News

POST TYPE

ABOUT US

ဒေါက် . . . ဒေါက် . . . ခြေအိတ်အပိုများ ရှိပါသလား
04-Feb-2018



အေးစက်လှသော နယူးယောက်၏ ဆောင်းရာသီတွင် အိမ်ခြေမဲ့များ ရှင်သန်ရသည်မှာ မလွယ်ကူလှပေ။ အဒီနာလင့်ခ်ျမန်းဆိုသူ အမျိုးသမီးငယ်သည် မိတ်ဆွေများနှင့်အတူ အိမ်ခြေမဲ့များ စားသောက်ရေးအတွက် ကူညီနေခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့လေပြီ။ တစ်ရက်တော့ နယူးယောက်အိမ်ခြေမဲ့ လမ်းပေါ်နေသူများအတွက် သူတို့အဖွဲ့ အသားညှပ်မုန့်များ ဝေပေးကြသည်။ လူတစ်ယောက် ချဉ်းကပ်လာပြီး ကျေးဇူးတင်စွာဖြင့် ပြောသည်။ “အသားညှပ်မုန့်တွေပေးတာ ကျေးဇူးတင်ပါတယ်။ ဆောင်းတွင်းနီးလာတဲ့ အချိန်မှာ ကျွန်တော်တို့ တကယ်လိုနေတာ ခြေအိတ်တွေပါပဲ” လို့ ထိုသူက ပြောသည်။ အကူအညီလိုအပ်နေသူများ၏ တကယ်အလိုအပ်ဆုံးကို ကူညီရမည်မှန်းကို အဒီနာလင့်ခ်ျမန်း သဘောပေါက်သွားခဲ့သည်။ 

“ဒီနေရာမှာပဲ၊ အသားညှပ်မုန့်တွေကိုင်ပြီး ကျွန်မစဉ်းစားမိတယ်။ လူတွေကို တကယ်ကူညီတယ်ဆိုတာ သူတို့အသံကိုနားထောင်ပြီး မတူညီတဲ့ လိုအပ်ချက်တွေကို နားလည်လက်ခံပေးတယ် ဆိုတာပါပဲ”ဟု ၎င်းက ပြန်ပြောပြသည်။ “ဒါဟာအားကောင်းတဲ့ သင်ခန်းစာတစ်ခုပါ။ ဒါကို ကျွန်မက လက်တွေ့ဆောင်ရွက်ချင်ပါတယ်”ဟုလည်း ဆိုခဲ့သည်။ 

ထိုညက ခြေလှမ်းငယ်တစ်ခုစခဲ့သည်။ ထိုစဉ်ကသူမသည် နယူးယောက်တက္ကသိုလ်၌ အဆောင်နေသူဖြစ်ပါသည်။ အဆောင်တံခါးတိုင်းကို လိုက်ခေါက်ကာ ခြေအိတ်အပို တစ်စုံလောက်များ လှူနိုင်မလားလို့ လိုက်မေးခြင်းဖြစ်သည်။ နယူးယောက်ဆောင်းတွင်း၌ ခြေအိတ်လက်အိတ်ဗလာဖြင့် ဖြတ်သန်းရမည့် အိမ်ခြေမဲ့များအတွက် တတ်နိုင်သလောက် ကူညီရန်ဖြစ်ပေသည်။ တစ်ညတည်းတွင်ပင် ခြေအိတ်အစုံ ၄၀ ရရှိပါသည်။ ဒါတောင် တစ်ထပ်တည်းက အဆောင်နေသူများကို လိုက်အလှူခံခြင်းဖြစ်သည်။ ရက်အနည်းငယ်ကြာသော် သူမ၏ အခန်းကျဉ်းလေးထဲ ခြေအိတ်များ ပြည့်သွားခဲ့ပါသည်။ 

“ကောလိပ်ကျောင်းသား လူငယ်တွေက ကောင်းတာလေးတွေ လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့တံခါးကို လာခေါက်ဖို့လူကို စောင့်နေကြတာပါ။ ပြီးတော့ လူတိုင်းမှာက လှူစရာခြေအိတ်ဆိုတာ ရှိတာပဲဟာကို”ဟု လင့်ခ်ျမန်းက ပြောပြသည်။ “ဒေါက် ဒေါက် ခြေအိတ်အလှူခံပါတယ်” Knock Knock, Give a Sock ဆိုသည့် ပရဟိတ အစီအစဉ်လေးကို တဖြည်းဖြည်းစဖြစ်သည်။ ခြေအိတ်အလှူခံသည်။ ပြီးလျှင် အိမ်ခြေမဲ့များအတွက် လိုအပ်နေသည့် အနွေးဓာတ်ရရန် ကူညီပေးကြသည်။ နယူးယောက်နှင့် အခြားမြို့များတွင် ခြေအိတ်အစုံ သုံးသိန်းခွဲလောက် ကူညီပေးအပ်နိုင်ခဲ့လေပြီ။ အဒီနာလင့်ခ်ျမန်းသည် ထိုအလုပ်ကိုပင် အချိန်ပြည့်လုပ်နေပေတော့၏။ 

“လူတွေက အဝတ်အစားတွေ လှူကြတယ်ဆိုပေမယ့် ၁၀ ခါလှူရင် ခြေအိတ်က တစ်ခါတောင် မပါဘူး။ ပြီးတော့ သုံးပြီးသားခြေအိတ်ကိုလည်း လူတွေက မလှူချင်ကြဘူးလေ။ ကျွန်မတို့က သုံးပြီးသားခြေအိတ်ကို လက်ခံပါတယ်။ ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေဟာ ကျောင်းအဆောင်တွေက သူငယ်ချင်းတွေရဲ့ တံခါးတွေကို လိုက်ခေါက်ခဲ့ကြပါတယ်။ အိမ်နီး ချင်းတွေလည်း မလွတ်စေရဘူး”ဟု ပြောပြသည်။ သည်လိုနှင့် သူတို့ ကြိုးစားနေကြသည်ကို လူသိများလာသည်။ နာမည်ကြီးပုဂ္ဂိုလ်များပင် ပါလာခဲ့သည်။ ရုပ်ရှင်မင်းသမီး ဂျက်ဆီကာအယ်ဘာ၏ ခင်ပွန်းက ခြေအိတ်အစုံနှစ်သိန်းခွဲ လှူပေးလိုက်သည်။ အိမ်ခြေမဲ့များကိုသာမက ဆင်းရဲနွမ်းပါးသော ကျောင်းသား လူငယ်လေးများကိုပင် ပေးဝေနိုင်ခဲ့ပါသည်။ 

အဒီနာလင့်ခ်ျမန်းသည် အိမ်ခြေမဲ့များနှင့် စကားစမြည်ပြောဆိုသော ညစာစားပွဲများကိုလည်း စီစဉ်လေ့ရှိသည်။ အိမ်ခြေမဲ့များအနေနှင့် ၎င်းတို့ အခြေအနေများကို ပြောပြဖြစ်အောင်၊ ၎င်းတို့ကို ခွဲခြားဆက်ဆံကာ ဘေးထုတ်ထားခြင်းများကို ပပျောက်အောင် စီစဉ်ခြင်းဖြစ်ပါသည်။ ကောလိပ် ကျောင်းသားလေးများစုပြီး လှူဒါန်းသည့် အဆင့်မှသည် နိုင်ငံတော်အဆင့်အထိ ဖြစ်ရလေအောင် ရည်မှန်းထားသည်ဟု အဒီနာလင့်ခ်ျမန်းက ပြောပြသည်။ 

အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးက ကောလိပ်ကျောင်း ၅၀ ၊ အထက်တန်း ကျောင်းပေါင်းများစွာနှင့် ချိတ်ထားပြီး လူငယ်အင်အားဖြင့် ကြိုးစားပြီး ရှေ့ဆက်နေကြပါသည်။ ဘယ်လောက်ပဲ အင်အားကောင်းသည်ဖြစ်ပါစေ အိမ်ခြေမဲ့များ၏ လမ်းဘေးနေဘဝတွင် ဆောင်းတွင်း ခြေအိတ်လက်အိတ်များက လိုအပ်နေဆဲဖြစ်သည်။ အဒီနာတို့ကတော့ သူတို့ကို လှူလှူမလှူလှူ ကိုယ့်ခြေအိတ်ကလေးများကို သန့်ရှင်းရေးလုပ်ပြီး လိုအပ်နေသူများကို မျှဝေပေးပါဟု တိုက်တွန်းနေကြလျက်ရှိသည်။ 

သန့်ဇင်စိုး