News

POST TYPE

ABOUT US

“အောင်ဆန်း”ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်း ကမ္ဘောဇရိပ်သာတွင်ဖွင့်
28-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၈

“အောင်ဆန်း”ဟု အမည်ပေးထားသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်အောင်မြင်စွာ ရိုက်ကူးပြသနိုင်ရန် ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်းကို ရန်ကုန်မြို့တော် ကမ္ဘာအေး ဘုရားလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) တွင် ဇန်နဝါရီလ ၂၈ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါဇာတ်ကားကို အချိန် ၂ နှစ်ယူမည်ဖြစ်ပြီး ဇာတ်ညွှန်းကို ၆ လအချိန်ယူရေးမည့်အပြင် ရိုက်ကူးရေးအတွက် ၆ လ ပြင်ဆင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်စတွင် စတင် ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားထားသည်။

အဆိုပါဇာတ်ကားကို ကျပ်သန်းပေါင်း တစ်ထောင့်ငါးရာကျော် အသုံးပြုကာ၂၀၁၉ ခုနှစ်တွင် အပြီးရိုက်ကူးမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်တွင်ပြုလုပ်သည့် အဆိုပါ ရုပ်ရှင်ရိုက်ကူးရေး ဒုတိယအကြိမ် အစည်းအဝေးအပြီး ပြောကြားခဲ့သည်။

ကြန့်ကြာနေသော ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်က  ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီသည် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် သမိုင်းဆိုင်ရာ လွဲမှားမှုမရှိစေရေး၊ ရန်ပုံငွေဖြင့် ကိုက်ညီသည့် အရည်အသွေးမီ ဇာတ်ကားဖြစ်လာစေရေးနှင့် လိုအပ်သည့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး စသည့်လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်တို့ တွေ့ဆုံရာမှ ရုပ်ရှင်ရိုက်ကူးရန် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာ ပြည့်မွေးနေ့၌ ရုပ်ရှင်ပြသနိုင်ရန် စီစဉ်ခဲ့သော်လည်း ၁၁ မိနစ်စာ ရုပ်ရှင်အမြည်းသာ ပြသနိုင်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးမှုကို ရပ်နားထားခဲ့ခြင်း ဖြစ်သည်။