News

POST TYPE

ABOUT US

ခြေတုတပ်ထားရသော်လည်း
05-Nov-2017 tagged as


၁၉၉၀ ခုနှစ် နွေဦးရာသီကာလတွင် ကယ်လီ ဖိုးနီးယားပိုလီတက္ကသိုလ်သို့ အတန်းတက်ရန် သွားနေသော မိုနားပတေးကို အရက်သေစာ မူးယစ်ပြီး မဆင်မခြင် မောင်းနှင်လာသော ယာဉ်တစ်စီးက ဝင်တိုက်သွားခဲ့သည်။ ထိုစဉ်က မိုနားပတေး၏ အသက်က ၁၇ နှစ်ဖြစ်ပါသည်။ “၁၂ ပေလောက် ကျွန်မ လွင့်သွားပါတယ်”ဟု ပတေးက ပြန်လည်ပြောပြသည်။ ကားကြိတ်မိဒဏ်ကြောင့် ခြေထောက်တစ်ဖက်နှင့် ခြေချောင်းလေးများ ကြေသွားခဲ့သည်။ ထိုမတော်တဆမှုကြောင့် မိုနားပတေး၏ ကိုယ်ခန္ဓာပုံစံလည်း ထာဝရ ပြောင်းလဲသွားပေတော့သည်။ သီတင်းပတ် အနည်းငယ် ကြာသောအခါ ပတေးလည်း အထူးကြပ်မတ် ကုသဆောင်မှ ထွက်ခွင့်ရသည်။ ခြေထောက်တော့ ဖြတ်လိုက်ရ၏။ ကျန်ရှိနေသေးသော ခြေထောက်ကို ကယ်တင်ရန်အတွက် ခုနစ်နှစ်ကြာမြင့်သော ကုသမှုကို စတင်ခဲ့ရပါသည်။ 

ယခုအခါ မိုနားပတေးသည် မဟာဘွဲ့ နှစ်ဘွဲ့ ရယူထားသူပညာရှင်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်သားတစ်ဦးလည်း ဖြစ်နေပေပြီ။ ထိုနှစ်ပိုင်း ဖြတ်သန်းမှုများတွင် ပတေးသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကြောင့် ရုန်းကန် လှုပ်ရှားခဲ့ရသည်။ ခြေဖြတ်လက်ဖြတ်ထားရသူများကို ကူညီပေးသောအဖွဲ့တစ်ဖွဲ့၏ အကူအညီကိုလည်း ယူခဲ့ရသည်။ မှတ်မှတ်ရရ ၁၉၉၇ ခုနှစ်က ပတေး ကုသမှုခံယူနေစဉ် မိမိကိုယ်ကို ကတိပေးခဲ့သည်။ ငါလည်း သူများကို ကူညီမယ်ဆိုတဲ့ ကတိစကား ဖြစ်ပါသည်။ 

ခြေဖြတ်လက်ဖြတ် ထားရသူများ မိမိဘဝကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ဆန်အန်တိုနီယို ခြေဖြတ်လက်ဖြတ် ထားရသူများ ဖောင်ဒေးရှင်းကို မိုနားပတေး တည်ထောင်ထားပါသည်။ အဆိုပါအဖွဲ့သည် အချင်းချင်း အကူအညီပေးခြင်း၊ ပညာပေးခြင်း၊ အပန်းဖြေ အနားယူခြင်း၊ ဘဏ္ဍာရေး အကူအညီပေးခြင်း၊ အိမ်တွင် အဆင်ပြေစွာ သွားလာနေထိုင်နိုင်ရန် အိမ်ပြင်ပေးခြင်း၊ ကားကို ပြုပြင်တပ်ဆင်ပေးခြင်း၊ ခြေတုလက်တု ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ “ကျွန်မတို့က အိမ်တွေကို ပြင်ပေးတယ်ဆိုတာ ရေချိုးခန်းထဲမှာ ကိုင်စရာတန်းတွေ လုပ်ပေးတာ၊ တံခါးတွေကို ချဲ့ပေးတာ၊ ဘီးတပ် ကုလားထိုင် သွားလို့လာလို့ရအောင် လုပ်ပေးတာပါ။ ခြေထောက် နှစ်ချောင်းလုံး မရှိတော့ပေမယ့် ကားမောင်းချင်တဲ့သူတွေ ရှိတယ်ဆိုရင်လည်း လက်ကိုင်စနစ်နဲ့ ကားမောင်းလို့ရအောင် ကားကို လုပ်ပေးပါတယ်။ ညာခြေထောက် ဖြတ်ထားရသူ ဆိုပါစို့။ ဘယ်ဘက်နဲ့ နင်းရတဲ့ လီဗာမျိုး ပြောင်းတပ်ပေးပါတယ်”ဟု မိုနားပတေးက ၎င်းတို့ ဆောင်ရွက်ပေးမှုများကို ပြန်လည် ပြောပြသည်။ 

ကျန်းမာရေး အာမခံ မထားနိုင်သူတစ်ယောက်အဖို့ ခြေထောက် ဖြတ်ရသောအခါ တပ်ရသည့် ခြေတုက ကုန်ကျစရိတ် များပါသည်။ ကောင်းကောင်းကန်းကန်း ခြေတုသည် ဒေါ်လာ ၈ ထောင်မှ ဒေါ်လာ နှစ်သောင်းခွဲလောက်အထိ ကျသင့်ပါသည်။ ငွေကြေး မတတ်နိုင်သည့်အခါ အချိန် အတော်အကြာကြာ ထိုသို့  အပြတ်အတိုင်း နေရတတ်သည်။ “ကူညီတဲ့အဖွဲ့အစည်းတွေ ရှိပါတယ်။ ကျွန်မက လိုက်ချိတ်ပေးတယ်”ဟု ပတေးက ပြောပြသည်။ 

လတိုင်းလတိုင်း ခြေဖြတ်လက်ဖြတ်ရသူများ စုစည်းကာ မိမိတို့ခံစားချက်များ၊ ကြိုးစားရုန်းကန်မှုများကို အချင်းချင်း မျှဝေကြသည့် အစီအစဉ်များ ပြုလုပ်ကြသည်။ ခြေတုလက်တု အသုံးပြုနေရသူ ၃၀ မှ ၆၀ လောက်အထိ လာကြသည်။ အဆိုပါ အစည်းအဝေးများကို လာရောက်ကြသူပေါင်း တစ်ထောင့် တစ်ရာကျော်လောက် စုစုပေါင်းရှိပြီဟု ပတေးက ပြောကြားပါသည်။

“တစ်ယောက်ယောက်က ခြေပြတ်လက်ပြတ် ဖြစ်ရပြီဆိုရင် စနစ်ထဲမှာ ရှင်သန်ကျင်လည်ရတာ ခက်ခဲပြီး ကြောက်စရာ ဖြစ်လာပါတယ်။ ဘာကြောင့် သူတို့ကို ကူညီရသလဲဆိုတဲ့ ဖြစ်စေတဲ့အကြောင်းကတော့ ကျွန်မလည်း သူတို့လို ဖြစ်နေတာကြောင့်ပါ”ဟုမိုနားပတေးက ပြောကြားသည်။ ခြေလက်အင်္ဂါ ဖြတ်တောက်ခဲ့ရသူ မသန်စွမ်းများအတွက် အားကစားနှင့် ကာယ အစီအစဉ်များ ပြုလုပ်ပေးထားသည်။ တင်းနစ်ပြိုင်ပွဲများ ပြုလုပ်ပေးသည်။ တောင်တက်ခရီးစဉ်များ ဖန်တီးကြသည်။ ၂၀၁၅ ခုနှစ်တွင် မိုနားပတေးနှင့် မသန်စွမ်း အဖွဲ့ဝင်များသည် တန်ဇန် နီးယားနိုင်ငံ ကီလီမန်ဂျာရိုတောင်ကို အတူတူ တက်ခဲ့ကြပါသည်။ “ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကိုလည်း သူတို့အတွက် မြှင့်တင်ပေးပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းအောင် ဖြစ်ပါတယ်။ ယောဂကစားခြင်း၊ မြင်းစီးခြင်း၊ လှိုင်းစီးခြင်း၊ တောင်တက်ခြင်း၊  နှင်းလျှောစီးခြင်း၊ တင်းနစ်ရိုက်ခြင်းတို့ ဆောင်ရွက်ပေးပါတယ်”ဟု မိုနားပတေးက ဆိုသည်။ 

ဘဝမှာ ရောဂါဘယတစ်ခုခု၊ သို့မဟုတ် မတော်တဆ တစ်ခုခုကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးတတ်ပါသည်။ ထို့နောက် ဘဝကို အရှုံးမပေးဘဲ ပြန်ရုန်းထသူများ ရှိကြသည်။ လေးစားစရာ ကောင်းပါသည်။ ပို၍ လေးစားဖွယ် ကောင်းသည်မှာ မိုနားပတေးတို့ကဲ့သို့ တခြားသူများကိုပါ လက်တွဲ ကူညီကြသည့် မသန်စွမ်းမျိုး ဖြစ်ပါသည်။ ၎င်းတို့ကို မသန်စွမ်းသူများဟုပင်  ခေါ်ဖို့မကောင်းပေ။ မတူညီသည့်နည်းလမ်းဖြင့် သန်စွမ်းကြသူများ ဖြစ်ကြပေ၏။ မလျှော့သော ဇွဲနှင့် ကိုယ်ချင်းစာမှုတို့ကြောင့် သာမန်လူများပင် မလုပ်နိုင်သည့်အရာများကို ဆောင်ကြဉ်းနိုင်ပေသည်။ 

သန့်ဇင်စိုး

  • VIA
  • TAGS