News

POST TYPE

ABOUT US

ဗုံးဆန်ကြားက ပန်းတော
အာဖဂန်နစ္စတန်နိုင်ငံတွင် ပညာရေးဆိုသည်မှာ ကိုယ့်အိမ်က စရခြင်း ဖြစ်သည်။ ထိုစကားကို ပြောပြသူက ဆဘာဟူစိန်နီဟု အမည်ရှိသည့် အသက် ၃၅ နှစ်အရွယ် စာရေးဆရာနှင့် ပုံပြောခြင်း အနုပညာရှင် တစ်ဦးဖြစ်သည်။

ဆဘာဟူစိန်နီသည် စက်ဘီးကလေးကို စီးကာ ကလေးစာအုပ်များကို တင်ပြီး ရွာစဉ်လည်ကာ စာအုပ်ငှားပေးခြင်း၊ စာသင်ပေးခြင်းတို့ကို လုပ်ပေးသူဖြစ်သည်။ ထိုသို့ ဇာတ်လမ်းများကို သတင်း မီဒီယာကြီးများတွင် မတွေ့ရပါ။ အာဖဂန်ဟေ့ ဆိုလျှင် ဗုံးပေါက်ခြင်းတို့၊ ပြန်ပေးဆွဲခြင်းတို့ပဲ ပါလေ့ရှိသည်။ ယင်းသို့ ဖြစ်ရပ်များ ဖြစ်လေ့ရှိသည်ဆိုမှာ မှန်ပါသည်။ သို့သော် အာဖဂန်တွင် မည်မျှပင် အကြမ်းဖက်မှုများ၊ စစ်ပွဲများရှိနေပါစေ ပိုကောင်းမွန်သော အနာဂတ်၊ ပိုပြီး ငြိမ်းချမ်းသော အနာဂတ်အတွက် အလုပ် လုပ်လိုကြသည့် တစ်ဦးတစ်ယောက်ချင်းများ၊ အဖွဲ့အစည်းများ ရှိနေကြသည်မှာလည်း အမှန်ပင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ စာရေးဆရာ ဆဘာဟူစိန်နီသည် ရွေ့လျား စာကြည့်တိုက်လေးကို ရွာငါးရွာသို့ ပို့ဆောင်ရင်း ဘာမီရမ် ပြည်နယ်တွင် ယင်းလှုပ်ရှားမှုကို စတင်ခဲ့သည်။ စာကြည့်တိုက်လေးများ ခနော်နီခနော်နဲ့သာ ရှိသော ယင်းဒေသတွင် ကလေးစာအုပ်ရယ် လို့လည်း မည်မည်ရရ မရှိပေ။ အစုံ ၂၀၀ သော ကလေးစာအုပ်များကို ဆဘာဟူစိန်နီသည် ယင်းရပ်ရွာများမှ ကလေးများကို ဖြန့်ချိဝေငှခြင်းဖြင့် ၎င်း၏ အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။ ဆဘာဟူစိန်နီသည် ယခုအခါ ၎င်းလုပ်ဆောင်ပေးနေခြင်းများကို ချဲ့ထွင်ရန် စတင်ပြင်ဆင် နေပြီဖြစ်သည်။

အသက် ၃၅ နှစ်ဆိုသော ဆဘာဟူစိန်နီ၏ မျိုးဆက်သည် အာဖဂန်နစ္စတန်တွင် စစ်တွေအများကြီးကို မှီခဲ့ကာ ပညာရေးကို ဆာလောင်ကာ သေနတ်ထက် စာအုပ်နှင့်ဘောပင်ကို ပိုမို ကိုင်ဆောင်လိုကြသည်။ သူတို့မျိုးဆက်သည် နေရာတကာ စစ် ဆိုပြီးပျံ့နှံ့နေခြင်း ဘယ်တော့ ပြီးသွားမည်ကို မသိကြသော်လည်း အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှင့် မတူသော အနာဂတ်ရှိသည် ဟုတော့ ယုံကြည်ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ ဘာမီရမ်ပြည်နယ်တွင် ဆဘာဟူစိန်နီ တစ်ဦးတည်းသည်သာ ပညာရေးအတွက် ရှိသမျှ အရင်းအမြစ်လေးနှင့် တက်တက်ကြွကြွ လုပ်နေသူ မဟုတ်ပါ။ နောက်ထပ်တစ်ဦးလည်း ရှိသေးသည်။ ဇိုင်နက်ကာရီမီ ဆိုသူ အသက် ၅၀ အရွယ် အမျိုးသမီးကြီးသည်လည်း ပညာသင်ကြားရေး အတွက် လက်လှမ်းမီသလောက် အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံနေသူ ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်အတွင်း ကာရီမီသည် အမျိုးသမီး ငါးရာခန့်ကို စာရေး စာဖတ်တတ်အောင် ကိုယ့်စရိတ်နဲ့ကိုယ် လိုက်လံ သင်ကြားပေးခဲ့သူ ဖြစ်သည်။

အရွယ်ရောက်ခဲ့စဉ်က ကာရီမီသည် စာပေဆိုင်ရာ သင်ရိုးတစ်ခုကို ၁၂ တန်းအထိ သင်ကြားခွင့်ရ ခဲ့ပါသည်။ စာပေကို ချစ်မြတ်နိုးစိတ်က ၎င်းထံသို့ ကိန်းအောင်းလာခဲ့သည်။ သို့နှင့် သူ ဆရာမတစ်ယောက် ဖြစ်လာခဲ့သည်။ စာမတတ်မြောက်သူ ပပျောက်သည် အထိ စာသင်မည်ဟု ဇိုင်နက်ကာရီမီက ဆုံးဖြတ်လိုက်သည်။ ကာရီမီငယ်စဉ်က အာဖဂန်နစ္စတန်တွင် စစ်ပွဲများ ဖြစ်နေကြသည်။ ရာပေါင်းများစွာသော အမျိုးသမီးများကို စာပေသင်ကြားပေးပြီး သည့်အခါ စစ်ပွဲသည် လူသားတို့၏ လေ့လာသင်ယူလိုစိတ်ကို မချိုးဖျက်နိုင် ဟူ၍ ဖြစ်ပေသည်။

အာဖဂန်နိုင်ငံအနှံ့ တက္ကသိုလ်များသည် ငွေကြေးအရ တော်တော်ကို ချို့ငဲ့ကြသည်။ တက္ကသိုလ် တစ်ခုလျှင် တစ်နှစ်စာ စာအုပ်ဝယ်ရန် အသုံးစရိတ်က ဒေါ်လာ ၁၀၀၀ ဖိုးလောက်သာ ရကြသည်။ ဘာမီရမ် ပြည်နယ်သည် အာဖဂန်နစ္စတန်တွင် ကုန်းတွင်းပိတ်ကာ အခက်အခဲ အကျပ်အတည်း ကြီးမားသော ပြည်နယ်ဖြစ်ပါသည်။ ထို့ကြောင့် ဘာမီရမ် ပြည်နယ် တက္ကသိုလ်သည် တခြားတက္ကသိုလ်များထက် ပိုနွမ်းပါးသည်။ မည်မျှပင် နွမ်းပါးပါစေ ထိုတက္ကသိုလ်သည် အာဖဂန်နစ္စတန် လူငယ်မောင်မယ်များကို ပညာဖြန့် ဖြူးရာတွင် ထိပ်ဆုံးက ပြေးသည့် နေရာတစ်နေရာ ဖြစ်လာခဲ့သည်။ လွယ်လှသည့်ကိစ္စတော့ မဟုတ်ပါ။

ဘာမီရမ်က ကျောင်းသားများကလည်း အလွန် တက်ကြွကြသည်။ ကျောင်းသားများသည် အဖွဲ့အစည်းအလိုက် လိုအပ်ချက်များကို ထုတ်ဖော် ပြောဆိုတတ် ကြသည်။ ၂၀၁၃ ခုနှစ်က ဆိုလျှင် ကျောင်းဆောင်များ ယိုယွင်း ပစ်ထားခံရသဖြင့် စုစည်းကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ငြိမ်ဝပ်ပိပြားနေအောင် အလုပ်ခံထားရသော အာဖဂန် လူ့အဖွဲ့အစည်းတွင် ယခုလို စနစ်တကျ ဆန္ဒပြ စုစည်းတောင်းဆိုမှုပြုနိုင်ဖို့ တကယ် မလွယ်ခဲ့ပါ။ ပြည်နယ်များသို့ မညီမျှစွာ ပညာရေး အသုံးစရိတ် ခွဲဝေခြင်းကိစ္စကိုလည်း ကျောင်းသားများက တညီတညွတ်တည်း ကန့်ကွက် တင်ပြခဲ့ကြသည်။

ကျားကုတ်ကျားခဲ ကြိုးစားကာ ပညာရေး အဆင့်မြင့်လာအောင် အားထုတ်မှုများ ရှိသည်။ သို့သော် သက်ဆိုင်ရာက ထိုထိုသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို လျစ်လျူရှုထားသည်။ ပြည်သူကလည်း ထိုကိစ္စကို သိပ်ပြီး ပြဿနာဟု မမြင်တော့။ ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားရသည်မှာ အကျင့်ကပါနေပြီ။ အာဖဂန်နစ္စတန် နိုင်ငံတွင် ပညာရေး ဆိုသည်မှာ မွေးကတည်းက ပါလာသည့် အခွင့်အရေးတစ်ရပ် မဟုတ်ပါ။ မိမိကိုယ်တိုင် တိုက်ယူရသော တိုက်ပွဲတစ်ရပ် ဖြစ်ပါပေသည်။ ပြဿနာ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ စစ်မှန်သော အပြောင်းအလဲကို လိုလားသူသည် ပြဿနာရှိနေသည်ကို သိရုံသာမက အဆိုပါ ပြဿနာထဲသို့ ကိုယ်ကျိုးစွန့်ကာ ဝင်ရောက် အဖြေရှာတတ်သည်။ ထိုကဲ့သို့ လူများများ ရှိလျှင် တိုင်းပြည်အပြောင်းအလဲ မြန်၏။

သန့်ဇင်စိုး