News

POST TYPE

ABOUT US

ဘာသာရေးအဓိကရုဏ်းအတွင်း မွတ်ဆလင်ထောင်ကျော်၏အသက်ကို ကယ်တင်ခဲ့သော ခရစ်ယာန်ဖာသာ
03-Dec-2017


ဖာသာသည် နှစ်လိုဖွယ်အပြုံး၊ ကက်ဦးထုပ်၊ အနက်ရောင်ဂျင်းဘောင်းဘီ၊ အားကစားဖိနပ်တို့ကို ဆင်မြန်းထားသည်။ ကြက်ခြေနီ အပေါ်ဝတ် အင်္ကျီကို ထပ်ဝတ်ထားသည်။ ဖာသာသည်မကြာ သေးခင်ကပင် အသက် ၃၄ နှစ်ပြည့်ထားသည့် လူငယ် တစ်ဦးဖြစ်သည်။ သို့သော် သူကယ်တင်ထားသည့် လူအရေအတွက်တော့ ထောင်သောင်းချီပါသည်။

ဖာသာဘားနက်ဒ်ကင်ဗီကို တိုဂိုနိုင်ငံတွင် မွေးဖွားခဲ့သည်။ ကက်သလစ် ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပြီး ကာမီလီယန်ခေါ် နာမကျန်း ခွန်အားမဲ့နေသူများအတွက် ပြုစုကယ်တင်ရသော ကက်သလစ်ဂိုဏ်းအဖွဲ့ တစ်ခုမှ ရဟန်းဖြစ်သည်။ အဆိုပါကျောင်းတော်ခွဲမှ ဘုန်းတော်ကြီးများသည် နာမကျန်းသူများ၊ အသက်ဘေးရင်ဆိုင်နေရသူများကို ကူညီကယ်တင်မှုပြုလုပ်ရမည်ဟု သစ္စာပြုထားရပါသည်။ ကျမ်းသစ္စာကျိန်ဆိုပြီး ရဟန်းဖြစ်စတွင်ပင် စစ်ဘေးကရောက်လာခြင်းဖြစ်သည်။ သူ့ကတိကဝတ်ကို ကျေပွန်ဖို့ချက်ချင်းပင် လက်တွေ့ ဆောင်ရွက်ရပါတော့သည်။ 

ဗဟိုအာဖရိကနိုင်ငံ မြို့တော်မှ ကီလိုမီတာ ၂၀ဝ ခန့်ဝေးသောဒေသစစ်၏ ကျိန်စာသင့်ရာနေရာများကို သူသွားရသည်။ ဘော့ဆမ်တယ်လီဆိုသော နေရာတွင် လျှပ်စစ်မီးမရှိ၊ ပလက်ဖောင်းပါလမ်းကနတ္ထိ၊ ကီလိုမီတာ ၁၅၀ ပတ်လည်ရှိသော ဒေသကြီးတွင် ဖာသာကင်ဗီက ဆေးရုံတစ်ခုကို ဦးဆောင်ရသည်။ ထိုဆေးရုံတွင် ဘာသာလူမျိုးမခွဲခြားဘဲ နာမကျန်းနေသူများကို ပြုစုရသည်။ ရောဂါကလည်းစုံပါသည်။ တာဝန်ကျရာနေရာတွင် အစေခံမှုစတင်ချိန်တွင်ပင် ဒေသခံများနှင့် ဖာသာရင်းနှီးသွားသည်။ ဒေသသုံးဘာသာစကားကို လေ့လာသည်။ ဒေသခံများက အဆိုပါ ခရစ်ယာန်ဘုန်းကြီးလေးကို ချစ်ကြသည်။ 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သော ဗဟိုအာဖရိကနိုင်ငံတွင် ၈၀ ရာခိုင်နှုန်းက ခရစ်ယာန်များ ဖြစ်ကြသည်။ အကျင့်ပျက်မှုများ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများကြောင့် တိုင်းပြည်က ချွတ်ခြုံကျနေသည်။ စိန်၊ သစ်၊ ယူရေနီယံတို့ထွက်သော တိုင်းပြည်က ကိုယ်ကျိုးရှာ ထိပ်သီးများကြောင့် ငတ်နေရသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ပါတယ်။ သို့ဖြင့် လူသားလောဘ၊ အတ္တတို့ကြောင့် ထိုတိုင်းပြည်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပါတော့သည်။ ၂၀၁၃ တွင် တိုင်းပြည်၏ မြို့တော်မှစ၍ မွတ်ဆလင်သူပုန်များ၏ တိုက်ခိုက်မှုကို ခံရသည်။ ဘာသာကြီးနှစ်ခုအကြား ခုတ်ထစ်သတ်ဖြတ်ပစ်ခတ်မှုများ ဖြစ်လာသည်။ လက်နက်ကိုင်သူပုန်များ ကြီးစိုးရာဒေသများတွင် နှိပ်စက်ညှဉ်းပန်းမှုများ ဖြစ်လာသည်။ ဗဟိုအာဖရိကသည် တိုင်းပြည်မနုသော်လည်း မုန်တိုင်းက သဲကြီးမဲကြီး ထန်သွားခဲ့လေပြီ။

ဖာသာဘားနက်ဒ်ကင်ဗီ၏ ဆေးရုံတွင် ဆီလီကာဂိုဏ်းဝင်ခေါ် အစ္စလာမ်ဘာသာဝင်များလည်း ဆေးရုံတက်ကြသည်။ “လက်နက်ကိုင်တွေက ဆိတ်တွေကို လုတယ်။ လူတွေကို နှိပ်စက်တယ်။ နောက်ပိုင်း သတ်ဖြတ်တယ်။ နောက်ဆုံး ဆေးရုံဘက်ကို မြားဦးလှည့်လာတယ်။ သူတို့ရန်သူတွေကို ဆေးကုပေးတဲ့အတွက် ကျွန်တော်တို့ကို သတ်မယ်လို့ဆိုပါတယ်” ဟု ဖာသာကင်ဗီက ၎င်းမှတ်မိခဲ့သလို ပြန်လည်ပြောပြသည်။ 

လပေါင်းများစွာ ဗဟိုအာဖရိက၏ မြို့တော်နှင့် မြို့များသည် သူပုန်အုပ်ချုပ်မှုအောက်သို့ ရောက်သွားသည်။ ဆန့်ကျင်ကန့်ကွက်သူမှန်သမျှ သေနတ်ဖြင့်ခြိမ်းခြောက်ခံရသည်။ ဒေသခံပြည်သူ့စစ်များဖွဲ့လာပြီး သူပုန်များကို ပြန်ချကြသည်။ နတ်ကိုးကွယ်သူများ၊ ခရစ်ယာန်များ ပါဝင်ဖွဲ့စည်းကြပြီး ဆီလီကာဂိုဏ်းများကို ပြန်ချကြသည်။ မွတ်ဆလင်များလည်းပြန် ဆော်ခံရသည်။ သို့ဖြင့် ဖာသာကင်ဗီ၏ ဆေးရုံလေးသည် ဘာသာပေါင်းစုံ စုဝေးရာဖြစ်လာသည်။ ခရစ်ယာန်လူနာရော၊ မွတ်ဆလင်လူနာရောပါသည်။ အဓိကရုဏ်းတွင်ရသည့် ဒဏ်ရာဒဏ်ချက်ချင်းကတော့ တူပါသည်။  နိုင်ငံခြားစစ်ကူများ ရောက်လာသောအခါ အခြေအနေက တစ်မျိုးပြန်ဖြစ်သွားသည်။ ဆီလီကာအုပ်စုဝင် မွတ်ဆလင်သူပုန်များ ပြန်ပြေးရသည်။ တိုင်းပြည်နေရာ အနှံ့အကြမ်းဖက်မှုများ ပျံ့နှံ့နေပြီး အခြေအနေက ကသောင်းကနင်းနိုင်လှသည်။ ခရစ်ယာန်ပြည်သူ့စစ်များက မွတ်ဆလင်မှန်လျှင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်ချနေကြသည်။ လူသိန်းနှင့်ချီ သန်းနှင့်ချီ ရွှေ့ပြောင်းခိုလှုံနေရသည်။ ဆီလီကာများကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖာသာကင်ဗီက ဆန့်ကျင်ပြောကြားပါသည်။ သို့သော် သူတို့ကို ပြန်လည်အကြမ်းမဖက်ဖို့အတွက် သွန်သင်ပေးသည်။ “အကြမ်းဖက်ခြင်းက ပြဿနာတွေကို မဖြေရှင်းပေးဘူး” ဟု ဖာသာကင်ဗီက ဆိုသည်။ 

ခရစ်ယာန်ဘာသာဝင် ပြည်သူ့စစ်များကို လိုက်လံတွေ့ဆုံပြီး မွတ်ဆလင်ပြည်သူများအပေါ် လက်စားမချေဖို့ လိုက်လံဖျောင်းဖျသည်။ ငယ်ရွယ်သူ ဘုန်းတော်ကြီးများက သူ့သွန်သင်ချက်ကို လက်မခံကြပေ။ ဘော့စ်ဆမ်တယ်လီဒေသကို လွတ်မြောက်နေရာအဖြစ် ဖယ်ထားပေးဖို့ အလှူခံသည်။ လက်စားချေရေး စိုင်းပြင်းနေသော စိတ်နာနေသူ ခရစ်ယာန်များကို မဖျောင်းဖျနိုင်ခဲ့ပေ။ ဆေးရုံကို မွတ်ဆလင်သူပုန်များက ပစ်ခတ်ခဲ့ပြီးနောက်တွင် ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းမရတော့ပေ။ အပြစ်မဲ့ မွတ်ဆလင်ပြည်သူများအပေါ် အန္တရာယ်ရှိနေပြီဆိုတာကို ဘုန်းတော်ကြီး ကောင်းမွန်စွာသဘောပေါက်သည်။ ဒဏ်ရာရသူ၊ သေဆုံးသူ မွတ်ဆလင်များကို သူ့ခရစ်ယာန်ဆေးရုံထဲတွင် ခိုလှုံရာစီစဉ်ပေးရသည်။ မွတ်ဆလင်များစွာကို ခရစ်ယာန်ဘုရားကျောင်းထဲ ဝှက်ပေးထားသည်။ ကြက်ခြံများထဲတွင် ဝှက်ထားသည်။ ခွဲစိတ်ခန်းထဲတွင် ဝှက်ထားသည်။ မွတ်ဆလင် ၁၅၀ဝ ၏အသက်ကို ဖာသာကင်ဗီနှင့် ဘုန်းတော်ကြီး အချို့တို့က ကယ်တင်ပေးခဲ့သည်။ “လူသားရဲ့အသက်ဟာ ကျုပ်အတွက် မွန်မြတ်ပါတယ်။ ကိုယ်တော့်အလုပ်က အကူအညီလာတောင်းသူတိုင်းကို ကူညီရမှာဖြစ်ပါတယ်။ ဘယ်လိုလူလဲ၊ ဘယ်ကလာလဲ၊ ဘာကိုးကွယ်လဲ၊ သူပုန်လား၊ အစိုးရလူလား ဆိုတာ ဂရုမစိုက်ပါဘူး။ ဘုရားရဲ့ လက်ရာတွေပါပဲ။ ဒါကြောင့်ကူညီ ရမှာပဲ” ဟု ဖာသာကင်ဗီ က ပြောကြားသည်။ 

ဖာသာကင်ဗီကိုပင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ သေနတ်များ၊ ဓားများဖြင့် ချိန်ခံရသည့်အချိန်က အကြိမ်ကြိမ်။ ထိုအခက်အခဲများကြားမှ ရှေ့ဆက်ခဲ့သည်မှာ သူ့ယုံကြည်မှုကြောင့်ဖြစ်သည်။ အတိတ်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ၊ အပြန်အလှန် လက်စားချေမှုများက အကြောက်တရားကို ဖြစ်စေသည်။ အကြောက်တရားကို လွန်မြောက်နိုင်သည်ကား မေတ္တာတရားဖြစ်သည်။ ထိုမေတ္တာတရားဖြင့် အကြောက်တရားကို ပယ်သတ်ကာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါသည်။ ဘာသာလူမျိုးမခွဲခြားဘဲ လူသားအသတ်ကို တန်ဖိုးထားသည့် ဖာသာကင်ဗီ၏ ဘာသာရေးခေါင်းဆောင်ပီသသော လုပ်ရပ်ကြောင့် လူများစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ထို့အတူ သူ့သာသနာအတွက်လည်း အကျိုးများခဲ့သည်။ အားကျဖွယ်ဖြစ်ပါသည်။ 

  • VIA