News

POST TYPE

ABOUT US

ကလေးသူငယ် အိမ်ထောင်ချပေးခြင်းကို ဆန့်ကျင်နေတဲ့ အာဖဂန် ရက်ပ်ပါမိန်းကလေး
24-Dec-2017 tagged as

အာဖဂန်နစ္စတန်နိုင်ငံမှာ နေ့စဉ် လက်ထပ်ထိမ်းမြားပေးရန်အတွက် စပ်ဟပ်ခံရစဉ်က ဆိုနီတာအလီဇာဒါသည် အသက် ၁၀ နှစ်သာ ရှိသေး၏။ သို့သော် ကံကောင်းထောက်မသဖြင့် လက်ထပ်ပွဲ မဖြစ်ခဲ့။ သို့သော် သူမ အသက် ၁၅ နှစ်အရွယ်မှာ ထိုအဖြစ်အပျက်က နောက်တစ်ကြိမ် ဖြစ်လာပြန်သည်။ အသက် ၁၅ နှစ်ဆိုသည်မှာလည်း တကယ်တော့ ဆယ်ကျော်သက်ကလေးသာ ဖြစ်သည်။ စာသင်ခန်းထဲမှာ ရှိရမည့်အချိန်။ အိပ်ရာပေါ်မှာ၊ မီးဖိုချောင်ထဲမှာ၊ မီးဖွားခန်းထဲမှာ အချိန်ကုန်ရမည့်အရွယ် မဟုတ်သေးပေ။ ဒီတစ်ခါတော့ ကံတရားက သူ့ကို မျက်နှာသာ ပေးချင်မှပေးတော့မည်။ ထို့ကြောင့် ဆိုနီတာအလီဇာဒါ တစ်ခုခုလုပ်မှ ဖြစ်ကို ဖြစ်တော့မည်။ အစဉ်အလာကို အာခံရသည်မှာ အာဖဂန်နစ္စတန် နွယ်ဖွားတစ်ဦးအဖို့ အသက်နဲ့ရင်းရသော ကိစ္စဖြစ်သည်။ ဆယ်ကျော်သက် အရွယ်ကတည်းက သူမဝါသနာထုံခဲ့သော အရာကို တိုက်ပွဲ၏လက်နက်အဖြစ် အသုံးပြုရပေတော့သည်။ ထိုအရာမှာ Rap (ရက်ပ်ပါ) ဂီတဖြစ်ပါသည်။ အီရန်ကို ပြောင်းလာခဲ့သည့်အချိန် ဆိုနီတာသည် အသက် ၁၄ နှစ်အရွယ်သာ ရှိပါသေးသည်။ ကရာတေးအားကစား ကလပ်တစ်ခုမှာ ဖွင့်ထားသည့် Eminem သီချင်းသံကြားတော့ သူမ အံ့ဩမင်သက်သွားခဲ့သည်။ စကားလုံးတွေကို သူမ နားမလည်ပါ။ ဒီလိုလည်း သီချင်းဆိုလို့ ရပါလားဆိုပြီး အံ့အားသင့်မိသည်။ စစ်ပြေးဒုက္ခသည်များအဖြစ် အနောက်အာဖဂန်ဒေသမှ အီရန်သို့ ထွက်ပြေးမလာခင် ဒါရီဘာသာစကားကို သုံးကြသည်။ Eminem ဆိုနေပုံကို သူသိပ်ကြိုက်ပါသည်။ သွက်လက်မြူးကြွသော စည်းချက်များနှင့် အလျင်လိုဟန် ရွတ်ဖတ်သီဆိုဟန်ကို သူတကယ်သဘောကျသည်။ ဆိုနီတာသည် ထိုဂီတကို သဘောကျပြီး လိုက်လေ့လာခဲ့သည်။ အသက် ၁၅ နှစ်အရွယ်မှာ အိမ်ထောင်သည်ဘဝကို ရောက်ရတော့မည့် နာကျင်သည့် ခံစားချက်များကို ရက်ပ်စာသား ကာရန်များအဖြစ် ဖန်တီးပြီး ဗီဒီယိုတစ်ခုပြုလုပ်ပြီး အင်တာနက်ပေါ် တင်ခဲ့ပါသည်။ “Brides for Sale” သတို့သမီးများ ရောင်းရန်ရှိသည်ဆိုသည့် သီချင်းဖြစ်ပါသည်။ အဆိုပါသီချင်းသည် လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့သွားခဲ့ပြီး ယောကျာ်းပေးစားဖို့ အစီအစဉ်ကို နောက်ဆုတ်ဖျက်သိမ်းပါရန် လူအများက ဝိုင်းဝန်း ဖိအားပေးကြပါတော့သည်။ ဆိုနီတာလည်း ဂီတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူမသည် အဆိုပါ ရက်ပ်စာသားများကြောင့် ငယ်ငယ်ရွယ်ရွယ် ယောင်္ကျားရမည့် အန္တရာယ်က ကင်းဝေးခဲ့ရသည်။ ထိုစာသား ပြင်းပြင်းများဖြင့်ပင် အခြားအမျိုးသမီးငယ်များကိုလည်း ကူညီမည်ဟု သူဆုံးဖြတ်လိုက်ပါသည်။ ထို့နောက် သူမ၏ လှုပ်ရှားမှုများက အလွန်စိတ်ဝင်စားစရာ ကောင်းလာပါသည်။ နေရာက အာရပ်ဒေသ၊ အမျိုးသမီးတို့ တေးသီချင်းသီဆိုခြင်းက တရားမဝင်သည့် နေရာ။ လှုပ်ရှားသူက ဆယ်ကျော်သက် မိန်းကလေး၊ တိုက်ခိုက်နေသည်က မိဘစီစဉ်သော အိမ်ထောင်ချပေးမှု၊ အသုံးပြုသည်က ဂီတ၊ ဂီတမှရက်ပ်ဂီတ။ သူမ၏ ဂီတလှုပ်ရှားမှုများတွင် အောင်မြင်လာတော့ အမေရိကအခြေစိုက် ရပ်ရွာဖွံ့ဖြိုးတိုးတက် ပြောင်းလဲရေးဆိုင်ရာ ဖောင်ဒေးရှင်းတစ်ခု၏ ပညာသင်ဆုဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခွင့်ရပါသည်။ UNICEF အဖွဲ့၏ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန်နိုင်ငံတွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားပေးမှုနူန်းက မြင့်တက်လျက်ရှိပြီး မိန်းကလေးများက အများဆုံး ဒဏ်ခံရလေ့ရှိသည်။ ၅၇ ရာခိုင်နှုန်းသော မိန်းကလေးများသည် အသက် ၁၉ နှစ်မတိုင်ခင် အိမ်ထောင်ချပေး ခံကြရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်သားမွေး ဘဝထဲသို့ ရောက်ရခြင်း အကြောင်းရင်းများထဲတွင် ဆင်းရဲနွမ်းပါးမှု၊ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်မရှိခြင်းတို့က ပါဝင်သည်။ မိသားစုအလိုက် မိန်းကလေးများ လဲလှယ်ကြခြင်းများလည်း ရှိသည်။ အကြွေးဆပ်သည့်အနေနှင့်လည်း သမီးမိန်းကလေးများကို အသုံးပြုကြသည်။ မည်သို့ပင်ဖြစ်စေ စောစီးစွာ အိမ်ထောင်ချပေးလိုက်သည်နှင့် အဆိုပါ မိန်းကလေးများအတွက် ကျန်းမာရေးကစပြီး ထိခိုက်တော့သည်။ အိမ်တွင်း အနိုင်ကျင့်နှိပ်စက်မှုများလည်း ဖြစ်နိုင်ခြေ မြင့်မားသည်။ အပြောင်းအလဲတစ်ခုကို စတင်သည့် လမ်းကြောင်းတိုင်းသည် ကြမ်းတမ်းသည်ချည်း ဖြစ်ပါသည်။ ဆိုနီတာနှင့် အခြားဦးဆောင်ဦးရွက်ပြုသူ အမျိုးသမီးများသည် ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းအတိုင်း ဂုဏ်သိက္ခာရှိသော လွတ်လပ်မှီခိုကင်းသည့် ပန်းတိုင်အတွက် ကြိုးစားနေခဲ့ကြပါသည်။ မိမိယုံကြည်ရာ နည်းလမ်းအတိုင်း ပန်းတိုင်သို့ ချီတက်နေခဲ့ကြသူများတွင် ဆိုနီတာသည် ရက်ပ်ဂီတဖြင့် တော်လှန်ဖောက်ထွက်နေပါသည်။ မိမိရွေးချယ်ခဲ့ခြင်း မဟုတ်သော ကျားမဖြစ်တည်မှု တစ်ရပ်ကြောင့် တန်းတူရွေးချယ်ခွင့်မရ ဆုံးရှုံးနေသည့် လူသားထုကြီးတစ်ခုလုံးကို လွတ်မြောက်စေရေးမှာ ရည်မှန်းချက်ကြီးမားသည့် ရုန်းကန်မှုဖြစ်ပါသည်။ သို့သော် သူတို့ ခရီးဆက်နေခဲ့ကြသည်။
သန့်ဇင်စိုး

  • TAGS