POST TYPE

ABOUT US

ထောင်ထွက် ရေပိုက်ပြင် ဆရာကြီး၏ ပညာသင်ဆု
26-Nov-2017


၁၉၈၀ ကာလများက သူသည် မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦးဖြစ်သည်။ လူသတ်မှုတစ်ခုကိုပင် ကျူးလွန်ခဲ့မိမတတ်ဖြစ်ခဲ့သည်။ ဒီနေ့တော့ ဝက်စ်ဗယ်လီမြို့သား အမျိုးသားကြီးသည် အတိတ်ကပြုခဲ့သော မကောင်းမှုများကို ကောင်းမှုကုသိုလ်တစ်ခု စဉ်ဆက်မပြတ်ပြုရင်း ပေးဆပ် ရှေ့ဆက်နေပြီဖြစ်ပါသည်။ “ခြေချုပ်နဲ့ပါ ထည့်တွက်မယ်ဆိုရင် နှစ် ၂၀ လောက် အဆုံးအမ ခံယူပြီးပါပြီ”ဟု ကားလ်ဝင်းစ်နက်စ်က ပြောကြားသည်။ ၁၉၈၈ ခုနှစ်တွင် ရဲအရာရှိတစ်ဦးကို သတ်ဖြတ်ရန် လုပ်ဆောင်မှုဖြင့် ထောင်ကျခဲ့သည်။ “ကျွန်တော်သေနတ်နဲ့ နှစ်ချက် ပစ်ခဲ့ပါတယ်။ ထွက်ပြေးတဲ့အချိန် နောက်ထပ် နှစ်ချက် ပစ်ခဲ့ပါတယ်။ ရဲအရာရှိတစ်ယောက် ဒဏ်ရာ ရသွားခဲ့ပါတယ်”ဟု ကားလ်က ပြန်ပြောင်း ပြောပြသည်။

ကားလ်ဝင်းနက်စ် ထောင်ထဲ ရောက်သွားချိန်တွင် အပြင်၌ သမီးလေးနှစ်ဦး ကျန်ခဲ့သည်။ သမီးနှစ်ယောက်သည် ကိုယ့်ခြေထောက်ပေါ် ရအောင် ရပ်ရပါတော့သည်။ သိပ်ကို ခက်ခဲခဲ့ပါသည်။ ဆယ်စုနှစ်များ ကြာသည့်အခါ ဆုံးရှုံးခဲ့ရသော ကာလများအတွက် သူတစ်ခုခု ပြန်လုပ်ပေးချင်ပါသည်။ ရေပိုက်ပြင်သည့်လုပ်ငန်းဖြင့် အသက်မွေးသည်။ ထို့နောက် မိမိအခက်အခဲအတိုင်း ကြုံနေရသူများအတွက် တစ်ခုခုပြန်လုပ်ပေးရန် သူကြိုးစားခဲ့သည်။ Willy the Plumber Scholarship ဟု အမည်ပေးထားသည် ရေပိုက်ပြင်သမားကြီး၏ ပညာသင်ဆု ဆိုသည့် အစီအစဉ်တစ်ခုကို စတင်ခဲ့ပါသည်။ သူ့၏ချစ်စနိုးနာမည် ဝီလီကို သုံးထားသဖြင့် ဝီလီရေပိုက်ပြင်သမား ပညာသင်ဆုဟု အမည်တွင်သည်။ 

“မိဘတွေ အိမ်ထောင်ကွဲတာဖြစ်ဖြစ်၊ မိဘကွယ်လွန်တာပဲဖြစ်ဖြစ် ကလေးတွေက လူမှုဖူလုံရေး ထောက်ပံ့မှု ရပါတယ်။ ကလေးသူငယ် စောင့်ရှောက်မှု ရပါတယ်။ ထောင်ထဲ ရောက်သွားရင်တော့ ကလေးတွေက ဘာမှမရဘူး”ဟု ကားလ်ဝင်းစ်နက်စ်က ၎င်း၏ တွေ့ကြုံခဲ့ရမှုအတိုင်း ပြောပြသည်။ သူ့စိုက်ထုတ်ငွေရော အများသူငါ လှူကြသည်များရော ပေါင်းစပ်ကာ သူ့ရန်ပုံငွေဖြင့် ထောင်ကျသူမိဘများ၏ သားသမီးများအတွက် ကောလိပ်တက်ရန်ပုံငွေ ထောက်ပံ့ပါသည်။ “ကျွန်တော့်ဘဝရဲ့ အဆိုးထဲက အကောင်းကို ထုတ်ယူတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။ ၂၀၁၃ ခုနှစ်ကစတင်ပြီး အမေရိကန် ပြည်ထောင်စု အူတာပြည်နယ်မှ မိဘထောင်ကျ သားသမီးများအတွက် ပညာသင်စရိတ် ဒေါ်လာ ၃၅၀ဝ စတင် ပေးအပ်ခဲ့သည်။ သူကျောင်းထားပေးသည့် ကလေးများထဲမှ မာရီယာဝီလီယမ်ဆန် ဆိုသည့် ကောင်မလေးပင်လျှင် တက္ကသိုလ်ကျောင်းသူဖြစ်သွားလေပြီ။ 

“ထောင်ကျတဲ့ မိဘတွေရဲ့ အရိပ်က ကလေးတွေကိုပါ လွှမ်းမိုးပါတယ်။ လူတွေက ဒီပုတ်ထဲက ဒီပဲ ထွက်မယ်ဆိုသလို ဆက်ဆံကြတယ်”ဟု ဝီလီယမ်ဆမ်က သူမ၏ အတွေ့အကြုံကို ပြန်လည် ပြောပြသည်။ လူမှုရေးလုပ်ငန်း အထူးပြု ပညာသင်ကြားနေသော မိန်းကလေးသည် မိခင်ဖြစ်သူ ထောင်ကျနေစဉ် အဘွား၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ သူမ၏ မိခင်က ဘဏ်ဓားပြမှု၊ ခိုးမှု၊ အယောင်ဆောင်မှု စသည်တို့ဖြင့် နှစ်ရှည် ထောင်ကျနေသည်။ ထောင်ကျမိဘသားသမီးများ ပညာသင်ဆု ရပါသည်။ ပညာသင်ဆုအပြည့်အပြင် လစဉ် ဒေါ်လာတစ်ထောင် အသုံးစရိတ်လည်း ရရှိခဲ့သည်။ “တက္ကသိုလ် တက်ဖို့က ကျွန်မအိပ်မက်ပါ”ဟု ၎င်းက ဆိုသည်။ မိခင်ထောင်ကျသွားသည့် နောက်ထပ် သမီးတစ်ဦးဖြစ်သူ ဆလီနာမွန်တိုယာကလည်း ကောလိပ်တက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဟု ငယ်စဉ်ကတည်းက ထင်ထားခဲ့မိသည်။ ယခုတော့ မမျှော်လင့်ထားသည့် ဘဝတစ်ခု၏ လမ်းကြောင်းပေါ်သို့ ရောက်သွားခဲ့လေပြီ။ 

တစ်ချိန်က ကားလ်ဝင်းစ်နက်စ်သည်လည်း အဆိုပါ မိန်းကလေးများ၏ မိဘများကဲ့သို့ ထောင်ထဲရောက် မိဘတစ်ဦးဖြစ်သည်။ ယခုအခါ တခြားသူများ၏ ဘဝ တိုးတက်မြင့်မားရေးအတွက် သူ့ဘဝကို အသုံးချနေလေပြီ။ “ကျွန်တော်သေလို့ မြေကြီးထဲ ရောက်သွားလည်း၊ ဒါက ဆက်ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်”ဟု ကားလ်ဝင်းစ်နက်စ်က ဆိုသည်။ အူတာပြည်နယ် ရပ်ရွာဖောင်ဒေးရှင်းက ရေပိုက်ပြင်သမားကြီး ပညာသင်ဆုသို့ အလှူငွေ လာသမျှကို ကူညီစီမံခန့်ခွဲပေးသည်။ ရေပိုက်ပြင်သည့် လုပ်ငန်းကို စတင် လုပ်ဆောင်ရင်း ရသည့်ဝင်ငွေများဖြင့် ကလေးများကို တတ်စွမ်းသမျှ ကျောင်းထားပေးရင်း လူအများက သတိပြုမိလာရာမှ အဆိုပါ အလှူငွေများဖြင့် ဖောင်ဒေးရှင်း ထူထောင်နိုင်ခြင်း ဖြစ်ပါသည်။ သူ့ဘဝကို အဆင်ပြေသလိုလေးနေပြီး အဆိုပါ ပညာသင်ဆုအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ထောင်ထွက်ကြီးက ပြောကြားသည်။ စတင်ခဲ့စဉ်က ကြော်ငြာစာရွက်လေးဝေကာ ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်သာ ပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၇ ဦးသာ ထောက်ပံ့နိုင်ခဲ့သည်။ ယခုတော့ နှစ်စဉ် ထိုမျှမကသော ပမာဏဖြင့် ညှိနှိုင်းထောက်ပံ့နိုင်ချေပြီ။

မမှားခဲ့ဖူးသူ မရှိပြီ။ တချို့က အမှားထဲတွင် ဆက်ပြီး ဘဝကို နှစ်မြှုပ်လိုက်သည်။ တချို့ကတော့ အဆိုပါ အမှားထဲမှ ပြန်လည် ကုန်းရုန်းထကြသည်။ ကားလ်လည်း ပြန်ထခဲ့သည်။ သူ့အတွက်တော့မဟုတ်။ အများအတွက်ဖြစ်သည်။ သူကိုယ်တွေ့ကြုံခံစားခဲ့ရသော ဒုက္ခအတိုင်း ရင်ဆိုင်နေရသူများကို ကူညီရန်အတွက် ဖြစ်ပါသည်။ ထောင်ထွက်တစ်ယောက်အတွက် ဘဝသစ်တစ်ခု ပြန်စရသည်မှာ ဘယ်မှာပဲဖြစ်ဖြစ် ကြမ်းတမ်းမြဲဖြစ်ပါသည်။ ကားလ်ဝင်းစ်နက်စ်က လက်မလျှော့ခဲ့ပါ။ ဝင်ငွေနည်းသော ရေပိုက်ပြင်သမားတစ်ယောက် ဖြစ်လင့်ကစား ကလေးများစွာကို အဆင်ပြေပြေ ပညာသင်နိုင်ရန် ရအောင် ကူညီခဲ့သည်။

သန့်ဇင်စိုး

  • VIA