POST TYPE

ABOUT US

ထောင်ထဲက မိတ်ဆွေသို့
07-Jan-2018


ထောင်သားတို့၏ မိတ်ဆွေများအဖွဲ့ Prisoners’ Friends’ Association PFA ကို ဟောင်ကောင်တွင် ၁၉၈၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအဖွဲ့သားများသည် ထောင်ဝင်စာလာမတွေ့နိုင်သော ထောင်သားများထံသို့ သွားရောက်လည်ပတ် တွေ့ဆုံပေးခြင်း၊ စာအပြန်အလှန် ရေးသားကြခြင်းနှင့် ကူညီပေးခြင်းတို့ ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ထောင်သို့ လာရောက်တွေ့ဆုံခြင်းမရှိသည်မှာ ၁၀ နှစ်အထက်ရှိပြီဖြစ်သော ထောင်သားများပင် ရှိပါသည်တဲ့။ အဖွဲ့အစည်း စတင်တည်ထောင်စဉ်က သိပ်ပြီး အင်အားကောင်းစွာ လှုပ်ရှားနိုင်ခဲ့သည်တော့ မဟုတ်ပေ။ ၁၉၈၆ ခုနှစ်တွင် မစ္စစ်ဂျိမ်းကရော်လီ ဥက္ကဋ္ဌဖြစ်လာပြီးနောက် အဖွဲ့အစည်းအင်အားကောင်းကောင်းနှင့် တက်တက်ကြွကြွ လည်ပတ်နိုင်စေရန်အတွက် ၎င်း၏အချိန်များကို အမြဲတမ်း ပေးဆပ်ဆောင်ရွက်ခဲ့သည်။ ဟောင်ကောင်ပြည်ထဲရေးဌာန အသိအမှတ်ပြုအဖွဲ့အစည်း ဖြစ်လာခဲ့ပြီး တရားဝင် ပရဟိတအဖွဲ့အစည်းတစ်ရပ်အဖြစ် အင်တိုက်အားတိုက် လှုပ်ရှားနိုင်လာခဲ့သည်။ 

ဟောင်ကောင်ကျွန်းတစ်ဝိုက် ထောင်ကြီးရှစ်ခုမှ အထီးကျန်ထောင်သားများအတွက် ပုံမှန်သွားရောက် အကူအညီပေးနိုင်သူ ၁၀၀ ဦးအထိ စေတနာ့ဝန်ထမ်းများ ရရှိလာခဲ့ပါသည်။ လူကိုယ်တိုင် မသွားရောက်နိုင်သော်လည်း ထောင်သားများနှင့် စာအပြန်အလှန် ပေးပို့ကူညီနိုင်မည့် မိတ်ဆွေများစွာကိုလည်း စည်းရုံးနိုင်ခဲ့သည်။ ၎င်းတို့အဖွဲ့၏ ကြိုးစားမှုကြောင့် အဖွဲ့ဝင်စေတနာ့ဝန်ထမ်းများကို ထောင်သားများ၏ မိသားစုဝင်များ မဟုတ်လင့်ကစား လာရောက်တွေ့ဆုံနိုင်ခွင့်ကို အကျဉ်းဦးစီးဌာန၏ ခွင့်ပြုချက်များ ရရှိခဲ့သည်။ ထောင်သို့ သွားရောက်လည်ပတ်  စကားပြောပေးခြင်း စေတနာ့ဝန်ထမ်းများကို စီစဉ်ပေးမည့်သူများကိုလည်း ခန့်အပ်ထားနိုင်ခဲ့သည်။ ထောင်ဝန်ထမ်း လူမှုဖူလုံရေးအရာရှိများနှင့် ထောင်သို့ အလည်လာပေးသူ စေတနာ့ဝန်ထမ်းများအကြား ချိတ်ဆက်ပေးရသည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။ 

၁၉၉၆ ခုနှစ်တွင် မစ္စစ်ကရော်လီ ဥက္ကဋ္ဌနေရာက အနားယူသွားသောအခါ မစ္စစ်ပေါ်လင်းဒီယားရီက ဥက္ကဋ္ဌဖြစ်လာပြီး ၉၈ ခုနှစ်တွင် ဘုန်းတော်ကြီး ချားလ်စ်မက်ကင်လီက ဥက္ကဋ္ဌသစ် ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်အထိ သူတာဝန်ယူခဲ့ကာ ယခုအခါ မစ္စတာဂျက်ဖုံက ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထောင်သားများနှင့် မိတ်ဆွေများဖြစ်ရခြင်းကြောင့် အကျိုးများစွာရှိသည်ဟု ထောင်သားမိတ်ဆွေများအဖွဲ့က ယုံကြည်ကြသည်။ ပြင်ပမှ လူစိမ်းတစ်ယောက်က ကူညီအားပေးစကားပြောပေးခြင်းကြောင့် ထောင်တွင်း နေထိုင်ရသည့် အခြေအနေများကို ခံနိုင်ရည်ရှိ နားလည်လာပြီး ပြန်လည်ထူထောင်ရေးနှင့် လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးစားမှုများ ခွန်အားပြည့်ဝလာစေရန် ရည်ရွယ်ပါသည်။  သို့ဖြင့် ရာဇဝတ်မှု ကျူးလွန်နှုန်းများလည်း လျော့ကျလာမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထောင်တွင်း လူ့အခွင့်အရေးအခြေအနေများလည်း တိုးတက်လာကာ ထောင်သားများနှင့် ၎င်းတို့ မိသားစုများ၏ အခြေအနေများလည်း တိုးတက်ကောင်းမွန်လာမည်ဟု ရည်ရွယ်ချက်ရှိကြသည်။ 

ဆွေမရှိ မျိုးမရှိ၊ မိတ်ဆွေမလာသော ထောင်သားများသည် ထောင်ထဲတွင် နေရသောအခြေအနေများနှင့် အဆင်ပြေစေရန်အတွက် အကူအညီများလိုပါသည်။ ပုံမှန်လည်ပတ်တွေ့ဆုံပေးခြင်းဖြင့် အပြင်ကမ္ဘာမှလူများနှင့် တွေ့ဆုံခွင့်ရသည်သာမက  လူကောင်းများနှင့် စကားပြောရခြင်းဖြင့် အနာဂတ်အတွက် အင်အားများရှိလာစေပါသည်။ မျှော်လင့်ချက်များ ရှင်သန်လာသည်။ အများကိုလည်း ကူညီစောင့်ရှောက်ပေးရန်အတွက် သင်ယူပြီးသား ဖြစ်ရသည်။ 

PFA သည် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်ကော်မတီက ဦးဆောင်ပါသည်။ ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုက တည်ထောင်ထားခြင်း မဟုတ်ပေ။ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း လွတ်လပ်သောအဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ပါသည်။ အဖွဲ့ဝင်များတွင်လည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ကြသည်။ အလုပ်မျိုးစုံ နောက်ခံပေါင်းစုံမှ စေတနာ့ဝန်ထမ်းများ ဖြစ်ကြပါသည်။ အသက် ၂၁ နှစ်အောက် စေတနာ့ဝန်ထမ်းများကိုမူ စာရေးသားပေးပို့ပေးခြင်းနှင့် ထောင်သို့ သွားရောက်စကားပြောပေးခြင်းမဟုတ်သော အခြားလုပ်ငန်းများတွင် တာဝန်ပေးပါသည်။ “မျှော်လင့်ချက်ပြည့်ဝသော၊ ကူညီမှုရှိသော၊ လှပသော လူ့အဖွဲ့အစည်း” ဆိုသည့် ဆောင်ပုဒ်အတိုင်း သူတို့ ရှေ့ဆက်နေကြပါသည်။

လူ့အဖွဲ့အစည်းကို မကောင်းကျိုးပေးသူများအဖြစ် ထောင်သွင်းအကျဉ်းချ အပြစ်ပေးထားသော်လည်း ထောင်သားဆိုသည်များကလည်း လူသားများပင်ဖြစ်သည်ဟု ယူဆသူများဖြစ်သည်။ ပြစ်မှုကြွေးကို ပေးဆပ်နေချိန်တွင် ကောင်းမွန်သော အထောက်အကူများ မရပါက ထောင်သည် ပြန်လည်ပြင်ဆင်ပေးသည့်နေရာမဟုတ်ဘဲ မဟုတ်တာအကုန်လုပ်တတ်ရန် ပညာသင်ပေးရာ ကျောင်းတော်ကြီး ဖြစ်သွားပေမည်။ ထောင်မှ ပြန်ထွက်လာသူများအနေနှင့် အလုပ်လျှောက်သည်ကအစ အတိတ်ကအရိပ်က  တောက်လျှောက်ပါနေသဖြင့် ခက်ခဲကြသည်။ ဟောင်ကောင်ကျွန်းတွင်တော့ အဆိုပါ အခက်အခဲများကို နားလည်စာနာတတ်သည့် စေတနာ့ဝန်ထမ်းအုပ်စုများက ကူညီပေးလျက်ရှိပါသည်။ လူ့အဖွဲ့အစည်း၏ အမှောင်ခြမ်းမှသည် အလင်းခြမ်းသို့ ဆွဲယူကူညီသည့် လှပသော ပရဟိတလုပ်ငန်းတစ်ရပ် ဖြစ်ပါပေသည်။

သန့်ဇင်စိုး

  • VIA