News

POST TYPE

ABOUT US

တက္ကဆက်က အခမဲ့ လက်သမားဆရာများ
11-Sep-2016 tagged as ဆရာ လက်သမား

ပြီးခဲ့သည့် ၂ နှစ်လောက်က ဘဂ္ဂဒက်တွင် ကင်းလှည့်နေရင်း လမ်းဘေးဗုံးဒဏ်သင့်ခဲ့ရသူ အလက်ဇန်းဒါးရီယက်စ်သည် ငယ်စဉ်ကတည်းက အိပ်မက်ခဲ့သော တပ်မတော်သားဘဝကို ကျောခိုင်းခဲ့ရလေပြီ။ “ဆေးရုံက အိပ်ရာပေါ်မှာ လှဲနေရတာထက်စာရင် သေတောင် သေလိုက်ချင်တယ်” ဟု ရီယက်စ်က ပြောကြားသည်။ သူ့ဘဝ ရပ်ဆိုင်းသွားပြီဟု သူထင်ပါသည်။ ရရှိထားသော ဒဏ်ရာများစွာကြောင့် စစ်တပ်မှ ပင်စင်ယူလိုက်ရသည်။ 

အီရတ် အာဖဂန်တို့တွင်  ဒဏ်ရာများ ရရှိသွားကြပြီး ငယ်ငယ်ရွယ်ရွယ်နှင့် စစ်သားလူထွက် ဘဝကို ရင်ဆိုင်ရသူများ အတိုင်းပင် ရီယက်စ်အတွက် စိန်ခေါ်မှုများ ရှိပါသည်။ စစ်သားတစ်ယောက် အဖြစ် ကာလရှည်ကြာ နေထိုင်ခဲ့ပြီး အရပ်သားဘဝကို ရင်ဆိုင်ရသောအခါ အခက်အခဲများစွာ ကြုံရသည်။ သို့သော် သူ့လို ဒဏ်ရာရပြီး မသန်စွမ်းဖြစ်သွားသူ စစ်ပြန်များအတွက် တက္ကဆက်ပြည်နယ်က အိမ်ဆောက်သူ လက်သမားကြီးတစ်ဦးက နေစရာအတွက် ကူညီပေးနေသည်ကို သိလိုက်ရသည်။

ဒန်ဝေါရက်ဟု အမည်ရသည့် ထိုအမျိုးသားကြီးနှင့် သူ့သူငယ်ချင်းများသည် စစ်ပြန်ရီယက်စ်နှင့် ဇနီးသည်တို့အတွက် မထင်မှတ်ထားသော လက်ဆောင်တစ်ခု ပေးခဲ့ပါသည်။ အခမဲ့နေထိုင်ခွင့် နေအိမ်တစ်လုံး လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ရီယက်စ်၏ ဇနီးဖြစ်သူ အဲလိဇဘတ်ရီယက်စ်ခမျာ မျက်ရည်လေး အဝိုင်းသားဖြင့် သူ့ခင်ပွန်းသည် လက်ကိုသာ တင်းတင်းဆုပ်ထားပါတော့သည်။ တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်ပေးသော တပ်မတော်သားများကို ပြည်သူတစ်ဦး အနေနှင့် ကျေးဇူးတင်ကြောင်းကို ပြသရန် ဒန်ဝေါရက်က အိမ်များ လိုက်လံတည်ဆောက်ပေးခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ကတည်းက တက္ကဆက်ပြည်နယ်တွင် အဆောက်အအုံလေးလုံး ဆောက်လုပ်ပြီးပြီ ဖြစ်ကာ ဆက်လက်တည်ဆောက်နေသည့် အဆောက်အအုံ ငါးလုံးလည်း ရှိသေးသည်။ သူ့လှုပ်ရှားမှုကို Operationa Finally Home ဟု အမည်ပေးထားပြီး အများပြည်သူ ပါဝင်လာအောင်လည်း လှုံ့ဆော်ပေးသည်။

ဒဏ်ရာရ စစ်ပြန်များကို ကူညီရန်အတွက် အကြံအစည်ကို ၂၀၀၅ ခုနှစ်က မိတ်ဆွေဖြစ်သူထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ မိတ်ဆွေတွင် အသက် ၂၀ အရွယ် သားတစ်ယောက်ရှိပြီး ကမ်းတက်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကာ အီရတ်တွင် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး မသန်စွမ်းတစ်ယောက် ဖြစ်သွားခဲ့သည်။ သားဖြစ်သူ၏ ဝေဒနာကြောင့် ဘီးတပ်ကုလားထိုင် နေအိမ်ထဲတွင် ဟိုဒီသွားလာနိုင်ရန် အိမ်ကို ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ရကား သားကလည်း ဒဏ်ရာရ ငွေကုန်မည့် အရေးကလည်း စိတ်မအေးဖွယ်ရ ဖြစ်ခဲ့သည်။ ထိုအိမ်ကို ဒန်ဝေါရက်လို လက်သမားကြီးနှင့် အဖွဲ့က အခမဲ့ ပြင်ပေးလိုက်သည်။ ထိုအဖြစ်အပျက်က ဒန်ဝေါရက်၏ ဘဝကို ပြောင်းလိုက်ခြင်း ဖြစ်သည်။ “အမေရိကန် အနှံ့အပြားမှာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ထားတဲ့ တပ်မတော်သားတွေ အများကြီး ရှိပါလား ဆိုတာကို နားလည်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒန်ဝေါရက် ပထမဆုံး လုပ်ရသည့် အလုပ်က သူ့မိတ်ဆွေ လက်သမားဆရာများကို လိုက်လံစည်းရုံးရခြင်း ဖြစ်သည်။ အိမ်ဆောက်ပစ္စည်း ဆိုင်ရာများကိုလည်း အဆင်ပြေလျှင် ပြေသလို အလှူခံရသေးသည်။ အိမ်များကို အခမဲ့ ပြန်လည်ပြင်ဆင်ပေးခြင်း၊ အသစ်ဆောက်ပေးခြင်းတို့ လိုက်လုပ်ခြင်း ဖြစ်ပေသတည်း။ တံခါးတွေကို ချဲ့ရသည်။ နောက်တံခါး၊ ရှေ့တံခါးတွေကို ဆင်ခြေလျှောများ ဖြစ်အောင် လုပ်ရသည်။ အိမ်သာ၊ ရေချိုးခန်းကို မသန်စွမ်း အသုံးပြုဖို့ အဆင်ပြေရန် ပြင်ဆင်ပေးရသည်။ “လုပ်ပေးဖို့ လိုသမျှကို ကျွန်တော်တို့ လိုက်စီစဉ်ပေးပါတယ်။ ဒီလိုလုပ်ပေးလိုက်ရင် သူတို့အတွက် တော်တော်ကြီး သက်သာပါတယ်” ဟု ဒန်ဝေါရက်က ပြောပြသည်။ 

မိတ်ဆွေရဲ့ သားအတွက် အိမ်ကို အခမဲ့ ပြင်ပေးလိုက်အပြီးတွင် နောက်ထပ် စစ်ပြန်စစ်သား စစ်သမီးများအတွက် ပြင်ဆင်တည်ဆောက်မှုများ ဆက်လက်လုပ်ကိုင်ဖြစ်သွားသည်။ “ဒီဖြစ်ရပ်ဟာ ကျွန်တော့်ဘဝကို လေးနှစ်တုတ်နဲ့ ရိုက်သလို ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို ဒါလုပ်ပေးစေချင်ပုံ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ပင်လယ်အော်ဒေသ လက်သမားများ သမဂ္ဂကို သူ့အကြံအစည်အား တင်ပြခဲ့သည်။ ဒဏ်ရာရ စစ်သည်များအတွက် အိမ်အလကား ဆောက်ပေးပါရန် စည်းရုံးရပါတော့သည်။ အိမ်ဆောက်ပစ္စည်း ရောင်းချသူများထံမှလည်း အလှူများရပါသည်။ ဒေါ်လာသုံးသိန်းလောက် တန်သည့် အိမ်တစ်လုံးကို ဒေါ်လာနှစ်သောင်းခွဲ သို့မဟုတ် ငါးသောင်းလောက်သာ ကုန်ပြီး ပြီးအောင် ဆောက်နိုင်ပါသည်ဟု ဒန်ဝေါရက်က ဆိုသည်။ အိမ်အတွက် ဆောက်ရသည့် အခွန်အခနှင့် အာမခံကြေးတို့ကိုလည်း ၂ နှစ်စာ တစ်ခါတည်း သွင်းပေးပါသည်။ စစ်ပြန်များ၊ ၎င်းတို့၏ လက်တွဲဖက်များ အနေနှင့် အရပ်သားဘဝကို ရောက်လာပြီး ဘဝသစ်ကို စရသည့်အခါတွင် ခက်ခဲသည်ကို တွေ့ရပါသည်ဟု ဒန်ဝေါရက် ဆိုသည်။ 
“ဒီလူငယ်လေးတွေရဲ့ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ရှားပေးလိုက်တဲ့ အခါမှာ သူတို့ဘဝကို ပြန်လည်တည်ဆောက်ဖို့အတွက် အာရုံစိုက်လာနိုင်ပါတယ်။ တော်တော်ကူညီနိုင်ပါတယ်” ဟု ဒန်ဝေါရက်က ပြောကြားသည်။

ဗိုလ်မှူး အဲရက်စမိုဗောလက်စ်သည် ထိုကဲ့သို့သော ဇာတ်လမ်းမျိုး ကြုံရသူ ဖြစ်သည်။ ၂၀၀၄ ခုနှစ်က အီရတ်တွင် ဗုံးဒဏ်ကြောင့် ၎င်းဒဏ်ရာရရှိသွားခဲ့ပြီး ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရသည်။ အရပ်သား ပြန်ဖြစ်လာသောအခါ ခက်ခဲပင်ပန်းပါသည်။ စုထားဆောင်းထားသမျှတွေကို သုံးပစ်ရတော့သည်။ “မိုးမှောင်တဲ့နေ့ရက်တွေ အတွက် ကျွန်တော်တို့က ငွေတော့စုထားပါတယ်။ ခုက မိုးမှောင်တဲ့နေ့လေ” ဟု ဗောလက်စ်က ပြောကြားပါသည်။ 

ဒန်ဝေါရက်၏ အကူအညီဖြင့် သူတို့ နေစရာ အဆင်ပြေသွားသည်။ ခုဆိုလျှင် အိမ်ကလေးနှင့်ဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် စစ်သားလူထွက် ဒန်ဝေါရက်သည် တက္ကသိုလ်တွင် ပြည်သူ့လုံခြုံရေး ဘာသာရပ်ကို ပါရဂူဘွဲ့အတွက် အလုပ်လုပ်နေပြီ ဖြစ်သည်။ ဇနီးသည်ကလည်း အထူးလိုအပ်ချက် ရှိသူများအတွက် ပညာရေးဆိုင်ရာ ကျွမ်းကျင်မှု မဟာဘွဲ့ ရသွားပြီ ဖြစ်သည်။

“သူတို့အစီအစဉ်က ကျွန်တော်တို့ကို ကယ်လိုက်တာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ အောင်မြင်စွာ ရှေ့ဆက်နိုင်တာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် စဉ်းစားပေးခဲ့ပါတယ်။ ဒါဟာ သူရဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ” ဟု ဗောလက်စ်က ထောက်ပြသည်။ 

အီရတ်နှင့် အာဖဂန်နစ္စတန်တွင် ဒဏ်ရာရသွားသော တပ်မတော်သား သုံးသောင်းလောက် အတွက် သူလုပ်ပေးနေသည်မှာ ဘာဆိုဘာမှ မဟုတ်သေးပါကြောင်း ဒန်ဝေါရက်က ပြောကြားသည်။ 

“ဒီကလေးတွေဟာ ကျွန်တော့်အတွက် ခင်ဗျားတို့အတွက် အလုပ်ထွက်လုပ်ခဲ့ကြသူတွေပါ။ ကျွန်တော်တို့ကလည်း တစ်ခုခု ပြန်လုပ်ပေးဖို့ လိုပါတယ်” ဟု ဒန်ဝေါရက်က ဆိုသည်။ လက်သမားများ၊ အလှူရှင် အိမ်ဆောက်ပစ္စည်းဆိုင်များကို လိုက်လံစည်းရုံးရင်း တက္ကဆက်တွင် မမောနိုင်မပန်းနိုင် အလုပ်လုပ်နေသည့် လက်သမားဆရာကြီး ဖြစ်သည်။
        
သန့်ဇင်စိုး