News

POST TYPE

ABOUT US

ကျောင်းဥယျာဉ်

လွန်ခဲ့သည့် ၆ နှစ်ကဖြစ်ပါသည်။ တိုနီဟီလာရီသည် နယူးယောက်မြို့ ဟာလမ်ဒေသမှ အစိုးရကျောင်းတစ်ကျောင်းတွင် စေတနာ့ဝန်ထမ်း ဝင်လုပ်ခဲ့သည်။ တစ်ရက်သော နေ့လယ်စာ စားသောနေ့တွင် မူလတန်းကြို ကျောင်းသူလေး တစ်ယောက်နှင့် စကားပြောဖြစ်သည်။ အဆိုပါ ကျောင်းသူလေးက သူ့ကို ပြောပြသော စကားကြောင့် တိုနီ မှင်တက်သွားသည်။ ကလေးမလေးက ခရမ်းချဉ်သီးများသည် ဆူပါမားကက်ထဲက ထွက်လာသော အရာများဖြစ်သည်ဟု ပြောနေသောကြောင့်ဖြစ်သည်။ “သေသေချာချာ စကားပြောဖြစ်တယ်။ ကလေးမက တကယ်ကို ဘူးခံ ငြင်းနေတာ”ဟု ၎င်းက ပြန်စဉ်းစားရင်း ပြောပြ သည်။ “ဒီလိုနဲ့ ကျွန်တော်လည်း တခြားကျောင်းသားတွေကို စစ်တမ်းလေးတစ်ခု ကောက်ကြည့်တယ်။ သူတို့က ခရမ်းချဉ်သီးဆိုတာ ဆူပါမားကက် ရတယ်ဆိုတာကို လက်ခံယုံကြည်နေကြတယ်။ ကျန်းမာတဲ့ အစားအသောက်ဆိုတာဘာလဲ၊ ဘယ်ကရသလဲဆို တာ သူတို့မသိကြဘူး” ဟု တိုနီက ပြောပြသည်။ 

ကျောင်းသားကျောင်းသူ အတော်များများသည် နွမ်းပါးသော မိသားစုများက လာကြကာ သန့်ရှင်းကျန်းမာသော စားစရာများကို ဝယ်ယူစားသုံးပိုင်ခွင့် နည်းပါးကြသူများ ဖြစ်ကြသည်။ သို့သော် ကလေးများသည် ဟင်းသီးဟင်းရွက်များကို အမျိုးအမည်ပင် မသိကြသည်ကို တွေ့ရသောအခါ တိုနီ လန့်သွားခဲ့၏။ ကျောင်း၏ တစ်ဖက်ခြမ်းတွင် စွန့်ပစ်ထားသော ရပ်ရွာဥယျာဉ်တစ်ခုရှိလေရာ တိုနီ အကြံတစ်ခုရသွားသည်။ ဖုန်းတော့နည်းနည်းဆက်လိုက်ရသည်။ ထိုနေရာကို မြို့ပြအုပ်ချုပ်ရေးတွင် မှတ်ပုံတင်ကာ မြို့ပြစိုက်ခင်းလေးတစ်ခု ဖန်တီးခဲ့သည်။ “ဟာလမ် မြို့လယ်က ဖုန်တောကွင်းကြီးကို ကျွန်တော် ရခဲ့လိုက်တယ်။ အရင်ကလည်း ကျွန်တော်က ဘာပင်မှ စိုက်ဖူးတာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

Harlem Grown ဟု အမည်ပေးထားသော လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ကို တည်ထောင်ဖွဲ့စည်းခဲ့လေရာ ယခုအခါ မြို့ပြရပ်ရွာစိုက်ခင်း ၁၀ ခင်းအထိ ဦးဆောင်ဖော်ဆောင်ထားပြီးဖြစ်သည်။ သူ့ကျောင်းစိုက်ခင်းများသည် လူငယ်များ၏ စေတနာ့ဝန်ထမ်းအားဖြင့် စုစည်းဖော်ဆောင်ခြင်း ဖြစ်ပါသည်။ စိုက်လည်းစိုက်၊ သင်လည်းသင်၊ စားလည်းစားသည့် အဆိုပါ ဥယျာဉ်မှူးလူငယ်များအတွက် အဆင့်မြင့်ပညာပိုင်းနှင့် ဘဝတွက်တာ နည်းပေးလမ်းပြ အစီအစဉ်များလည်း ပြုလုပ်ပေးပါသည်။ “ကျွန်တော်တို့ စုပေါင်း စိုက်ခင်းလေးတွေကနေ ကမ္ဘာကြီးကို မြင်အောင်ကြည့် နိုင်ကြပါတယ်”ဟု တိုနီက ပြောကြားသည်။ သူ၏ ကျောင်းဥယျာဉ်အစီအစဉ်သို့ စေတနာ့ဝန်ထမ်း ကျောင်းသား လေးထောင်ခန့် ပါဝင်သင်ယူခဲ့ကြပြီး ဖြစ်သည်။ “ဆင်းရဲနွမ်းပါးမှုဆိုတာ ရယူပါဝင်လုပ် ဆောင်ခွင့်မရှိတာပါပဲ။ ကျွန်တော်တို့က ဒီလို ရယူပါဝင်နိုင်ခြင်းကို ဆောင်ကြဉ်းပေးပါတယ်” ဟု တိုနီကဆိုသည်။ 

ကျောင်းသားကျောင်းသူများနှင့် အချိန် အတော်ကြာအောင် အတူရှိခဲ့ဖူးပြီးနောက်တွင် ကလေးငယ်တို့၏ ရယူလေ့လာသင်ယူနိုင်ခွင့် ချို့တဲ့မှု၊ အခွင့်အလမ်း ခေါင်းပါးမှုတို့က အစားအသောက်တွင်သာမဟုတ် ဘဝ၏ ရှုထောင့်ပေါင်းစုံတွင် ရှိနေကြောင်း သိခဲ့သည်။ အစပိုင်းက စိုက်ခင်းပျက်ကြီးကို ကလေးများက သရဲခြောက်သော လယ်ကွက်ကြီးဟု ပြောနေခဲ့သည်။ ကျောင်းသားကလေးငယ်များနှင့်အတူ ထိုခြံကြီးကို ရှင်းခဲ့ကြသည်။ မျိုးစေ့ ၄၀၀ ခန့် ဝယ်ယူကာ ကျောင်းသားများနှင့်အတူ တပျော်တပါး စိုက်ပျိုးကြသည်။ ကျောင်းသားတိုင်း ကိုယ့်အပင် ကိုယ်စိုက်ရသည်။ ဒီလိုနှင့် Harlem Grown အစီ အစဉ် အရှိန်ရလာခြင်း ဖြစ်ပါသည်။ မျိုးစေ့တစ်စေ့မှသည် စားနိုင်သော သီးနှံများ ရလာသည်ကို ကိုယ်တိုင်လက်တွေ့လုပ်ရင်း သင်ယူရသော အစီအစဉ်ကို ကလေးများလည်း နှစ်သက်ကြပါသည်။ ကလေးများသည် ကိုယ့်အပင်ကို အတော်ဂရုစိုက်ကြသည်ကို တွေ့လာရသည်။ တိုနီ၏ အစီအစဉ်က ရှင်းပါသည်။ ကလေးတစ်ဦးက အပင်တစ်ပင် စိုက်ပြီဆိုလျှင် အသီးအနှံ ရလာပြီးနောက် စိုက်ပျိုးရေးဖြစ်စဉ်ကိုသာ သင်ကြားသည်မဟုတ်ဘဲ မည်သို့ စားသောက်ဖွယ်ဖြစ်လာသည်၊ မည်သို့ ပြင်ဆင်ရသည်ကိုပါ လေ့လာစေပါ သည်။ ကလေးများကို ပိုမိုကျန်းမာသော၊ ရေရှည် တည်တံ့သည့် ဘဝနေထိုင်မှုနှင့် မိတ်ဆက်ပေးခြင်းလည်း ဖြစ်ပါသည်။ 

သူတို့မြို့ကလေးတွင် မူလတန်းကျောင်း ခြောက်ကျောင်းရှိပါသည်။ ကျောင်းစာသင်နှစ်အတွင်း နေ့စဉ် မနက်စာ နေ့လယ်စာ ကျွေးသည်။ သူတို့အစီအစဉ် Harlem Grown က ကျောင်းတိုင်းနှင့် ချိတ်ထားကာ ကျောင်းဥယျာဉ်သင်ကြားမှုအစီ အစဉ်များ လုပ်ပေးသည်။ ကျောင်းသားများသည် ၎င်းတို့ စိုက်ပျိုးလေ့လာရင်း ရလာသည့် ရလဒ်များကို စားသုံးနိုင်ကြသည်။ ကျောင်းဥယျာဉ် အစီအစဉ်သည် ပလတ်စတစ် အစားထိုးခြင်း သင်ခန်းစာများကိုလည်း သင်ကြားပေးသည်။ စာကြွင်းစားကျန်များဖြင့် မြေဩဇာပြုလုပ်ခြင်းကိုလည်း ရှင်းပြပေးကြသည်။

တိုနီဖော်ဆောင်ထားသည့် ကျောင်းဥယျာဉ် စာသင်ခန်း အစီအစဉ်သည် အလွန်အဓိပ္ပာယ်ပြည့်ဝသော အစီအစဉ် တစ်ရပ်ဖြစ်သည်။ ကလေးများအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းထူးချွန်လာစေဖို့ကိုလည်း အထောက်အကူဖြစ်စေပါသည်။ များသောအားဖြင့် ကျောင်းဥယျာဉ်များသည် ရုပ်ပြများသာ ဖြစ်တတ်ကြသည်။ ကျောင်းဝင်းအတွင်း လူကြီးလာစစ်လျှင် ဥယျာဉ်ရှိနေအောင် ပြထားခြင်း ဖြစ်ပေသည်။ စိုက်ပျိုးရေး လုပ်သားငှားထားပြီး စိုက်ပြထားခြင်းဖြစ်သည်။ တကယ်တမ်းတော့ ကျောင်းဥယျာဉ် မြေကွက်လပ်များသည် ကလေးများအတွက် လေ့လာစရာ နေရာအမှန်များဖြစ်သည်။ ထိုနေရာများကို စစ်မှန်အောင် တိုနီက အကောင်းဆုံး ကြိုးစားပေးခဲ့သည်။ စံပြကျောင်းဥယျာဉ်များရှိရာ မြို့ကလေးဖြစ်လာသည်။

သန့်ဇင်စိုး