News

POST TYPE

ABOUT US

ပုရိသကင်းမဲ့ရွာ
31-Dec-2017 tagged as


ဂျိန်းကိုစစ်သားများက မုဒိမ်းကျင့်ခဲ့စဉ်က သူမသည် ခင်ပွန်းသည်ပိုင်ဆိုင်သော ဆိတ်အုပ်ကိုကျောင်းရင်း ထင်းကောက်ပြီး ပြန်လာချိန်ဖြစ်သည်။ “ကျွန်မရှက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောပြနိုင်ဘူး။ သူတို့က ဆိုးဆိုးဝါးဝါးတွေ လုပ်ကြတယ်”ဟု ဂျိန်းကပြောပြနေစဉ် သူမ၏ မျက်ဝန်းထဲတွင် နာကျင်မှုများ အထင်းသားပေါ်နေသည်။ ၃၈ နှစ်အရွယ် ဂျိန်းသည် ထိုထက်ပိုပြီး အိုစာနေသည်ဟု ထင်ရသည်။ မြေကြီးပေါ်တွင် ဆွဲလှဲခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများ၏ အနာရွတ်များက ခုထိတောင်ရှိသေးသည်။ “နောက်ဆုံးတော့ ယောက္ခမကို ကျွန်မခံစားနေရတာကို ပြောပြလိုက်တယ်။ ဆေးမြီးတိုတွေနဲ့ကုပေးပါတယ်။ ဒါပေမဲ့ ယောက္ခမက ယောကျာ်းကို မုဒိမ်းမှုအကြောင်းပြောလိုက်တယ်။ ယောကျာ်းက ကြိမ်လုံးတစ်ချောင်းနဲ့ ရိုက်လိုက်တာဆိုတာ။ ကျွန်မလည်း ကလေးကိုလက်ဆွဲပြီး ဒီရွာကိုထွက်လာခဲ့တယ်”ဟု ဂျိန်းက ဆိုသည်။ 

ဂျိန်းသည် ယခုအခါ အူမိုဂျာရွာတွင် နေထိုင်လျက်ရှိသည်။ အဆိုပါရွာသည် ကင်ညာနိုင်ငံ ဆမ်ဘူရူဒေသတွင်ရှိပြီး ဆူးချွန်ခြံစည်းရိုးများ ကာထားသည်။  နေ့လယ်နေ့ခင်းဆိုလျှင် ကလေးများ အိပ်နေကြသည်။ ဆိတ်များ၊ ကြက်များမွေးထားသည်။ ခရီးသွားဧည့်သည်များကို ရောင်းချရန် ရန်ပုံငွေပစ္စည်းများကို ပြုလုပ်နေကြသည်။ လက်မှုပစ္စည်းများကို သွက်လက်စွာ ပြုလုပ်နေကြပြီး တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်ရယ်မောစွာ နေထိုင်လျက်ရှိကြသည်။ တေးသီချင်းသံများကလည်း တကြော်ကြော်နှင့် ဖြစ်နေကြသည်။ ထိုမြင်ကွင်းမှာ ဆမ်ဘူရူဒေသရွာများ၏ မြင်နေကျ မြင်ကွင်းဖြစ်ပါသည်။ တစ်ခုတော့ရှိသည်။ အူမိုဂျာရွာတွင် မည်သည့်ယောကျာ်းမှ မရှိခြင်းဖြစ်ပါသည်။ တကယ့်ကို ပုရိသကင်းမဲ့ရွာဖြစ်သည်။ ရွာသည် အပူပိုင်းဒေသ ခြောက်သယောင်းနေသော်လည်း အလှဆင်ထားသော ရောင်စုံလက်ဝတ် ပစ္စည်းများကြောင့် သက်တံ့လမ်းမသဖွယ် လှပနေပါသည်။

အဆိုပါရွာလေးကို ၁၉၉၀ ခုနှစ်က အမျိုးသမီး ၁၅ ဦးက တည်ထောင်ခဲ့ကြသည်။ ကင်ညာဒေသခံ ဗြိတိသျှစစ်သားများ၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသော အမျိုးသမီးများက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ယဉ်ကျေးမှု စံနှုန်းများအရ အကြမ်းဖက်မှုများဖြစ်နေသည့် ကလေးသူငယ်အရွယ် အိမ်ထောင်ချပေးခြင်း၊ အမျိုးသမီးအင်္ဂါဖြတ်တောက်ခြင်း ဓလေ့ကို ကြုံခဲ့ရခြင်း၊ အိမ်အတွင်း အနိုင်ကျင့်နှိပ်စက်ခံရခြင်း စသည်တို့ကို ကြုံခဲ့ရသူများစွာ ထိုရွာတွင် လာရောက်ခိုလှုံကြရင်း ရွာကတဖြည်းဖြည်း လူများလာသည်။ ရွာကိုတည်ထောင်ခဲ့သူမှာ ရီဘက်ကာလိုလိုဆိုလီ ဖြစ်သည်။ ယောကျာ်းအုပ်စုတစ်စု၏ ဝိုင်းဝန်းရိုက်နှက်သည့်ဒဏ်ကို ခံခဲ့ရပြီး ဆေးရုံဆင်းပြီးနောက်တွင် အဆိုပါ အမျိုးသမီး သီးသန့်ရပ်ရွာကို တည်ထောင်ရန် အတွေးရခဲ့ခြင်းဖြစ်သည်။ ရိုက်နှက်ခံရခြင်း အကြောင်းကိုလည်း ကြည့်ဦး။ ကျေးရွာအစည်းအဝေးပွဲတွင် အမျိုးသမီးအခွင့်အရေးကိစ္စကိုထ၍ တောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။ သူတို့ဒေသလေး၏ ယဉ်ကျေးမှုသည် အမြဲတမ်း ဖခင်ကြီးစိုးသည့် နေရာဖြစ်သည်။ ကျေးရွာစုဝေးပွဲဆိုလျှင် အမျိုးသားများက တစ်ဝိုင်းအလယ်တွင်ထိုင်ပြီး အပြင်ဝိုင်းမှ အမျိုးသမီးများက ရံပေးရသည်။ အမျိုးသမီးများက ၎င်းတို့ကို အမေးမခံရမချင်း ဘာမှထပြီးပြောခွင့်မရှိ။ 

ယခုတော့ အူမိုဂျာရွာ ရှိလာလေပြီ။ အမျိုးသမီး  ၄၇ ဦးနေထိုင်ပြီး ကလေးအယောက် ၂၀၀ ရှိသည်။ ကြောက်လန့်စွာ နေထိုင်ရခြင်းကင်းပြီး စီးပွားလုပ်ငန်းလုပ်နိုင်ကာ ကလေးများကိုလည်း လွတ်လပ်စွာ ပျိုးထောင်နိုင်သည်။ ရွာမှ တစ်ကီလိုမီတာလောက် သွားလိုက်လျှင် ဆာဖာရီခရီးသွား ဧည့်သည်များနားနေရာကို ရောက်သည်။ ထိုနေရာတွင် ဈေးရောင်းနိုင်သည်။  ရွာသို့ အလည်လာကြသူများကိုလည်း ဝင်ကြေးကောက်ကာ ဒေသအကအလှများ ဖျော်ဖြေသည်။ ဈေးသိပ်မကြီးပေ။ ရွာလုပ် လက်မှုပစ္စည်းများကို အားပေးနိုင်သည်။ ထိုရွာကို တည်ထောင်ခဲ့သည်မှာ ၂၅ နှစ်ရှိချေပြီ။ ရွာမှာနေခဲ့သည့် ကလေးအချို့ပင် ပြည်ပသို့ ကျောင်းသွားတက်ခြင်းများ ရှိနေပြီ။ အခြားရွာများမှ အမျိုးသမီးများကိုလည်း အကြံပေးခြင်း၊ သင်ကြားပြသခြင်းများ လုပ်ပေးပြီး ခိုလှုံလိုသူများ ကိုလက်ခံပေးနေဆဲဖြစ်ပါသည်။

ငယ်ရွယ်သေးသည့် သမီးငယ်များကို အိမ်ထောင်ချပေးခြင်းဖြင့် ထိုကလေးငယ်မလေးများ၏ ဖွံ့ဖြိုးမှုကို အလွန်အမင်း ထိခိုက်ပါသည်။ မိခင်များဖြစ်လာလျှင်လည်း ၎င်းတို့ကလေးများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်စွမ်း မရှိကြသေးပေ။ နောက်ဆက်တွဲ လူမှုပြဿနာများစွာ ဆက်ဖြစ်လာကြသည်။ ရွာက တည်ထောင်ထားသော ဖွံ့ဖြိုးရေး ကျောင်းလေးတစ်ကျောင်းက မိန်းကလေးငယ်များကို ပညာပေးသည်။ မိဘများကိုလည်း ပညာပေးသည်။ အမျိုးသမီးများကို အမှုအခင်းများလုပ်ပြီး ပြဿနာလာရှာကြလျှင်လည်း ရွာကစုပေါင်း ဖြေရှင်းပေးကြပါသည်။

မဖွံ့ဖြိုးဘဲ နောက်ကျကျန်နေသည့် လူ့အဖွဲ့အစည်း အတော်များများသည် အမျိုးသမီးများ၏ အခန်းကဏ္ဍကို နောက်ပို့ထားကြသည့် လူ့အဖွဲ့အစည်းများ ဖြစ်နေတတ်သည်။ ရပ်ရွာတစ်ခုဖြစ်စေ၊  နိုင်ငံတစ်ခုဖြစ်စေ အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်နှင့် မတိမ်းမယိမ်းရှိတတ်သည်။ ဒေသ၏ ကံကြမ္မာကို အမျိုးသားများကသာ ဆုံးဖြတ်အကောင်အထည် ဖော်ကြသည်ရှိသော် လူတစ်ရာလုပ်ရမည့်အလုပ်ကို လူငါးဆယ်ဖြင့်လုပ်သည့် သဘောသက်ရောက်နေသည်။ မြန်သင့်သလောက် မမြန်၊ ထိရောက်သင့်သလောက် မထိရောက်တော့ပေ။ အမျိုးသမီးများကို နေရာပေး၊ လေးစားသင့်ကြောင်းကို လူ့အဖွဲ့အစည်းတစ်ရပ်လုံး သိရှိစေခြင်းငှာ အူမိုဂျာရွာက လုပ်ပြနေသည်။ သူတို့၏ ကြွေးကြော်လှုပ်ရှားမှုများကို ကမ္ဘာကပင် အသိအမှတ်ပြုရပါသည်။

သန့်ဇင်စိုး

  • TAGS