News

POST TYPE

ABOUT US

ရုရှားတွင် စတာလင်သေဆုံးခြင်းဇာတ်ကားပြသမှု အစိုးရ ဖိအားပေးမှုကြောင့် ရပ်ဆိုင်း


မော်စကို၊ ဇန်နဝါရီ ၂၇

ရုရှားတွင် အစိုးရက အစောပိုင်းတွင် ပိတ်ပင်ခဲ့သည့် စတာလင်သေဆုံးခြင်းအမည်ရှိ ယူကေဇာတ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မော်စကိုမှ Pioneer Cinema က ကုမ္ပဏီသည် မတတ်နိုင်သော အကြောင်းရင်းများကြောင့် မတတ်သာ၍ လုပ်ဆောင်ခဲ့ရကြောင်းနှင့် လက်မှတ်ဝယ်ထားသူများကို ငွေပြန်အမ်းမည်ဖြစ်ကြောင်း ကြေညာသည်။

ဖေဖော်ဝါရီ ၃ ရက်အထိ ကြိုတင်လက်မှတ်များ ရောင်းချထားပြီး ကြာသပတေးနေ့တွင် ပထမဆုံးပွဲ ပြသခဲ့သည့်ရုံသို့ ရုပ်ရှင်မပြမီ ရဲများက အကြောင်းပြချက်မပေးဘဲ ရောက်ရှိလာခဲ့သည်ဟုဆိုသည်။

နောက်ထပ်သိရှိလိုသမျှကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မေးကြရန် Pioneer Cinema က ပြောကြားသည်။


၎င်းဇာတ်ကားကို စော်ကားမှုဟု ရုရှားတာဝန်ရှိသူများက သတ်မှတ်ဝေဖန်ခဲ့ကြပြီး ပြသခွင့်လိုင်စင်ကို ယခုအပတ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

ဆိုဗီယက်ခေါင်းဆောင်စတာလင် သေဆုံးပြီးနောက် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်ခဲ့ပုံကို ရိုက်ကူးထားသည့် အဆိုပါဇာတ်ကားအား ပြသခွင့်ကို Pioneer Cinema တစ်ခုတည်းကသာ ရရှိထားခြင်းဖြစ်သည်။

ဒါရိုက်တာ အာမန်ဒိုအန်နူဆီ ရိုက်ကူးထားသော အဆိုပါရုပ်ရှင်တွင် တကယ့်သမိုင်းဝင်ဇာတ်ကောင် ကာရိုက်တာများပါဝင်ခဲ့ပြီး ယူကေတွင် အောက်တိုဘာလက စတင်ပြသခဲ့သည်။ သို့သော် မော်စကိုတွင်မူ တာဝန်ရှိသူများနှင့် ဒါရိုက်တာများ သီးသန့်ကြည့်ရှုပြီးနောက် ယဉ်ကျေးမှုဝန်ကြီးဌာနက ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မော်စကိုမြို့လယ် အာဘက်အနု ပညာရပ်ကွက်အနီးတွင်ရှိသော Pioneer Cinema ရုံတွင် ကြာသပတေးနေ့က ပထမဆုံးပွဲကိုကြည့်လိုက်ရသည့် ပရိသတ်များကမူ များစွာ အပြုသဘောဆောင်သော မှတ်ချက်များ ပေးခဲ့ကြသည်။

ပရိသတ်အမျိုးသမီးတစ်ဦးက “ဒီလိုရုပ်ရှင်ကို ပိတ်ပင်တာကတော့ အစွန်းရောက်လွန်းပါတယ်”ဟု ဝေဖန်ခဲ့သည်။ “ဒီဇာတ်ကားကို ကြည့်သင့်ပါတယ်”ဟု နောက်တစ်ဦးက မှတ်ချက်ပေးသည်။

ဒီဇာတ်ကားက ရုရှားကို စော်ကားထားတယ်လို့ ခံစားရပါသလားဟု မေးမြန်းသောအခါ အမျိုးသားပရိသတ်တစ်ဦးက “အဲလို မထင်ပါဘူး”ဟု ဖြေကြားသည်။

၁၉၅၃ အာဏာရှင် စတာလင်ကွယ်လွန်ချိန်က ကျောင်းသူအရွယ်ဖြစ်သူ ဒိုင်နာဗရိုနိုဗာနှင့် အယ်လာကတ်ဇ်တို့ကမူ ဤဇာတ်ကားကို ကြိုက်နှစ်သက်သည်ဟု မှတ်ချက်ပေးကြသည်။

ကွန်မြူနစ်အာဏာရှင် စတာလင်သည် ၁၉၃၀ ခုနှစ်များအတွင်း ပြည်သူ သန်းပေါင်းများစွာကို ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း လက်ရှိသမ္မတ ပူတင်၏ လက်ထက်တွင် စတာလင်အား အမွှန်းတင်မှုများကို ပြန်လည်ဖော်ထုတ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့ကို အနိုင်တိုက်ခဲ့သော စတာလင်၏ ကဏ္ဍကို ရုရှားအများစုက လေးစားမှုရှိကြသည်။

ရုရှားယဉ်ကျေးမှုဝန်ကြီး မီဒင်စကီကမူ ထိုဇာတ်ကားကို ပိတ်ပင်ခြင်းသည် ဆင်ဆာမူဝါဒကြောင့်မဟုတ်ဘဲ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကြောင့်ဖြစ်သည်ဟု ကာကွယ်ပြောဆိုသည်။

“ဒီဇာတ်ကားက ဆိုဗီယက်ခေတ်ကို လှောင်ပြောင်ထားတယ်လို့ သက်ကြီးပိုင်းပြည်သူတွေက ယူဆကြပါတယ်”ဟု ၎င်းက ပြောကြားသည်။

F-04