News

POST TYPE

ABOUT US

စာကြည့်တိုက်လာပြီ..ပွမ်..ပွမ်

အက်ရှာရာရိုထရေနှင့် ဆာတာဒီမီရှာရာတို့သည် အိန္ဒိယတွင် စာအုပ်ဆိုသည်ကို ကိုင်ပင်မကြည့်ဖူးသော လူထောင်ပေါင်းများစွာထံသို့ စာအုပ်များ ရောက်ရှိအောင်၊ စာဖတ်ရအောင် အတူတကွ ကြိုးစားခဲ့ကြသူများဖြစ်သည်။ လျှောက်လှမ်းနေသော စာအုပ်ပွဲတော် Walking BookFairs ဟု သူတို့အမည်ပေးထားသည့် ကားတစ်စီးနှင့် စာကြည့်တိုက်အစီအစဉ်ကို စတင်ခဲ့စဉ်က ကားမသုံးနိုင်သေးပါ။ ကျောပိုးအိတ်ဖြင့်သာ ရွာရိုးကိုးပေါက် သွားလာခဲ့ရသည်။ စာအုပ်များကို စိတ်ကြိုက်လာဖတ်နိုင်သည်။ ငှားဖတ်နိုင်သည်။ တစ်ပတ်နွမ်းစာအုပ်များကို ဈေးသက်သက် သာသာဖြင့် ရောင်းပေးသည်။ လူတွေစာအုပ်ကို ကြိုက်လာဖို့က သူတို့၏ ရည်ရွယ်ချက်ဖြစ်ပါသတဲ့။

အက်ရှာရာနှင့် ဆာတာဒီတို့သည် စာအုပ်ဆိုင်တစ်ဆိုင်တွင် ဆုံတွေ့ခဲ့ကြသည်။ စာပေမိတ်ဆွေများ ဖြစ်သွားကြသည်။ အိန္ဒိယ၏ နေရာအတော်များများတွင် စာကြည့်တိုက်မရှိခြင်းနှင့် စာအုပ်မရနိုင်ခြင်းတို့ အကြောင်းကို မကြာခဏ ဆွေးနွေးဖြစ်ကြသည်။ သို့ ဖြင့် စာကြည့်တိုက် စာအုပ်ဆိုင်လေး ဖွင့်နိုင်ရန်အတွက် ရှိသမျှပိုက်ဆံလေး စုထည့်ကြသည်။ ရသည့်စာအုပ်များကို ကျောပိုးအိတ်များတွင်ထည့်ကာ အိန္ဒိယနိုင်ငံ ဩဒိဿပြည်နယ်ရှိ ဝေးလံခေါင်ဖျား ရွာများအနီးက ကားဂိတ်များ၊ လမ်းဘေးများတွင် လိုက်ပြကြသည်။ လူတွေဝိုင်းပြီး ဖတ်ကြသည်။ ထိုအစီအစဉ်ကို ၂၀၁၄ တွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ “စာအုပ်တွေကို ကျွန်မတို့ အိတ်တွေထဲ ထည့်သွားတယ်။ ရွာတွေဆီကို သွားရတယ်။ စာဖတ်ဖို့ စာအုပ်မရှိတဲ့သူတွေကို တွေ့တယ်။ စာအုပ်တွေခင်းပြတယ်။ မြို့ပေါ်က စာအုပ်ဆိုင်ကြီးတွေထဲကို မဝင်ရဲတဲ့ တောသူတောင်သားတွေအတွက်လည်း အခွင့်အရေးပေးတဲ့ သဘောပေါ့”ဟု ဆာတာဒီက ပြောကြားသည်။ 

လုပ်ငန်းစကြတော့ လူအများက စိတ်ဝင်စားကြရာ အံ့အားပင်သင့်မိသည်တဲ့။ ဩဒိဿပြည်နယ် တောက်လျှောက် သူတို့သွားခဲ့ကြသည်။ “ပြည်နယ်ထဲက တခြားနေရာတွေဆီက လူတွေဆီကို ပိုရောက်အောင် လုပ်မယ်လို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောပိုးအိတ်ထဲထည့်ပြီး ဘတ်စ်ကားနဲ့သွားရတာ ခက်တယ်”ဟု ဆာတာဒီက ရှင်းပြသည်။ သူငယ်ချင်းအချို့၏ အကူအညီဖြင့် သူတို့နှစ်ယောက်သည် တစ်ပတ်နွမ်းကားတစ်စီးကို ဝယ်ကာ စာအုပ်ပြပွဲများ လိုက်လုပ်ခဲ့ပါသည်။ သို့ဖြင့် ခရီးလှည့်လည်နေသော စာအုပ်ဆိုင်၊ စာကြည့်တိုက်လေး မွေးဖွားလာခဲ့ပါသည်။ ဩဒိဿပြည်နယ်အတွင်းရှိ ရပ်ရွာများ၊ အစိုးရကျောင်းများတွင် စာကြည့်တိုက်များ တည်ထောင်နိုင်စေရန်အတွက် စာအုပ်များစွာ ပေးလှူခဲ့ပြီး ဖြစ်ပါသည်။ စာအုပ်ပြပွဲငယ်များ လှည့်လည်ပြသနေသည့် သူတို့လုပ်ငန်းလေးတွင် သူတို့နှစ်ယောက်ပဲ ပိုင်ရှင်၊ သူတို့ပဲ ဝန်ထမ်းများဖြစ်သည်။ 

သူတို့နှစ်ယောက်ကြုံနေရသည့် စိန်ခေါ်မှုလည်း ရှိသည်။ လူတွေက စာဖတ်ခြင်း၏ အရေးပါပုံကို နားမလည်ကြခြင်းဖြစ်သည်။ ကျောင်းစာအုပ် ဖတ်ခိုင်းရပြီဟု ထင်ကြသည်။ မြို့ငယ်ရွာငယ်လေးများတွင် နေထိုင်ကြသူ အိန္ဒိယပြည်သူများအတွက် စာအုပ်စာတမ်းရရှိဖို့ ရှားပါးသည်ကလည်း အကြောင်းရင်း တစ်ချက်ဖြစ်ပါသည်။ “စိတ်ညစ်စရာ ကောင်းတယ်ဗျာ။ မြို့ပေါ်မှာတောင် စာကြည့်တိုက်တွေ၊ စာအုပ်ဆိုင်တွေ မရှိသလောက်ပဲ။ စာကြည့်တိုက်မရှိတဲ့ အင်တာနေရှင်နယ် ကျောင်းကြီးတွေ ရှိသဗျာ။ သင်ရိုးကလွဲလို့ တခြားဟာကို မလေ့လာကြတဲ့ ကျောင်းသားတွေရှိတဲ့ တက္ကသိုလ်ကြီးတွေ ရှိပါသဗျာ။ ရှော့ပင်းမောလ်တွေထက် စာကြည့်တိုက်တွေ ပိုလိုပါတယ်။ ဒါပေမဲ့ ခုဟာက ပြောင်းပြန်ဖြစ်နေတယ်”ဟု သူတို့က ဆိုသည်။ 

စာဖတ်ခြင်းဖြင့် စိတ်ထားများ ပြောင်းလဲလာလိမ့်မည်ဟု သူတို့က ယုံကြည်ကြသည်။ “မတူခြားနားမှုကို သည်းမခံနိုင်ခြင်းလိုမျိုး အရာတွေကို ကျွန်တော်တို့ မြင်နေရပါတယ်။ လူတွေ စာမဖတ်ကြလို့ ဒီလိုဖြစ်တာပါ။ စာဖတ်ခြင်းဟာ သင့်စိတ်နှလုံးသားကို ဖွင့်ပေးပါတယ်။ မတူညီတဲ့ အတွေးတွေကိုလည်း လက်ခံအားပေးပါတယ်”ဟု အက်က်ရှာရာက ဆိုသည်။ သူတို့ရည်ရွယ်ချက်အရင်းခံက စာအုပ်ရောင်းဖို့ မဟုတ်ပါ။ စာအုပ်တွေအကြောင်းကို လူတွေနဲ့ စကားပြောချင်တာကြောင့်ဟုလည်း ပြောကြသည်။ အပိုင်လိုချင်လျှင် ရောင်းပေးသည်။ မတတ်နိုင်သူများကို ငှားပေးသည်။ လူတွေစာနဲ့နီးစပ်ကြမှ အပြောင်းအလဲတွေ ဖြစ်လာပေမည်။ 

တကယ်တမ်း စာအုပ်ရောင်းရငွေဖြင့် ပြန်ဝင်သည့် ငွေက မကိုက်တော့ မကိုက်သေးပါ။ သွားလာ သယ်ဆောင်ခ၊ မြို့ငယ်လေးတစ်ခုတွင် တည်ထောင်ထားသည့် စာကြည့်တိုက် လည်ပတ်စရိတ်တို့ကို မကာမိသေးပေ။ မိတ်ဆွေအပေါင်းအသင်းများက ထည့်ဝင်သောငွေများ၊ တစ်ပတ်နွမ်းစာအုပ်လေးများဖြင့် လုပ်ငန်း ဆက်လက်လည်ပတ်ကြရသည်။ သူတို့နှစ်ဦးကတော့ အားနဲ့မာန်နဲ့ ပျော်ရွှင်စွာ ဆက်လက်ချီတက်နေပါသည်။

စာဖတ်သူသည် အသက်တာရာထောင်ချီပြီး လူ့ဘဝကို ဖြတ်သန်းသွားသူဖြစ်သည်၊ စာမဖတ်သူကား တစ်ခုတည်းသော အသက်တာကိုသာ ဖြတ်သန်းခဲ့ရသူ ဖြစ်ပေသည်။ မိမိတို့ တစ်ဦးတည်းသာ ရှိနေခြင်းမဟုတ်ကြောင်းကို စာဖတ်ပြီးတော့ သိနိုင်သည်။ စာမဖတ်သော လူ့အသိုင်းအဝိုင်းတစ်ခုသည် စာဖတ်သူများလောက် အမြင်အတွေ့အကြုံဗဟုသုတ မရှိနိုင်ပေ။ လူအများစာဖတ်ဖို့အရေး တက်ကြွလှုပ်ရှားနေကြသော စာကြည့်တိုက်ရေးရာ တက်ကြွလှုပ်ရှားသူများ၏ စေတနာသည်လည်း လေးစားဖွယ်ကောင်းပါသည်။ လွယ်လင့်တကူ မနှစ်သက်တတ်သော အလေ့အထတစ်ခုကို လူ့အဖွဲ့အစည်းက ကြိုက်လာအောင် တိုက်တွန်းရင်း အပင်ပန်းခံကြသူများဖြစ်သည်။

သန့်ဇင်စိုး