News

POST TYPE

ABOUT US

လူဖမ်းတဲ့ ရွာ
12-Nov-2017 tagged as


၂၀၁၅ နောက်ပိုင်း ကမ္ဘာ့ဒုက္ခသည် အကျပ်အတည်း အရေးအခင်းကြီးဖြစ်ကာ ဥရောပဘက်ကို တိမ်းရှောင်လာကြသူပေါင်း များစွာ ရေလမ်းခရီးဖြင့် အသက်ကိုရင်းကာ သမုဒ္ဒရာ ဖြတ်ခဲ့ကြတော့ အေဂျီယန် ပင်လယ်ကွေ့နားက ဂရိရွာလေးတစ်ရွာက ပြောစမှတ်တွင်အောင် ဒုက္ခသည်များကို ကူညီခဲ့သည်။ မြေထဲပင်လယ်ကြီးကိုဖြတ်ပြီး ကောင်းမွန်လုံခြုံတဲ့ ဘဝသစ်အတွက် ထွက်ပြေးလာခဲ့ကြသည်။ သို့သော် အဆိုပါပင်လယ်ကြီးသည် အချို့သော မျှော်လင့်ချက်များကို ရောင်ခြည်သန်းခွင့်ပင် မပေးဘဲ မရဏလမ်းသို့ ရောက်စေခဲ့သည်။ လက်စ်ဘို့စ်ဟု အမည်ရသည့် တံငါရွာကျွန်းကလေးသည် ဥရောပ ဝင်ပေါက် ဂရိအေဂျီယန် ပင်လယ်ဝနားမှနေ၍ ဒုက္ခသည်များကိုဆီးပြီး ကယ်တင်ပေးကြသည်။ ထိုတံငါရွာကလေးတွင် လူဦးရေက ၁၅၀ လောက်သာ ရှိသည်။ အဆိုပါ တံငါရွာလေးသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိရန်ပင် အမည်စာရင်း တင်သွင်းခံခဲ့ရပါသည်။ 

ငါးဖမ်းသမား စတရာတစ်စ် ဗလာမီယို့စ်၏ ဒုက္ခသည် အကျပ်အတည်း ကာလအတွင်း သူ့ဘဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ လပေါင်းများစွာ ခဏ ခဏ ရေထဲဆင်းပြီး လူယောက်ျား၊ မိန်းမနှင့် ကလေးများကို ရေထဲက ကယ်တင်နေခဲ့ရသည်။ စတရာတစ်စ် တစ်ယောက်တည်းတော့ မဟုတ်ပေ။ ကျွန်းသူကျွန်းသား အားလုံးက တစ်သားတည်း လူသားချင်း စာနာမှုဖြင့် နေ့စဉ် ရေထဲ ဆင်းကယ်နေကြသည်။ “ခင်ဗျားဆိုရင်ရော မျက်စိရှေ့မှာ ဖြစ်နေတာကို မျက်ကွယ်ပြုနိုင်မလား။ ကျွန်တော်လည်း ဒီလိုဒုက္ခမျိုး ကြုံရနိုင်ပါတယ်။ ကျွန်တော်လည်း လှေပေါ်မှာ မိသားစုနဲ့အတူ ဒုက္ခရောက်နေမယ်ဆိုရင် ကျွန်တော့်ကိုလည်း လာကယ်စေချင်မှာပဲ”ဟု စတရာတစ်စ်က ပြောကြားသည်။ ဒုက္ခရောက်နေသူကို ကူညီရတယ် ဆိုတာက ရွေးချယ်မှု မဟုတ်ဘဲ တာဝန်တစ်ရပ် မဟုတ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။ 

ရေလယ်မှာ ရေနစ်နေတဲ့ လှေတွေကို တွေ့တဲ့အခါ ရွာသားငါးဖမ်းသမားတွေဟာ ပင်လယ်ထဲဆင်းပြီး လူတွေကို ဆင်းရှာတော့တာပါပဲ။ “ဒီလိုပဲ လုပ်ရတာပါပဲ။ ကျွန်တော်တို့မှာ အစီအစဉ် မရှိပါဘူး”ဟု တံငါသည်တစ်ဦးဖြစ်သူ ရွာသား စတရာတစ်စ်က ပြောကြားသည်။ “ကျွန်တော်တို့ အားလုံး ဒီလိုပဲ လုပ်ရမှာပါပဲဗျာ။ ကူညီရမှာပေါ့။ ဒီကိစ္စမှ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ဘယ်သူတွေပဲ လာလာသေမယ့် ဘေးတွေ့နေတာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။ ယနေ့ လူအများကို ကူညီရခြင်းသည် နက်ဖြန်ကိုယ်လည်း သူတစ်ပါး အကူအညီလိုသူ ဖြစ်နေနိုင်သောကြောင့်ဟု ဆိုပါသည်။ ထိုသို့သော မြင့်မြတ်သည့် နှလုံးသားကြောင့် ဥရောပ ဝင်ပေါက်မှ ထိုဂရိရွာကလေးသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနှင့် အမှန်တကယ် ထိုက်တန်သည်ဟု ယူဆခံရခြင်း ဖြစ်ပါသည်။ 

ယောက်ျားသားများက ရေထဲ ဆင်းကယ်နေသည့်အချိန်တွင် အမျိုးသမီးများက ဒုက္ခသည်များ ယာယီ ခိုနားနိုင်ရန်အတွက် ပြင်ဆင် ကူညီပေးကြသည်။ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးကြီး အမီလီယာလည်း ထိုထဲတွင် အပါအဝင် ဖြစ်ပါသည်။ “ကျွန်မတို့ နေ့တိုင်း ကလေးငယ်တွေကို စောင့်ရှောက်ပြုစုပေးကြတယ်။ လုပ်ချင်လို့ လုပ်တာပါပဲ။ ကျွန်မတို့ စာနာမိတယ်လေ”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဒုက္ခသည်များ ပြဿနာ အမျိုးမျိုးကြောင့် နေရပ်များကို စွန့်ခွာကာ ဥရောပဘက်သို့ ရွှေ့ပြောင်းလာခြင်းနှင့် ပတ်သက်၍ အမျိုးမျိုး တုံ့ပြန်မှုများ ရှိသည်။ ဒုက္ခသည်များကို ကူညီကြိုဆိုကြသူများ ရှိသလို၊ ပြန်လည် မောင်းထုတ်သင့်သည်ဟု ထင်မြင်သူများလည်း ရှိပါသည်။ ထိုကျွန်းကလေး၏ အကြောင်းကိုတော့ လူသိ နည်းပါတယ်။ မည်သည့် အထောက်အကူ အကူအညီမှမရှိဘဲ နေ့တိုင်း ကူညီနေကြသူများ ဖြစ်သည်။ ရေထဲတွင် ဒုက္ခရောက်နေသူများကို ကယ်တင်သည်။ အစားအသောက် ပေးသည်။ နားခိုစရာ နေရာ စီစဉ်ပေးပါသည်။ “ကျွန်တော်တို့ တံငါသည်တွေလည်း ငါးမဖမ်းရဘဲ ပင်လယ်ထွက်ပြီး လူပဲ ဖမ်းနေရတယ်”ဟု ရွာသားတစ်ဦးက အရွှန်းဖောက် ပြောဆိုထားသည်။ 

ထိုကျေးရွာ၏ ဇာတ်လမ်းအကြောင်းကို နာမည်ကျော် ရုပ်သံမှတ်တမ်း ရိုက်ကူးသူတစ်ဦးက တင်ဆက် ဖော်ပြပြီးနောက်တွင် ကမ္ဘာပေါ်တွင် လူသိများသွားခဲ့သည်။ ပင်လယ်ဖြတ်ကျော် ဒုက္ခသည်များ၏ အခြေအနေကိုလည်း အများက ပိုမို သိရှိနားလည်လာခဲ့သည်။ တူရကီ၊ ဆိုက်ပရပ်စ်လမ်းကြောင်းမှသည် ဥရောပထဲသို့ ဝင်လာသော လှေများ ပထမဆုံး ဆိုက်ကပ်ရာ ထိုရွာလေး၏ ကူညီဖေးမမှုကို ဒုက္ခသည်များကလည်း ကျေးဇူးတင်စွာဖြင့် ပြန်လည် ပြောကြားကြသည်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသင့်သည်ဟု အများက ပြောဆိုနေကြသော်လည်း ရွာသူရွာသားများက ကိုယ့်အလုပ်သာ ကိုယ်ဆက်လုပ်နေကြသည်။ ငါးဖမ်းပိုက်များကို ရှင်းလင်းရင်း ရွာသားများသည် တစ်ချက် တစ်ချက် ပင်လယ်ဘက်သို့ မျှော်ကြည့်ကြသည်။ တစ်ယောက်ယောက်ကများ လူတစ်ပြုံတစ်ခေါင်းနှင့် လှေများ လှိုင်းလုံးမြင့်ကြီးများကြား လာနေသည်ကိုတွေ့လျှင် ငါးဖမ်းလှေများထွက်ဖို့ အဆင်သင့်ပြင်ကြသည်။ လူဖမ်းထွက်ရမည်။ ကူညီရမည်။

သန့်ဇင်စိုး

  • TAGS