News

POST TYPE

ABOUT US

ဆရာဝန် နိုင်ငံရေးသမားတစ်ယောက်၏ ခဲခြစ်ကောက်ကြောင်း
ရုတ်တရက် ကြည့်လိုက်မည်ဆိုလျှင် အညာသားဟန် အပြည့်အဝရှိသည့် ရိုးသားသည့်မျက်နှာနှင့် သူ့ကိုတွေ့ရမည် ဖြစ်သည်။ အနားသွား၍ စကားပြောကြည့်မည် ဆိုလျှင်လည်း မည်သူ့ကိုမဆို ခင်မင်ရင်းနှီးစွာဖြင့် လက်ခံပြောကြားပေးမည်ပင် ဖြစ်သည်။ သူက ဆရာဇော်ဟု ခေါ်ကြသည့် ဒေါက်တာဇော်မြင့်မောင်။

မန္တလေးတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရသည့်သူ စသည်ဖြင့် သူ့ကို ညွှန်းဆိုစရာများစွာ ရှိသော်လည်း သူကမူ နိုင်ငံရေးကို မျှော်လင့်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ဆိုသည်။
“အပြောင်းအလဲတစ်ခုကို လိုချင်တယ်။ ဒီအပြောင်းအလဲကို တွန်းနိုင်တဲ့ တွန်းအားက နိုင်ငံရေးအရပဲ လုပ်ရမှာ” ဟု နိုင်ငံရေးကို စတင်လုပ်ဆောင်ခဲ့စဉ်က သူ့ခံယူချက်ကို ပြောပြသည်။

သူ့ကို မန္တလေးမြို့တွင် ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မန္တလေး ဆေးတက္ကသိုလ်မှ ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရခဲ့သူတစ်ဦး ဖြစ်သည်။ ဆရာဝန်ဖြစ်ပြီး ပထမဆုံး ထီးချိုင့်မြို့နယ် သမဝါယမဆေးခန်းကို ထူထောင်ပေးခဲ့သည်။ ယင်းနောက် ဆရာဦးထွန်းသွင်၏ ဆေးခန်းတွင် တာဝန်ခံ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မန္တလေး ဆေးတက္ကသိုလ်တွင် သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“ဆရာဝန်ဘဝကို ဝါသနာပါလို့ လုပ်တာလည်း ပါတယ်။ ဆရာဝန်ဘဝ အတွက်လည်း ကျေနပ်ခဲ့တယ်ပေါ့နော်။ ဘာလို့ဆို ကျောင်းမှာ ဆရာပြန်ဖြစ်တော့လည်း ဆရာဂုဏ်အင်္ဂါနဲ့ စာသင်တယ်။ တပည့်တွေရှိတယ်။ ခုဆို ပါမောက္ခတွေ ဖြစ်နေကြပြီ” ဟု သူ၏ ဆရာဝန်ဘဝကို ဂုဏ်ယူစွာ ပြောဆိုသည်။

သို့သော် ဘဝတွင် နောက်ထပ် ပြန်မတွေ့ကြုံချင်တော့သော ဖြစ်ရပ်တစ်ခု ဖြစ်သည့် ရှစ်လေးလုံး အရေးတော်ပုံက သူ့ကို နိုင်ငံရေးသမားတစ်ယောက် အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ယင်းသို့ ပြောင်းလဲမှုက သူ့အတွက် ပြန်ရုန်းမထွက်ချင်သည့် နွံအတွင်း ရောက်ရှိသွားသကဲ့သို့ပင်။ ဆေးတက္ကသိုလ်ဆရာများ သမဂ္ဂ၊ အထက်မြန်မာပြည် ဆရာဝန်အသင်းသမဂ္ဂတို့တွင် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

“တော်လှန်ရေးလို့တော့ မသုံးချင်ဘူး၊ ဒီမိုကရေစီအရွေ့ အတွက်ကတော့ လူလတ်တန်းစားတွေက နိုင်ငံရေး အပြောင်းအလဲတွေကို လုပ်ကြတယ်။ ဘယ်နိုင်ငံပဲကြည့်ကြည့် လူလတ်တန်းစားတွေက လုပ်တယ်။ Middle Class ဆိုတာ များလာလို့ရှိရင် အပြောင်းအလဲတစ်ခုကို၊ ဒီမိုကရေစီကို တောင်းလို့ရတယ်ဆိုတာ၊ အဲသည်မူအတိုင်းပဲပေါ့နော်” ဟု ထိုခေတ် (၁၉၈၈ ခုနှစ်) က နိုင်ငံတစ်ခု၏ အပြောင်းအလဲ၊ နိုင်ငံတစ်ခု၏ အရွေ့ကို ဦးဆောင်ခဲ့ကြသည့် လူတန်းစားများ အကြောင်းကို သူက ပြောပြနေသည်။

ယင်းနောက် တပ်မတော်က ပြုလုပ်ခဲ့သည့် ငွေဗျိုင်းဖြူစစ်ဆင်ရေးနှင့် ကျီးမည်းစစ်ဆင်ရေးဟု အမည်ပေးထားသည့် ဆရာဝန်များနှင့် ရှေ့နေများကို ဖမ်းဆီးလိုင်စင်သိမ်းသည့် စစ်ဆင်ရေးတွင် ဆရာဇော်တို့လည်း ပါဝင်သွားခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အမရပူရမြို့နယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်။

အင်းစိန်စစ်ခုံရုံးမှ ပုဒ်မ ၁၂၂ (၁) အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်တွင်းတွင် အကျဉ်းသားအခွင့်အရေး လှုပ်ရှားမှုကြောင့် ၁၂ နှစ် ထပ်မံချမှတ်ခံရသည်။ 
“နိုင်ငံရေးအံတုမှု ဆိုတာ အဲသည်အချိန်မှာ ထောင်အကြီးအကျယ် ချတာပဲ။ ဖမ်းတယ်” ဟု သက်ပြင်းပါသည့် သံရှည်ဖြင့် သူက ပြောဆိုသည်။

ဟုတ်သည်ကော မဟုတ်သည်ကိုပါ ရော၍ သတင်းပေးနေသည့် သတင်းပေးများ၏ မျက်စိဒေါက်ထောက် ကြည့်နေသည့် ကြားမှ လုပ်ခဲ့ရသော နိုင်ငံရေးမှာ စွန့်စားခန်းတစ်ခု ဖြစ်သည်ဟု သူက အတိတ်ကို ပြောပြသည်။

နိုင်ငံရေးသမားအဖြစ် သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ဟု ဆရာဇော်က ဆိုသည်။ လွတ်လပ်ရေးရပြီး ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သည့်သူများ အားလုံး တိုင်းပြည်၏ဒဏ်ကို ပိုခံခဲ့ရပြီး မိမိအနေနှင့် အိမ်က အားပေး၍ ပညာရေးတွင် ထူးချွန်ခဲ့ရသော်လည်း တိုင်းပြည်အနေနှင့်မူ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် အမှောင်ချခံရသည့် သူများသာ ဖြစ်ကြောင်း ၎င်းက ပြန်ပြောင်းပြောဆိုသည်။

ယင်းခေတ်တွင် အုပ်စိုးခဲ့သူများက နိုင်ငံ၏ ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့သည်။ တိုင်းပြည်၏ တိုးတက်ရာ တိုးတက်ကြောင်းများကို ရပ်တန့်အောင် လုပ်ဆောင်ခဲ့ကြသည်။ ယင်းအခြေအနေများကို မနှစ်မြို့နိုင်တော့သည့်သူများမှာ အပြောင်းအလဲဖြစ်ရန် လုပ်ဆောင်ကြသည်။ ထိုသူများထဲတွင် ဆရာဇော်ကလည်း အပါအဝင် ဖြစ်ခဲ့လေသည်။

“ကိုယ်ရွေးခဲ့တဲ့လမ်းကြောင်း တစ်ခါမှ နောင်တရတာ မရှိဘူး။ ခုထက်ထိလည်း မရှိဘူး။ နိုင်ငံရေး လုပ်ရတာကိုလည်း ကျေကျေနပ်နပ်နဲ့ လုပ်တာ၊ တိုင်းပြည်အတွက် အလုပ်လုပ်တာပဲ၊ ဒီလိုလုပ်မယ့် လူမရှိရင် ကျွန်တော်တို့နိုင်ငံ တစ်သက်လုံး ဘယ်လိုမှ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတဲ့ သီချင်းက အဲသည်အချိန်တုန်းက တအားနဲ့ ခေတ်စားတဲ့ သီချင်း” ဟု ထိုခေတ်က နိုင်ငံရေးကို လှုံ့ဆော်ပေးခဲ့သည့် သီချင်းကိုပါ သတိတရဖြင့် ပြောဆိုလိုက်သည်။

သူကြီးပြင်းခဲ့သည့် မဆလခေတ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်) တွင် ထုတ်ဝေခဲ့သည့် စာအုပ်များမှာ အပြာစာအုပ်များက အများဆုံးဖြစ်သည်ဟု သူက ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် မဆလ၏ သင်္ကေတအရောင်မှာ အပြာရောင် ဖြစ်သဖြင့် အစိုးရ၏ အာဘော်များကို အပြာရောင်မျက်နှာဖုံး ပါသည့် စာအုပ်များဖြင့် ထုတ်ဝေခဲ့ကြကြောင်း သူက ပြောသည်။

ထိုစာအုပ်များကို ဖတ်ပြီး ကြီးပြင်းမည်ဆိုလျှင် ထိုခေတ်လူငယ်များ ခေါင်းထဲတွင် ဒီမိုကရေစီဆိုသည့် အလင်းရောင်ကို မည်သည့်အချိန်တွင်မှ ရရှိကြမည် မဟုတ်ဘဲ ပြည်တွင်းထုတ် မဂ္ဂဇင်းများကို ဖတ်၍သာ နိုင်ငံရေးပိုး ဝင်ခဲ့ကြရကြောင်း ယင်းခေတ် လူငယ်တို့၏ အခြေအနေကိုပါ သူက ပြောသည်။

“၈၈ အရေးအခင်းကြီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ လူတွေပွင့်လာတယ်။ မျက်လုံးပွင့်လာတယ်။ ဘာလို့လဲဆိုတော့ သည်ဟာကြီး မအောင်မြင်ဘူးလို့ ပြောတယ်။ တော်လှန်ရေးကြီး ဆုံးရှုံးသွားတယ်လို့ ပြောတယ်။ ၈၈ အရေးတော်ပုံကြီး ဆုံးရှုံးသွားတယ်။ မဟုတ်ပါဘူး၊ မဆလပါတီ ပြုတ်ကျ သွားတယ်။ ပြည်သူ့အင်အားနဲ့ ကျွန်တော် တို့က ဘာလဲဆိုလို့ရှိရင် အာဏာရှင်စနစ်တစ်ခုကို ဖြုတ်ချလို့ရတယ်ဆိုတဲ့ အသိက အဲသည်ကတည်းက အမြစ်စတွယ်တာပေါ့” ဟု သူက ရှစ်လေးလုံး အရေးတော်ပုံကြောင့် မြန်မာ့နိုင်ငံရေး အသိအမြင် ပြောင်းလဲခဲ့ရပုံကို ပြောဆိုသည်။

ဤသည်များက သူဖြတ်သန်းခဲ့သည့် ဘဝစာမျက်နှာ အပိုင်းအစများ ဖြစ်သည်။ ယခုမူ ပြောင်းလဲခဲ့လေပြီ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီ ဖြစ်သည်။ ဒါက သူ့အတွက် အောင်မြင်မှု တစ်ခုပေလား။

“မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ မျှော်မှန်းချက်တော့ ရှိတယ်။ ဒီမိုကရေစီဆိုတဲ့ မျှော်မှန်းချက်တော့ ရှိတယ်။ ငါဘာဖြစ်ရမယ်ဆိုတဲ့ဟာတော့ မရှိဘူး” ဟု သူ့ခံယူ ချက်ကို ရိုးရိုးရှင်းရှင်း ပြောပြသည်။

မိမိနှင့် ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ စသူတို့မှာ ပါတီမှ ဦးတင်ဦး၊ ဦးဝင်းထိန်၊ ဒေါ်အောင်ဆန်းစုကြည် စသူတို့ကို Icon အဖြစ် သတ်မှတ်ကာ ၎င်းတို့၏ ဦးဆောင်မှုအောက်တွင် လိုက်ပါနေကြခြင်း ဖြစ်ကြောင်း၊ မိမိအနေနှင့် ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင်လည်း ပါသည်ဖြစ်၍ ပါတီလုပ်ငန်းနှင့် တိုင်းဒေသကြီးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ သစ်ပင်ကို စတင်စိုက်ပျိုးခဲ့ကြသူများ၊ ထိုသစ်ပင် အမြစ်တွယ်အောင် ပြုစုပျိုးထောင်ခဲ့ကြသူများတွင် ပါဝင်ခွင့်ရရှိမှု အတွက် သူက ဂုဏ်ယူနေသည်။ ကြွားဝါရမည့်အရာ မဟုတ်သော်လည်း မိမိ၏ လုပ်ဆောင်မှုကို အသိအမှတ်ပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပြုရမည်ဟု သူက ပြောသည်။

နိုင်ငံရေးသက်တမ်း နှစ်သုံးဆယ်နီးပါးရှိပြီ ဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် အနေနှင့် မြန်မာ့နိုင်ငံရေးအတွက် မျိုးဆက်သစ် နိုင်ငံရေးသမားများစွာ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း အဟောင်းအသစ်၊ ထောင်ကျဖူးသူ မကျဖူးသူ စသည်က အရေးမကြီးဘဲ တိုင်းပြည်အတွက် စေတနာသန့်သန့်ဖြင့် လုပ်ဆောင်မည့် သူမျိုးကို လိုချင်ကြောင်း အမြဲပြောဆိုဖူးသည်ဟု သူက ပြောသည်။

“လူဟောင်းတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ အသစ်တွေ မျိုးဆက်မွေးမယ်။ နိုင်ငံရေးကတော့ စဉ်ဆက်မပြတ် ရှိနေမှာပဲ။ သည်ကြားထဲမှာမှ နိုင်ငံကို ချစ်စိတ်နဲ့ တိုင်းပြည်ကောင်းအောင် လုပ်မယ့် နိုင်ငံရေးသမားမျိုး ပိုလိုတယ်ပေါ့နော်” ဟု လက်ရှိ မြန်မာ့နိုင်ငံရေးအတွက် လိုအပ်နေသည့် နိုင်ငံရေးသမားများကို သူက မျှော်လင့်ချက်ဖြင့် ပြောဆိုသည်။

မိမိတို့အနေနှင့် အုပ်ချုပ်မှု အတွေ့အကြုံ မရှိသေးသော်လည်း ဝမ်းစာပြည့်အောင် ပြုလုပ်မည်ဖြစ်ပြီး အလုပ်က သင်ပေးသွားမည် ဖြစ်ကြောင်း သူက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည့် ကိစ္စနှင့် ပတ်သက်၍ ပြောသည်။ 
“နိုင်ငံရေးသမားက ဆက်သွားဦးမှာပဲနော့။ ဝန်ကြီးချုပ် ဖြစ်လာတော့လည်း ဒါက နိုင်ငံရေးပို့စ် တစ်ခုပါပဲ။ ထူးပြီးတော့မှလည်း သာယာစရာ မရှိဘူး။ ကျွန်တော်ကတော့ သည်လိုပဲ ခံယူထားတယ်။ ထူးပြီးတော့မှလည်း အခွင့်အရေးယူစရာ မရှိဘူး” ဟု သူ့ခံယူချက်ကို ပြောပြသည်။

လူငယ်တို့၏ အရေးကိုလည်း သူက စိတ်ဝင်စားသည်။ လူငယ်များအကြား စိမ့်ဝင်နေသည့် မူးယစ်ဆေးဝါး ပြဿနာကို ရှင်းလင်းရမည်ဖြစ်ပြီး လူငယ်တို့၏ အနာဂတ် ခိုင်မာစေရန် ပြုလုပ်ပေးရမည် တာဝန် အစိုးရတွင်ရှိကြောင်း သူက ပြောဆိုသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးအများစု ကြီးစိုးနေသည် ဆိုသည့်အပေါ် သူ့အမြင်က ရေရှည်ဆက်ဆံရေး ဗျူဟာ ဖြစ်သည်။ ယင်းကဲ့သို့ ဆက်ဆံနိုင်ရန် အတွက်လည်း မိမိတို့အနေနှင့် ကိုယ့်တာကိုယ်လုံသည့် စနစ်မျိုးကို ပြုလုပ်ထားရမည်ဟု သူက ဆိုသည်။
“ပွင့်ပွင့်လင်းလင်း ပြောမယ်နော်၊ တရုတ်ပြည်၊ အိန္ဒိယပြည် မဆက်ဆံလို့ မရဘူး။ သည်နှစ်ခုကြားမှာ ကျွန်တော်တို့ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ဆိုရင်တစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်။ ပြည်သူ့အစိုးရ၊ သိက္ခာရှိတဲ့ အစိုးရဖြစ်ရမယ်။ အဲလိုဆိုလို့ရှိရင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ပြီး တရုတ်ကိုလည်း ရင်ဘောင်တန်းပြီး ဆက်ဆံလို့ရတယ်။ အိန္ဒိယကိုလည်း ဆက်ဆံလို့ ရတယ်။ ဒီမိုကရေစီ စစ်စစ်မှန်မှန် မဖြစ်သေးဘဲနဲ့ သည်နှစ်နိုင်ငံကြားမှာ ပြဿနာရှိတယ်” ဟု သူ့ခံယူချက်ကို ပြတ်သားစွာ ပြောပြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဘလုပ်ဆောင်နေချိန်တွင် အတိတ်က အဖြစ်အပျက်များကို မေ့ပစ်ရန်လိုပြီး အနာဂတ်ကိုသာ ရှေးရှုရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ကိုးကားကာ သူက ပြောသည်။

“မြစ်ကြီးနားထောင်ထဲမှာဗျာ၊ ကျွန်တော်တို့ကို ပြန်ဖမ်းခဲ့တဲ့ ထောက်လှမ်းရေးတွေ တွေ့ခဲ့ရတယ်။ တစ်တိုက်တည်း နေခဲ့ရတယ်။ အဲဒီကတည်းကိုက ကျွန်တော်တို့ သည်းခံတတ်သွားပြီ။ ခံစားချက်က ခံစားချက်သတ်သတ်၊ အတိတ်ကို မေ့လိုက်ပြီ။ နိုင်ငံရေးမှာ စိတ်ခံစားချက်ကို သယ်မလာခဲ့ဘူး” ဟု NLD အစိုးရဖြစ်ချိန်တွင် လျှောက်လှမ်းမည့် နိုင်ငံရေးလမ်းစဉ်ကို ခင်းကျင်းပြသည်။

ဒေါက်တာဇော်မြင့်မောင်တွင် ဇနီးဖြစ်သူ ဒေါက်တာယုယုမေနှင့် သားသမီးသုံးဦး ရရှိခဲ့သည်။ သုံးယောက်စလုံး ဒေါက်တာဘွဲ့ကိုယ်စီဖြင့် ဘဝကို ရပ်တည်နိုင်ကြပြီ ဖြစ်သော်လည်း ထောင်ကျနေချိန်ကမူ ဇနီးဖြစ်သူက ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်း သူက ဆိုသည်။

အဖေမရှိဘဲ ကြီးပြင်းခဲ့ရသည့် သားသမီးများ၏ ဘဝကို စာနာသော်လည်း သူ့အတွက်က အခွင့်မသာခဲ့။ သားဖြစ်သူများ အတောင်အလက်စုံချိန်၊ သမီးဖြစ်သူ ဆေးတက္ကသိုလ် တက်ရောက်ချိန် ၂၀၀၉ ခုနှစ် တွင်မှ ထောင်မှ လွတ်မြောက်ခဲ့သည်။ သားသမီးများနှင့် ဝေးကွာခဲ့ရသည့် ချစ်ခြင်းမေတ္တာကို သူပြန်မွေးမြူသည်။

ငယ်စဉ်က အဖေကို မရင်းနှီးခဲ့ရဘဲ မိခင်ဖြစ်သူကိုသာ အမေလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ အားကိုးခဲ့ရပြီး ဖခင်ဖြစ်သူ၏ နိုင်ငံရေးသမားဘဝကို နားလည်ကြောင်း၊ ယခုကဲ့သို့ ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ချက်လည်း မထားခဲ့ဘဲ သူလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သူများသာ ဖြစ်ကြောင်း ဆရာဇော်၏ သမီးငယ် ဒေါက်တာစုဝေပုံက ပြောပြသည်။

“အခုတော့ ကျွန်တော့်ကို မိသားစုက နားလည်သွားပြီဗျ။ ကျွန်တော့်အမျိုးသမီးလည်း ကျွန်တော့်ကို နားလည်သွားပြီ။ ဘာမှမမေးတော့ဘူး။ ဘာမှလည်း မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ သည်အတွက် ကျွန်တော့်မှာ လုပ်ဖို့ တာဝန်တွေ ပိုလာပြီဆိုတာလည်း သူသိပြီ။ တတ်နိုင်သမျှ သူပံ့ပိုးတာပဲ။ သားတွေ သမီးတွေလည်း သူ့ပညာနဲ့သူ အကုန်လုံးဖြစ်ပြီ ဆိုတော့ သူတို့လမ်း သူတို့လျှောက်ပြီပေါ့နော်။ အဲသည်တော့ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ နေဝင်ချိန်ခရီးကို လှပအောင်လုပ်ရုံ ရှိတော့တာပေါ့” ဟု သူ့မိသားစု တာဝန်များနှင့် နိုင်ငံရေးလုပ်ငန်းများ အကြား အချိုးကျ လျှောက်လှမ်းမည့် သူ့ဘဝ စာမျက်နှာများကို ပြောပြလေသည်။

မြတ်(ကလေး)