News

POST TYPE

ABOUT US

အံ့ဩလောက်ဖွယ် ဂွမ်ဂျူးမြို့သားများ
14-Jan-2018 tagged as


အချိန်ကား ၁၉၈၀ မေလ ၁၈ ရက်နေ့။ တောင်ကိုရီးယားနိုင်ငံကို စစ်အာဏာရှင် ချွန်ဒူးဝမ်က အာဏာသိမ်းထားစဉ်။ ပြည်သူ့ထံမှ ရွေးကောက်တင်ပေးလိုက်သူမဟုတ် သူတို့၏ အငုံ့စိတ်အတိုင်း သမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၊ နိုင်ငံရေး ပြောဆိုစုဝေးမှုများကို ရသည့်နည်းဖြင့် လိုက်ပိတ်ထားသည့်အချိန် ဖြစ်သည်။ နေရာကား ကိုရီးယားနိုင်ငံ ဂျိုလာပြည်နယ် ဂွမ်ဂျူးမြို့ တက္ကသိုလ်တစ်ခု၏ ဂိတ်ပေါက်ရှေ့တွင်ဖြစ်သည်။ ကျောင်းပိတ်လိုက်သည့်ကိစ္စကို အဆိုပါ နယ်မြို့သား ကျောင်းသားများက မကျေနပ်ကြ။ စုဝေးကန့်ကွက်နေကြသည်။ လက်နက် အပြည့်အစုံဖြင့် စစ်သားများ ရောက်လာသည်။ ကျောင်းသားများကလည်း လူစု မခွဲကြပေ။ စစ်သားများက ကျောင်းသားများကို ဖမ်းဆီးရိုက်နှက်သည်။ ကျောင်းသားများက ကျောက်ခဲများဖြင့် ထုကြသည်။ ထိုထိပ်တိုက်တွေ့ပွဲမှသည် ဂွမ်းဂျူးတစ်မြို့လုံး အာဏာရှင်စနစ်ကို အော့နှလုံးနာသွားကြသည်။

နေ့လယ်လောက်ရောက်တော့ မြို့ထဲတွင် လူ ၂၀၀၀ လောက်စုမိသွားပြီ။ စစ်အင်အားကလည်း ၇၀၀ နီးပါးဖြင့် ပိတ်ထားသည်။ တပ်သုံးတပ် ထပ်ရောက်လာခဲ့သည်။ ဘက်နက် (လှံစွပ်)များသုံးသည်အထိ ရက်ရက်စက်စက် နှိမ်နင်းကြသည်။ စစ်အာဏာရှင် ချွန်ဒူးဝမ် အစိုးရသည် ဂွမ်ဂျူးပြည်သူတို့၏ ဒီမိုကရေစီ ဆာလောင်မှုကို တခြားမြို့များသို့ ကူးစက်သွားမည်ကို မလိုလား။ သတင်းအမှောင်ချကာ ရက်ရက်စက်စက် နှိမ်နင်းလေပြီ။ စစ်တပ်က ရက်စက်ပြလေ လမ်းပေါ်တက်လာသည့် ဂွမ်းဂျူးမြို့သားများ အရေအတွက်က များလာလေဖြစ်သည်။ မြို့လေးထဲတွင် ဖြစ်ပျက်နေသမျှကို အပြင်က ဘာမှမသိရ။ မေလ ၂၀ နောက်ပိုင်းတွင် လမ်းပေါ်ရှိ လူ အင်အားက တစ်သောင်းကျော်သွားခဲ့ချေပြီ။ အကြမ်းဖက်မှုများသည် မေလ ၂၁ ရက်နေ့တွင် အကြမ်းဆုံးသို့ ရောက်သွားခဲ့သည်။ ပြည်နယ်ရုံးရှေ့မှ ဆန္ဒပြလူအုပ်ကြီးထဲကို စစ်တပ်က သေနတ်ဖြင့်ပစ်သည်။ ဆန္ဒပြသူ များကလည်း လက်နက်ရုံများ၊ ရဲစခန်းများကိုဝင်စီးပြီး လက်နက်လုကာ M1 ရိုင်ဖယ်များ၊ ကာဘိုင်များဖြင့် ပြန်ပစ်ကြသည်။ ဂွမ်ဂျူး ဒေသခံပြည်သူ့စစ်များလက်သို့ စက်သေနတ် အသေးစား နှစ်လက်ပင် ရောက်သွားခဲ့သည်ဟု အချို့မှတ် တမ်းများကဆိုသည်။ 

မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တက္ကစီကား ဆန္ဒပြပွဲကလည်း ကိုရီးယားသမိုင်းတွင် ထင်ရှားခဲ့သည်။ ရာပေါင်းများစွာသော တက္ကစီအငှားယာဉ်များက ဦးဆောင်လျက် ဘတ်စ်ကား၊ ထရပ်ကားများ စီတန်းကာ ပြည်နယ်ရုံးရှေ့ ဆန္ဒပြလူအုပ်ကို သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ တက္ကစီများ ချီတက်လာစဉ် စစ်တပ်က မျက်ရည်ယိုဗုံးများဖြင့်ပစ်ခြင်း၊ ကားထဲက ဆွဲထုတ်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ အထိခိုက်ခံကာ အငှားယာဉ်မောင်းများသည် ဒဏ်ရာရသူများကို ကယ်ထုတ်ခြင်း၊ ဆေးရုံပို့ခြင်းများကို စေတနာ့ဝန်ထမ်း ပြုလုပ်ခဲ့ကြပါသည်။ လူအုပ်ထဲကိုပစ်ခတ်နေစဉ် တက္ကစီ ယာဉ်များကို အကာအကွယ်အဖြစ် ရှေ့က ပိတ်ဆို့ပေးခဲ့ခြင်းကြောင့်လည်း လူသေဆုံးမှု သက်သာခဲ့ခြင်းလည်းရှိသည်။ ယာဉ်မောင်းများ သေဆုံးကြရသည်။ 

ဂွမ်ဂျူးဒီမိုကရေစီ အရေးတော်ပုံသည် ကိုရီးယားခေတ်သစ်သမိုင်းတွင် ရုပ်အဆိုးဆုံး နှိပ်ကွပ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ မြို့သူမြို့သား လူ ၁၅၅ သေဆုံးခဲ့ပြီး ၈၁ ဦး ပျောက်ဆုံးကာ လူ ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။ ပတ်ချုံဟီးလုပ်ကြံခံရပြီး ချွန်ဒူးဝမ်၏ စစ် အာဏာသိမ်းကာ ညမထွက်ရအမိန့်ကြေညာမှုကို ခေါင်းငုံ့မခံကြသည့် အာဇာနည်မြို့သားများ၏ အာခံမှုဖြစ်ပါသည်။ အရေးတော်ပုံလည်း မအောင်မြင်ခဲ့ပါ။ သို့သော် စစ်အာဏာရှင်၏ ဘီလူးစွယ်ကို ကိုရီးယား တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာကို ပြသနိုင်ခဲ့သည်။ ဂွမ်ဂျူးသတင်းကြောင့် ကိုရီးယားနိုင်ငံအနှံ့ ဒီမိုကရေစီလိုလားသောစိတ်ဓာတ်များ နိုးကြားလာခဲ့ပါသည်။ အာဏာရှင်နှင့် ၎င်းတို့၏ လက်ပါးတော်မြဲ နိုင်ငံရေးသမားများကြီးစိုးရာ ခေတ်ကာလများ တစ်လျှောက်တွင် ဂွမ်ဂျူး ဒီမိုကရေစီအရေးတော်ပုံကို ဆူပူသောင်းကျန်း မှုအဖြစ်သာ အမြဲတမ်းပုံဖော်ခဲ့သည်။ ပြည်သူ့အရေး တော်ပုံအဖြစ် သတ်မှတ်ခံရဖို့ အချိန်များစွာပေးခဲ့ရ သည်။ နောက်ပိုင်း ဒီမိုကရေစီခေတ်ကာလတွင်မှ ကိုရီးယားသမိုင်း၏ အရေးပါသော ဒီမိုကရေစီအရေး တော်ပုံအဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုလာကြပါသည်။ 

“ဂွမ်ဂျူး ၁၉၈၀ မေ အရေးအခင်းဟာ ဒီတိုင်းပြည် ဒီမိုကရေစီအတွက် လှေကားထစ်တစ်ခုဖြစ်ခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့ရသူတွေဟာ ဒီမိုကရေစီရေးအတွက် သူတို့အသက်တွေကို ပေးခဲ့ကြတာဖြစ်ပါတယ်”ဟု ကိုရီးယား၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံသမ္မတကြီး ကင်ယောင်ဆမ်က ၁၉၉၃ ခုနှစ်မှ အတိအလင်း ပြောကြားခဲ့သည်။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ အစိုးရသည် ဒီမိုကရေစီရေးအတွက် အသက်ပေးသွားခဲ့သည့် ပြည်သူများအတွက် ရဲရင့်တည်ကြည်စွာ တစ်သားတည်း ရပ်တည်ပြခဲ့ခြင်းဖြစ်သည်။ 

မြို့တစ်မြို့နေ ပြည်သူများ၏ လူသားလွတ်လပ်မှုကို မြတ်နိုးသော စိတ်ဓာတ်မှသည် စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်နိုင်ငံလုံး နိုးကြားလာအောင် လှုပ်ရှားခဲ့ကြသော ဂွမ်ဂျူးပြည်သူများကို ယနေ့ ကိုရီးယား လူ့အဖွဲ့အစည်းက ကျေးဇူးတင်ကြသည်။ ပြည်သူများ စုစည်းညီညွတ်သည့်အခါ မိမိတို့လိုလားသောပန်းတိုင်ကို ရရှိနိုင်ကြောင်း ကမ္ဘာ့လူသားများအား သက်သေပြခဲ့သည်။ UNESCO တွင် ကမ္ဘာ့ မှတ်တမ်းအဖြစ် မှတ်တမ်းဝင်ခဲ့သော အရေးအခင်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ လူ့အဖွဲ့အစည်း၏ မျက်နှာစာတိုင်းတွင် မတရားမှုများ၊ မဖွံ့ဖြိုးနောက်ကျမှုများ၊ အနိုင်ကျင့်အသာရယူမှုများအား ဂွမ်ဂျူးပြည်သူများ၏ ကိုယ့်နေရာနဲ့ကိုယ် ဆန့်ကျင်လက်မခံကြသည့်စိတ်ဓာတ်ဖြင့် ညီညွတ်စွာ တုံ့ပြန်နိုင်မည်ဆိုလျှင် ပဒေသာစုံ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းများ ပန်းတိုင်သည် အိပ်မက်အဖြစ်မှ မျှော်လင့်ချက်အဖြစ်သို့ နီးစပ်လာပေမည်။ 

သန့်ဇင်စိုး

  • TAGS