News

POST TYPE

ABOUT US

ပန်းရောင်ဆာရီဝတ်ဂိုဏ်း
19-Nov-2017


အိန္ဒိယနိုင်ငံရှိ တောနယ်မြို့ငယ်လေး တစ်မြို့တွင် ဖြစ်သည်။ ဇာတ်နိမ့်မျိုးနွယ်ဝင် မိန်းကလေးငယ်တစ်ဦး မုဒိမ်းပြုကျင့်ခံရသည်။ ပြုကျင့်သူက ငွေကြေး ဩဇာ နောက်ခံကောင်းသူ တစ်ဦးဖြစ်သည်။ ရဲသွားတိုင်တော့လည်း အလုပ်မလုပ်သည့် ရဲများ၏ ထုံးစံအတိုင်း ဟိုလိုလို ဒီလိုလို အူကြောင်ကြောင် လုပ်နေသည်။ ခံလိုက်ရသည့် ကောင်မလေး၏ရွာက အမျိုးသားချင်းများက ဆန္ဒပြ ဟစ်အော်ကြတော့ ထိုလူများက အရင် အဖမ်းခံရသည်။ သို့ဖြင့် ထိုကိစ္စက တရားမျှတမှု ရဖို့ ဝေလာဝေး၊ အမှုလေးပင် မဖွင့်လိုက်ရ။ ရဲများကလည်း မေ့မေ့ပျောက်ပျောက်နှင့် ထုံးစံအတိုင်း ပြီးသွားမည့် ကိစ္စဟုပင် ယူဆထားလိုက်သည်။ တကယ်တော့ မပြီးသွားပါ။ ဘယ်ကပေါ်လာမှန်းမသိသော ပန်းရောင်ဆာရီဝတ် အမျိုးသမီးအုပ်ကြီး ရဲစခန်းကို ရောက်လာသည်။ လက်ထဲတွင် တုတ်ချောင်းရှည်များ ကိုင်ထားကြသည်။ ရဲစခန်းထဲ ဝင်လာပြီး ဝုန်းဒိုင်းကြဲကြသည်။ မီဒီယာများလည်းရောက်လာသည်။ ပန်းရောင် အုပ်စုကြီးသည် လူလည်းအလွန်များ၏ အားလုံးက မိန်းမသားအရွယ်စုံဖြစ်သည်။ လူမှုရေး တရားမျှတမှုအတွက် သေရမှာကိုပင် မကြောက် သည့်ပုံများဖြင့် ဝင်လာကြသည်။ နောက်ဆုံးတော့ ထိုအမှုကိုဖွင့်ပေးလိုက်ရပြီး ရဲများကတရားခံကို အရေးယူပေးလိုက်ရသည်။ ပန်းရောင်ဝတ်မိန်းမသား များ၏ ခပ်ကြမ်းကြမ်းလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပါ သည်။ သူတို့အဖွဲ့သည် တရားမမျှတဟု ထင်ရှားပါက ရဲရော၊ နိုင်ငံရေးပါတီများကိုရော မကြောက်ကြပါ။  ကိုယ့်အခွင့်အရေးအတွက် မိန်းမသားတွေ တိုက်ပွဲဝင် ကြရမည်ဟုယုံကြည်ကြသည်။ ဇနီးသည်ကိုရိုက်နှက် နှိပ်စက်သော ယောကျာ်းသားကိုလူအုပ်ကြီးဖြင့် ဝိုင်း ပြီး ဝန်ချတောင်းပန်ခိုင်းသည်။ လိင်မှုဆိုင်ရာ အမြတ် ထုတ် အကြမ်းဖက်သူများကို လူသိထင်ရှားအရှက်ခွဲ ကြသည်။

ထိုအဖွဲ့ကြီးကို အိန္ဒိယဒေသ ဘာသာစကားဖြင့် ဂူလာဘီဂန်း (Gulabi Gang) ဟုခေါ်သည်။ ပန်းရောင် ဂိုဏ်းသားများဟု ဆိုကြသည်။ ၂၀ဝ၂ ကတည်းက စတင်ခဲ့သော လှုပ်ရှားမှုဖြစ်သည်။ စတင်တည်ထောင်သူက ဆမ်ပက်ပယ်ဒေဗီ ဖြစ်သည်။ တစ်ရက်တော့ သူမအိမ်သို့ ပြန်လာစဉ် နေထိုင်ရာ အူတာပရာ ဒက်ရှ်ပြည်နယ်၏ ရပ်ရွာတစ်ခုထဲမှ မိတ်ဆွေ အမျိုးသမီးတစ်ဦး အရက်စွဲနေသူ လင်သားက အပြင်းအထန် ရိုက်နှက်နှိပ်စက်ထားသည့်သတင်းကို ကြားလိုက်ရသည်။ အူတာပရာဒက်ရှ် ပြည်နယ်သည် အမျိုးသမီးများအတွက် မလုံခြုံဆုံးပြည်နယ်ဖြစ်သည်။ အိန္ဒိယတွင် မုဒိမ်းမှုဖြစ်ပွားနှုန်း အမြင့်ဆုံးနေရာ ဖြစ်သည်။ အိမ်တွင်း အကြမ်းဖက် နှိပ်စက်တာလောက်တော့ ရဲကလည်း မိသားစုအရေးဆိုတော့ ဝင်မပါပေ။ သူမတစ်ယောက်တည်းတော့ ထိုအိမ်ကိုသွားပြီး နှိပ်စက်ခံနေရသူ သူငယ်ချင်းကို ဆွဲမခေါ်နိုင်။ သို့ဖြင့် ရပ်ရွာထဲမှ အမျိုးသမီးများကို လိုက်စုပြီး ထိုအိမ်ကို လိုက်သွားကြသည်။ မိန်းမကို နှိပ်စက်သော မဟာပုရိသ လင်သားကြီးကို ဆွဲထုတ်ပြီး ပြန်တောင်းပန်ခိုင်းသည်။ ထိုဖြစ်ရပ်ပြီးကတည်းက သူတို့ အမျိုးသမီးအုပ်စု အတွေးအမြင်တစ်ခု ရသွားကြသည်။ အမျိုးသမီးပေါင်းများစွာ စုစည်းထားလျှင် သန်မာအားကောင်းသည်ဟု သိသွားခြင်းဖြစ်သည်။ ပန်းရောင်ဆာရီဝတ်ဂိုဏ်းက ဤတွင် စတင် ပေါက်ဖွားလာခဲ့ပါသည်။

ကွန်ရက်ဝင် လေးသိန်းလောက် ရှိသည်ဟု ခန့်မှန်းကြသော ဂူလာဘီဂန်းသည် အူတာပရာဒက်ရှ် ပြည်နယ် စိုက်ပျိုးရေး မြို့လေးဘာဒူဆာတွင် အလွတ်သဘော အခြေစိုက်ကြသည်။ ရုံးပြင်ကနားဖြင့် ရပ်တည်ထားခြင်းမဟုတ်။ ကွန်ရက်သဘော ဖြစ်သည်။ မတရားသောနည်းဖြင့် အမျိုးသမီးများဘက်ကတင် တောင်းရခြင်း၊ ကလေးသူငယ် မိန်းကလေးများကို လက်ထပ်ပေးခြင်း၊ အိမ်တွင်း အကြမ်းဖက်ခြင်း စသည်တို့ကို လိုက်လံ ဖြေရှင်းကြသည်။ သူတို့ ကွန်ရက်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၆၀ ကြား အမျိုးသမီးအရွယ်စုံ ပါဝင်ကြသည်။ ၂၀၁၁ ခုနှစ်က ရှီလူနီရှက်ဆိုသူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး လူအုပ်စုလိုက်ဖြင့် အဓမ္မ ပြုကျင့်ခံရသည်။ အစုလိုက် မုဒိမ်းကျင့်လိုက်သူများထဲတွင် ဒေသခံ ဥပဒေပြု အဖွဲ့ဝင်တစ်ဦးပင် ပါဝင်သည်။ ထိုမိန်းကလေးပင် ဖမ်းချုပ်ခံထားရသည်။ သမီးငယ်၏ဖခင်က ပန်းရောင်ဂိုဏ်းကို သွားတိုင်ရသည်။ ရဲစခန်းနှင့် အဆိုပါ ဥပဒေပြု အမတ်အိမ်ကိုဝိုင်းပြီး အမျိုးသမီး အုပ်ကြီးက  ဆန္ဒပြကြသည်။ အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌကြီး ဆိုနီယာဂန္ဓီ၏သားဖြစ်သူ ရာဟူးလ်ဂန္ဒီ ကိုယ်တိုင် မိုင်ပေါင်း ၃၇၀ ကျော် ခရီး ထွက်လာခဲ့ပြီး ထိုအမျိုးသမီးအုပ်ကြီးနှင့် တစ်သားတည်းရှိကြောင်း လာရောက် ဝန်းရံခဲ့သည်။

လူအုပ်စုလိုက်ဖြင့် ဝိုင်းကာ ဖိအားပေးသည့်နည်းဖြင့် ဖြေရှင်းသည်ဟု ဆိုသော်လည်း အမြဲတမ်း အဆိုပါနည်းလမ်းဖြင့် ဆောင်ရွက်သည်တော့ မဟုတ်ပါ။ တွေ့ဆုံညှိနှိုင်းခြင်း၊ တရားဥပဒေအရ တိုင်ကြားခြင်းတို့လည်း ပြုလုပ်ပါသည်။ ဥပဒေဘောင်အတွင်းက ဘယ်လိုမှ လုပ်လို့မရအောင် လုပ်ထားပြီဆိုတော့မှ  အမျိုးသမီးထုကြီးက အလျှို အလျှို လမ်းမတွေပေါ် ထွက်လာခြင်းဖြစ်သည်။ သူတို့အဖွဲ့၏ အကြိမ်ကြိမ် လှုပ်ရှားမှုများကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်  သေဆုံးခြင်း မရှိပါကြောင်း ပန်းရောင်ကွန်ရက်အဖွဲ့ဝင်များက ပြောကြားသည်။ အဆိုပါ ကွန်ရက်အကြောင်းကို မှတ်တမ်းရုပ်ရှင်သမားတစ်ဦးက ရိုက်ကူးတင်ဆက်ခဲ့ရာ လူကြိုက် များခဲ့သည်။ ပန်းရောင် တော်လှန်ရေး ဆိုသည့် စာအုပ်တစ်အုပ်လည်း ထွက်ရှိခဲ့ပါသည်။ ပြင်သစ် အဆိုတော်တစ်ဦးကလည်း သူတို့အဖွဲ့ကို တေးသီချင်းတစ်ပုဒ် သီဆိုကာ ဂုဏ်ပြုပေးခဲ့သည်။

အိမ်တွင်းရေးပါ၊ ရပ်ရွာရဲ့ အလေ့အထပါ၊ ကာယကံရှင်တွေ ကျေနပ်တာပဲဆိုပြီး မတရားမှုများကို လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင် အတော်များများက နှုတ်ဆိတ်ကြလေ့ရှိသည်။ ပန်းရောင် အလင်းတန်း တစ်ခုကတော့ အူတာပရာဒက်ရှ် ပြည်နယ်ထဲတွင် ခွန်နှင့် အားနှင့် ထိုးထွက်နေသည်။ မတရားမှုများကို နှုတ် ဆိတ် ခေါင်းငုံ့ခဲ့ရသည်ကို တော်လောက်ပြီဟု သူတို့ကဆိုသည်။ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရသည်မှာ ရေကိုဆန်ရသော ခရီးကြမ်းဖြစ်သည်။ ပန်းရောင် လူအုပ်ကြီးကတော့ လက်မလျှော့သေး။ လူသားတိုင်း ကျားမ မရွေး တရားမျှတစွာ ရှင်သန်ဖွံ့ဖြိုးပြီး အကာအကွယ် ရရှိရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ရှေ့ဆက်နေသည်။

သန့်ဇင်စိုး

  • VIA