News

POST TYPE

ABOUT US

စာရွက်မဲ့ကျောင်းများဖြင့် အနာဂတ်ကိုပြင်ဆင်ခြင်း
28-Jan-2018

စက္ကူမဲ့၊ စာရွက်မဲ့ကျောင်း (Paperless School) တွေကို တည်ဆောက်ဖို့ ပထမဦးဆုံး ကွန်ပျူတာ Network နဲ့ အင်တာနက်ကို ထူထောင်ရမယ်။ ဆရာတွေကိုယ်တိုင် စက္ကူနဲ့စာရွက်တွေကို သုံးလိုစိတ် ဖြတ်တောက်နိုင်ရမယ်။ ကျောင်းသားတွေကို ကျောင်းခေါ်ကြိမ်ယူတာ အွန်လိုင်းကနေ ဆက်သွယ်မှုနဲ့ သတ်မှတ်မယ်။ အွန်လိုင်းကနေ ပြန်တင်တဲ့ ဖြေဆိုချက်တွေကိုပဲ အမှတ်ပေးမယ်။ 

ယခုပြောနေတာ ပညာစိတ်ကူး (Edutopia) လို့ ဆိုချင်ဆို၊ လက်တွေ့ အကောင်အထည်ဖော်မယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ ပညာရေးမှာ စာရွက်မဲ့ကျောင်းတွေကို စိတ်ကူးသူတွေက စိတ်ကူး၊ အကောင်အထည်ဖော်သူတွေ ဖော်နေကြပါတယ်။ 

အမေရိကန်ပြည်ထောင်စု ကင်တာ့ကီ ကျေးလက်ဒေသလေးမှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းမှာ “အိမ်စာတွေ ညီမလေးဆွဲဖြဲလိုက်လို့” “ရေစိုသွားလို့” ဆိုတဲ့ ဆင်ခြေတွေမရှိပါဘူး။ ဆရာ စာသင်နေချိန်မှာလည်း ခဲတံချွန်နေရလို့ နောက်ကျသွားတယ်ဆိုတာလည်း မရှိဘူး။ ဒီကျောင်းအမည်က “Eminence” အလယ်တန်းကျောင်းလို့ခေါ်တယ်။ ကျောင်းကို စာရွက်မဲ့ ကျောင်းတစ်ကျောင်းဖြစ်အောင် အကောင်အထည်ဖော်ပေးနေသူက ဆရာမ စတက်ဖနီဆော်ရဲလ် တဲ့။ 

သူကိုင်နေတဲ့ ၇ တန်းနဲ့ ၈ တန်းအဆင့်မှာ စာရွက်မဲ့အတန်းအဖြစ် စတင်အကောင်အထည် ဖော်ပေးနေတယ်။ လက်ရှိတော့ တစ်နိုင်တစ်ပိုင် အတန်းအနေနဲ့ပဲ လုပ်နိုင်သေးတယ်။ မကြာမီ တစ်ကျောင်းလုံးကို စာရွက်မဲ့ကျောင်းအဖြစ် အကောင်အထည်ဖော်မယ်လို့ အားမာန်အပြည့်နဲ့ လှုပ်ရှားနေတယ်။ 

ဆော်ရဲလ်အတန်းက ကျောင်းသားတွေကို ကြည့်လိုက်ရင် ပူးလေးတွေလိုပဲ။ အတန်းထဲမှာ နည်းပညာကို အတတ်နိုင်ဆုံးရရှိအောင် ကြံဆောင်ပေးထားတယ်။ အနည်းဆုံး PDA (Personal Digital Assistant) လို့ ခေါ်တဲ့ ကွန်ပျူတာတွေကို တစ်ယောက်တစ်လုံး ကိုင်ထားကြရတယ်။ 

PDA တွေက ဒီနေ့ခေတ်ပေါ် Tablet PC တွေလောက် အဆင့်မမြင့်ပေမယ့် အွန်လိုင်းသုံးလို့ရတယ်။ အင်တာနက်၊ အီးမေးလ် သုံးနိုင်တယ်။ ဆရာမဆီကို အိမ်စာတွေ PDA က တစ်ဆင့်ပို့အောင် သတ်မှတ်ထားတယ်။ ဆရာမကလည်း သူ့အိမ်ကွန်ပျူတာထဲမှာ မေးခွန်းတွေကိုရိုက်ပြီး ကျောင်းသားတွေဆီကို အီးမေးလ်နဲ့ပို့တယ်။ 

ရွှေ့ပြောင်းကျောင်းသားများ အားထားစရာ

ကင်တာ့ကီပြည်နယ်က ဟင်နရီကောင်တီဆိုတဲ့ ဒေသဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးနေဆဲဖြစ်တယ်။ လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်သားတွေ အားကိုးပြီး လုပ်ကိုင်နေကြရတယ်။ အဲဒီ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးအများစုဟာ ဆော်ရဲလ်ရဲ့ ကျောင်းသားတွေပါ။ သူတို့ဟာ စပိန်စကားပြောသူတွေဖြစ်ပြီး အင်္ဂလိပ်စကားပြောတဲ့ ကျောင်းသားတွေနဲ့ရောပြီး စာသင်နေကြသူတွေဖြစ်တယ်။ 

အဲဒီ ရွှေ့ပြောင်းကျောင်းသားတွေအတွက် ဆော်ရဲလ်ဟာ ပရောဂျက်တစ်ခု လုပ်ရတယ်။ ပရောဂျက်အမည်ကို “ကင်တာ့ကီ ရွှေ့ပြောင်းနည်းပညာ ပရောဂျက်” လို့ အမည်ပေးထားတယ်။ OVEC (Ohio Valley Educational Cooperative) ရဲ့ လက်အောက်မှာ လုပ်ရတယ်။ OVEC က ဆော်ရဲလ်ကို လက်ကိုင် PDA အလုံး ၃၀ ထုတ်ပေးတယ်။ စပိန်ဘာသာစကားနဲ့ ရေးသားထားတဲ့ သင်ခန်းစာတွေကိုလည်း အဲဒီ PDA တွေထဲမှာ ထည့်ပေးထားတယ်။ စပိန်ရွှေ့ပြောင်းကျောင်းသားတွေအတွက် အများကြီး အထောက်အကူဖြစ်စေနိုင်တယ်။

ဆော်ရဲလ်က “အဲဒီ PDA တွေဟာ ကျွန်မကျောင်းသားတွေကို အတော်လေး အထောက်အကူပြုတယ်” လို့ ပြောတယ်။ PDA တွေနဲ့ ပြက္ခဒိန်ကြည့်တယ်၊ သင်္ချာတွက်တယ်။ ထည့်သွင်းထားတဲ့ စာတွေကိုဖတ်ပြီး လေ့ကျင့်ကြတယ်။

ပညာရေး ငွေကုန်သက်သာ

ဆော်ရဲလ်တွက်ပြတာက “ကျောင်းသားတစ်ယောက်ကို တစ်ရက် စာရွက် နှစ်ရွက်ပဲသုံး၊ တစ်ပတ်ဆိုရင် ကျောင်းမှာ စာရွက် ၉၀၀ လောက်ကုန်မယ်။ ကျောင်းသင်ခန်းစာတွေကို အရင်က မိတ္တူကူးပေးရတယ်။ မေးခွန်းတွေကို မိတ္တူကူးရင်လည်း စာရွက်ကုန်၊ အချိန်ကုန်၊ ငွေကုန်သေးတယ်။ PDA တွေသုံးလိုက်လို့ ဘယ်လောက်အကုန်အကျတွေ သက်သာသွားသလဲ”လို့ ပြောတယ်။ 

လက်ရှိ ကျောင်းမှာသုံးနေတဲ့ PDA တွေနဲ့ အင်တာနက်သုံးနိုင်တယ်။ အင်တာနက်ကနေ ကျောင်းစာတွေ၊ စာအုပ်တွေ download ချယူတယ်။ Internet Public Library (http://www.ipl.org) ကနေ “ရိုမီယိုနဲ့ဂျူးလီးယက်” လိုစာအုပ်တွေ သွားဖတ်ကြတယ်။ စာအုပ်တွေကို အွန်လိုင်းက ငှားဖတ်တယ်။ စာရွက်တွေ တစ်ရွက်မှမလိုဘူး။

မနှစ်ကစပြီး ၇ တန်းကျောင်းသားတွေကို PDA တွေယူလာခိုင်းတယ်။ မိုက်ခရိုဆော့ဖ်ကလည်း သူ့ကျောင်းကို PDA အလုံး ၆၀ လှူထားသေးတယ်။ 

လက်ရှိ အောင်မြင်နေတယ်ဆိုပေမယ့် ဆော်ရဲလ်အနေနဲ့ အနာဂတ်အတွက် ပူပန်နေတယ်။ သူ့ကျောင်းသားတွေ ၉ တန်း ရောက်သွားရင်ဆိုတဲ့ သောကရှိနေတယ်။ ၉ တန်းရောက်မှ စာရွက်တွေ၊ ခဲတံတွေ ပြန်ကိုင်နေကြရင်ဆိုတဲ့ သောကရှိနေပါတယ်။ “ကျောင်းသားတွေက ကျွန်မဆီလာပြီး ၉ တန်းရောက်ရင် PDA တွေ ပြန်ပေးသွားရမလား” ဆိုတဲ့စကားကို သူရင်နာ နေတယ်။ 

တကယ်တော့ PDA တွေက ကျောင်းပိုင်၊ ဒေသပိုင်လို့ ပြောရမယ်။ လက်ရှိ ၇ တန်းနဲ့ ၈ တန်း ကျောင်းသားတွေကို တစ်ယောက်တစ်လုံး ပေးထားတယ်။ ကျောင်းဆင်းရင် အိမ်ကို ယူသွားနိုင်တယ်။ လွတ်မကျအောင်၊ မပျက်စီးအောင် တာဝန်ယူရတယ်။ တစ်လုံးကို ဒေါ်လာ ၂၀၀ လောက် တန်တယ်ဆိုပေမယ့် မရှိတဲ့သူတွေအတွက် အရမ်းများတဲ့ အရင်းအနှီးလို့ ပြောရမယ်။ 

“ကျွန်မက ၅ တန်းနဲ့ ၆ တန်းအထိ PDA တွေကို ပေးကိုင်ချင်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အလုံအလောက်မရှိဘူး။ ငွေလည်းမရှိဘူး။ ကလေးတွေကြောင့် ပျက်သွားရင်လည်း နောက်တစ်လုံး မစဉ်းစားရဲဘူး။ ခုတောင် ပျက်တာတွေ ပြန်ပြင်သုံးနေရတယ်” လို့ ဆော်ရဲလ်က ပြောတယ်။ 

စက္ကူတွေမကုန်တော့

ပင်ဆယ်ဗေးနီးယား၊ Hatboro Horshman အထက်တန်းကျောင်းက ကွန်ပျူတာသိပ္ပံဌာနမှူး အက်ဒ်ရှာရက်တာကလည်း စာရွက်မဲ့ကျောင်းတစ်ကျောင်း ဖြစ်ရေးကို ကြိုးစားနေပါတယ်။ “အင်တာနက်မှာ လိုချင်တာတွေ ရှာနိုင်တဲ့ခေတ်မှာ စာရွက်တွေ မလိုပါဘူးဗျာ” လို့ သူက ပြောတယ်။ “ကျွန်တော်တို့ အခုကတည်းက လုပ်ရမယ်။ ဒီသဘောတရားတွေ လူတိုင်းသိအောင် လုပ်ရမယ်။ အချိန်ကုန်၊ ငွေကုန်အရမ်းနည်းပြီး အကျိုးရှိတယ်ဆိုတာ သိအောင်လုပ်ရမယ်” လို့ သူက ဆိုတယ်။

ကျောင်းအာဏာပိုင်တွေကလည်း ကျောင်းမှာရှိတဲ့ စာသင်ခန်း ၂၀ အတွက် တစ်ပတ် စာရွက် ၅၀၀ ပဲသုံးဖို့ စတင်သတ်မှတ်ထားတယ်။ 

စာရွက်မဲ့ စာသင်ခန်းဖြစ်ရေးကို ကျောင်းမှာ သစ်ပင်စိုက်ပွဲ ကျင်းပတဲ့နေ့ကစပြီး စိတ်ကူးရကြတယ်။ စာရွက်တွေမသုံးရင် သစ်ပင်တွေလည်း မဆုံးရှုံးတော့ဘူးဆိုတဲ့ သဘောတရားကို ပြောသာပြောပြီး လက်တွေ့ကျင့်သုံးတာ ရှားတယ်။ ဒါကြောင့် ကျောင်းအနေနဲ့ စာရွက်မဲ့ကျောင်းကို စတင်ကြည့်ဖို့ စိတ်ကူးအကောင်အထည် ဖော်ကြည့်ကြတာပါ။

ရှာရက်တာက “စာရွက်မဲ့လှုပ်ရှားမှုဟာ ဒစ်ဂျစ်တယ်ခေတ်ကို တွန်းပို့ရာလည်းရောက်တယ်။ ခုဆိုရင် ကျောင်းမှာ ဆရာတွေ ကျောင်းသားတွေ အိမ်စာတွေကို ကျောင်းက အင်တာနက်သုံးပြီး လုပ်ရမှန်းသိလာကြတယ်။ ဆရာတွေကလည်း အစီရင်ခံစာတွေကို အီးမေးလ်နဲ့ပို့လာကြတယ်။ ကျောင်းသတင်းဆိုပြီးတော့တောင် အင်တာနက်ကနေ လှုပ်ရှားလာတာမျိုးတွေရှိနေပြီ” လို့ ပြောပါတယ်။ 

မကြာမီ အနာဂတ်ပညာရေးဟာ ကျောင်းကို ကျောင်းသားလာမှဆိုတဲ့ အယူအဆ ပျောက်ကွယ်သွားမယ်။ အွန်လိုင်းကနေ ကျောင်းခေါ်ကြိမ်သတ်မှတ်မယ်။ အွန်လိုင်းမှာ တစ်နေ့ ဘယ်နှနာရီဝင်ပြီး အလုပ်လုပ်တယ်ဆိုတာနဲ့ သတ်မှတ်မယ်။ အွန်လိုင်းမှာ ဘယ်လောက် ရှာဖွေနိုင်တယ်ဆိုတာနဲ့ အရည်အချင်းကို သတ်မှတ်တဲ့ခေတ် ရောက်လာလိမ့်မယ်။

ရှေ့ဆက်မှသာ အောင်မြင်မှာ

ရှာရက်တာက “ကျောင်းရဲ့ ဦးတည်ချက်က စာရွက်မဲ့ကျောင်းဆိုတာ နည်းပညာကို ကျောင်းတွေမှာ ရောက်လာဖို့လုပ်တာလို့ ပြောရင်လည်းရတယ်။ ပြောင်းလဲမှုတစ်ခုကို မဖြစ်နိုင်ပါဘူးပြောပြီး ရပ်ကြည့်နေမယ့်အစား ဖြစ်နိုင်တဲ့နေရာကနေ စလုပ်ကြည့်မယ်။ လူတွေစိတ်ထဲမှာ အရိုးစွဲနေတယ်ဆိုတာ မချွတ်လို့မရတာတော့ မဟုတ်ဘူးဗျ။ မဖြစ်မနေလုပ်ကို လုပ်ရတော့မယ်ဆိုရင် လိုက်လုပ်ကြပါတယ်” လို့ ပြောတယ်။ 

သူ့ကျောင်းမှ ကျောင်းသားပေါင်း ၁၄၀၀ ရှိတယ်။ လက်ရှိကျောင်းမှာ ကျောင်းသား ၃ ယောက်၊ ကွန်ပျူတာတစ်လုံးနှုန်းပဲ ဖန်တီးပေးနိုင်သေးတယ်။ သူတို့ပြည်နယ်မှာ လက်ပ်တော့ကွန်ပျူတာတွေကို ရှေ့ပြေးစီမံချက်နဲ့ ပညာရေးမှာ အသုံးပြုနိုင်ရေး ဆောင်ရွက်နေတာရှိတယ်။ ဒီစီမံချက်က ကျောင်းတွေမှာ နည်းပညာ ရောက်ရှိရေးလည်းပါတယ်။

ရှာရက်တာက လက်ရှိနည်းပညာက အကန့်အသတ်နဲ့ ဖြစ်နေကြောင်း၊ အကန့်အသတ်နဲ့ သုံးနေရလို့လည်း လက်တွေ့မှာ မဖြစ်နိုင်ဘူးထင်ရကြောင်း၊ ဒါပေမဲ့ တကယ်လက်တွေ့လုပ်ကြည့်ရင်းနဲ့ ထောက်ပံ့ကူညီမှုတွေရလာကြောင်း ပြောပါတယ်။ ခုဆိုရင် သူ့ကျောင်းကို ဒေသအစိုးရက ဒေါ်လာ ၄ သန်း အထောက်အပံ့ပေးဖို့ သဘောတူထားတယ်။ နောက်နှစ်ကစပြီး ၂ နှစ် အတွင်းရမယ်လို့ ပြောထားတယ်။ 

အွန်လိုင်းစာမေးပွဲ

တင်နက်ဆီပြည်နယ်၊ အုတ်ရေ့ဂ်ျ အရပ်မှာရှိတဲ့ Robertsville အလယ်တန်းကျောင်းမှာကတော့ ၈ တန်းပြ ရူပဗေဒဆရာ ရော့ဒ်နေးကင်းက Examview ဆိုတဲ့ ဆော့ဖ်ဝဲကို ရေးထားပါတယ်။ စာမေးပွဲစစ်ဆေးတဲ့ ဆော့ဖ်ဝဲပါ။ ကျောင်းမှာ အရပ်ကလှူထားတဲ့ ကွန်ပျူတာ ၁၄ လုံးရှိတယ်။ အဲဒီ ကွန်ပျူတာတွေထဲမှာ ဆော့ဖ်ဝဲကိုထည့်ထားပြီး ၈ တန်းက ကျောင်းသားတွေကို ကွန်ပျူတာနဲ့ စာမေးပွဲဖြေခိုင်းပါတယ်။ အဲဒီ ကွန်ပျူတာတွေအားလုံး network ချိတ်ထားတယ်။ ကွန်ပျူတာနဲ့ဖြေ၊ ကွန်ပျူတာနဲ့အမှတ်ပေးပြီး ဆုံးဖြတ်တယ်။ မိဘတွေဆီကိုလည်း အွန်လိုင်းကနေ သားသမီးတွေရဲ့ ရမှတ်နဲ့မှတ်ချက်တွေကို ပေးပို့တယ်။ မိဘတွေကို သူပို့တဲ့စာမှာ “ကလစ်တစ်ချက်လောက် နှိပ်ကြည့်စမ်းပါ” လို့ ညွှန်းထားတတ်တယ်။

ကျောင်းသားတွေကို အိမ်စာပေးရင် Website တစ်ခုခုကိုညွှန်းပြီး အဲဒီ Site ကို လေ့လာစေပြီးမှ ပုံတူကူးပြီး ကိုယ့်စိတ်ကူးတွေကို ထည့်ခိုင်းတတ်တယ်။ အိမ်စာကို စာရွက်နဲ့တင်တာ လက်မခံဘူး။ အွန်လိုင်းကပေးတဲ့ အိမ်စာကို လက်ခံ၊ အွန်လိုင်းကပဲ ပြန်တင်ရတယ်။ 

“ကျောင်းမှာ စာရွက်တွေမသုံးရတော့ သက်သာသွားတာပေါ့။ ပထမ ၉ လအတွင်း ကျောင်းတစ်ကျောင်းလုံးသုံးတဲ့ စာရွက်အရေအတွက် ၅၀၀ ပဲ ရှိတော့တယ်” လို့ ဝမ်းသာအားရပြောပါတယ်။

ကျွန်တော် အခုပြောသွားတဲ့ ကျောင်းလေးတွေဟာ သူတို့နိုင်ငံမှာဆိုရင် ကျေးလက်အဆင့်တွေပဲ ရှိပါတယ်။ နည်းပညာနဲ့ပညာရေးကို ပြုပြင်ပြောင်းလဲမှ ဖြစ်တော့မယ်ဆိုတာ သူတို့မြင်ကြတယ်။ ရသလောက်၊ နိုင်သလောက် တစ်နိုင်တစ်ပိုင်က စကြတယ်။ မရှိတာကို လက်မှိုင်ချပြီး ထိုင်မနေကြဘူး။ မဖြစ်နိုင်ဘူးဆိုတာထက် လုပ်ကြည့်ပြီးပြီလားဆိုတာကို ပြန်ဖြေကြည့်ပါဆိုတဲ့ စကားကိုကြားဖူးပါတယ်။ မရှိလို့ မလုပ်၊ မသိလို့ မလုပ်၊ မလုပ်လို့ မရှိ၊ မလုပ်လို့ မသိနဲ့ ပတ်ချာလည်ပြီး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ 

တစ်ခုခုလေးနဲ့ စလုပ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။  

မောင်ခေတ်
(Ref: Paperless School)