဲ့သည်။ ခရစ်ယာန် ဘာသာဝင်တို့၏ အယူအဆအတိုင်း ရပ်ရွာနေပြည်သူများကို ဝေမျှပေးကမ်းရမည်ဟူသော သွန်သင်ချက်ကို ဦးလည်မသုန်နာခံကြသည်။ ထို့နောက် ဆာလမ်မြို့သို့ ပြောင်းလာကာ စားသောက်ဆိုင်ဖွင့်ကြသည်။ ပတ်ခ်သည် ဘုရားကျောင်းမှ မိတ်ဆွေများအကူအညီဖြင့် အိမ်ခြေမဲ့များအတွက် တနင်္လာ ညနေစာ အစီအစဉ်ကို တစိုက်မတ်မတ် လုပ်လာကြသည်။ စားသောက်ဆိုင်က အစားအသောက်များကို စိုက်သည်။ ဘုရားကျောင်းမှ မိတ်ဆွေများက စေတနာ့ဝန်ထမ်း လာလုပ်ပေးကြပါသည်။ 

တနင်္လာနေ့ခင်း စားသောက်ဆိုင်ပိတ်ပြီဆိုလျှင် ပတ်ခ်နှင့် ခင်ပွန်းတို့သည် ဝန်ထမ်းများနှင့်အတူ အစားအသောက်များ ချက်ကြတော့သည်။ ရိုးရှင်းသော အမေရိကန် စားသောက်ဖွယ်ရာများအပြင် လူကြိုက်များသော အာရှစားသောက်ဖွယ်ရာများဖြစ်သည့် ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့ ပြုလုပ်ပြင်ဆင်ပေးသည်။ သက်သတ်လွတ်သမားပါလာလျှင် အဆင်ပြေအောင်လည်း လုပ်ပေးပါသည်။ “တချို့က ကိုရီးယားစာကို ကြိုက်တယ်။ တချို့က မကြိုက်ဘူး။ စိတ်မညစ်စေချင်ပါဘူး”ဟု ပတ်ခ်က အမေရိကန် စားသောက်ဖွယ်ရာများ စီစဉ်ပေးခြင်းအပေါ်ကို ရှင်းပြသည်။ အစားအသောက်ဘူးလေးများပေါ်တွင် ခရစ်ယာန်ဘာသာမှ အဆုံးအမကျမ်းစာများကို ဘောပင်ဖြင့် ရေးပေးရန် ပတ်ခ်က စိတ်ပါဝင်စားသည်။ ကော်ဖီ၊ ကွတ်ကီး၊ ငှက်ပျောသီး၊ ရေ စသည်တို့ကိုလည်း ယူဆောင်သွားသည်။ အစားအသောက်များကို တန်းစီပြီး ယူကြရုံသာရှိသည်။ တံတားအောက်သို့ ကိုရီးယား စားသောက်ဆိုင်၏ ဗင်ကားရောက်လာလျှင် စောင့်ဆိုင်းနေကြသူ အိမ်ခြေမဲ့များက လက်ခုပ်တီးပြီး ဂုဏ်ပြုကြသည်။ အပတ်စဉ်တိုင်း လာရောက် ကူညီဝေမျှသူများကို ကျေးဇူးတင်ပါသည်။ 

ဆိုင်ရှင်မ ဟီလာရီပတ်ခ်သည် အပတ်စဉ် ပြုလုပ်နေသော သူမ၏ ပေးကမ်းအားထုတ်မှုကို သူမ၏ ကောင်းရာကောင်းကျိုးဆောင်သည့် အလုပ်ဟု မခံယူပါ။ ဆောင်ရွက်ရမည့် တာဝန်တစ်ခုသဖွယ် သဘောထားပြီး လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ မည်သို့ပင် ပြုလုပ်ပေးသည်ဆိုပါစေ တံတားအောက် နေရာကျော်သော အိမ်ခြေမဲ့များအတွက်က များစွာ အထောက်အကူဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုလို နေရာမျိုးတွင် အိမ်ခြေမဲ့ဖြစ်သွားပါက ဘဝကို ပြန်လည်ထူမရန် အလွန်ခက်ခဲသည်။ ကျောခင်းစရာ နေရာမရှိသည့်ဘဝတွင် စားစရာ အစားအစာနှင့် အလုပ်အကိုင်ကလည်း အလွန်ခက်ခဲပေတော့သည်။ ပရဟိတအဖွဲ့များ၊ ဘုရားကျောင်းများ၏ ကူညီပေးမှုကြောင့် အချို့က အထိုက်အလျောက် အဆင်ပြေကြသည်။ ပတ်ခ်သည် အလွန်ချမ်းသာသော စားသောက်ဆိုင် လုပ်ငန်းရှင်ကြီးတော့ မဟုတ်ပေ။ သို့သော် သူမတို့ ဆိုင်ကလေးသည် အများ အကူအညီဖြင့် တနင်္လာနေ့တိုင်း ဂုဏ်သရေရှိသော ညနေစာကို ဝေမျှနိုင်ပေသည်။

သန့်ဇင်စိုး