News

POST TYPE

ABOUT US

လူ ၂ သန်း အသက်ကို ကယ်နိုင်ခဲ့တဲ့ သွေးလှူရှင်
29-Oct-2017 tagged as


ဂျိမ်းစ်ဟာရစ်ဆန်ကို အပြင်ပန်းကြည့်လျှင် ဩစတြေးလျနိုင်ငံသား သာမန်လူတစ်ယောက်ပင် ဖြစ်ပါသည်။ သမီးကိုချစ်သော အဖေ။ မြေးများ၏ အဘိုး။ တံဆိပ်ခေါင်း စုဆောင်းသူ။ ကမ်းခြေမှာ လမ်းလျှောက်ရတာကို နှစ်သက်သူ။ အပြင်ပန်း မဟုတ်ဘဲ အတွင်းကျကျ လေ့လာကြည့်လျှင်တော့ သူသည် မဟာလူသား တစ်ယောက်ဖြစ်သည်။ အထူးသဖြင့် သူ့သွေးကြောထဲတွင် စီးဆင်းနေသော အရာများကြောင့် ဖြစ်ပါသည်။ 

“ရွှေလက်မောင်းပိုင်ရှင်လူသား”ဟု မစ္စတာ ဟာရစ်ဆန်က နာမည်ကြီးသည်။ ပြီးခဲ့သည့်နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး အပတ်တိုင်း သူ့ညာဘက်လက်မှ သွေးရည်ကြည်ကို ဖောက်ထုတ်ကာ လှူဒါန်းပေးနေသူ ဖြစ်သည်။ အဘယ့်ကြောင့် သီတင်းပတ်တိုင်း သွေးဖောက်လှူနေသနည်းဆိုသည့် ဖြစ်စဉ်ကို နောက်ကြောင်းပြန်ကြည့်သော် ကလေးဘဝက ကြုံခဲ့ရသည့် ကျန်းမာရေး အသက်လုမှုဖြစ်စဉ်ကို ပြန်ပြောရပေမည်။ 

“၁၉၅၁ ခုနှစ်မှာ ကျွန်တော်က ခွဲစိတ်ကုသမှု ခံယူပြီး အဆုတ်တစ်ခြမ်း ထုတ်ခဲ့ရပါတယ်။ အသက် ၁၄ နှစ်မှာပေါ့”ဟု ဟာရစ်ဆင်က ပြန်လည် ပြောပြသည်။ ယခုအခါ အသက် ၈၀ လောက် ရှိပေပြီ။ 

“ကျွန်တော် ခွဲစိတ်ကုသမှု ခံပြီးတော့ ရက်အနည်းငယ် အကြာမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို အဖေက ရှင်းပြတယ်။ ကျွန်တော့်ကို သွေး ၁၃ လီတာလောက် သွင်းလိုက်ရတယ်တဲ့။ သူစိမ်းတွေက လာလှူပေးတာတဲ့။ အဖေကလည်း သွေးလှူရှင်ပါပဲ။ ကျွန်တော် အသက်ကြီးရင် ကျွန်တော်လည်း သွေးလှူမယ်လို့ အဖေ့ကို ပြောလိုက်တယ်”ဟု ၎င်းက သွေးလှူရှင်ဖြစ်လာခဲ့ပုံကို ပြောပြသည်။ 

ဟာရစ်ဆင်တစ်ယောက် သွေးလှူရှင်ဖြစ်ခဲ့ပြီး နောက်တွင် ဆရာဝန်များက သူ့သွေး၏ ထူးခြားမှုကို သတိပြုမိသွားကြသည်။ ဟာရစ်ဆင်၏ သွေးထဲက ဓာတ်တစ်မျိုးသည် ကလေးငယ်များ စောစောစီးစီး သေနေရသည့် ပြဿနာကို ကာကွယ်ပေးသည့် ဆေးတစ်မျိုး ထုတ်လုပ်နိုင်ကြောင်း ဆရာဝန်များက သိသွားပြီးနောက် သူ့ကို လှမ်းခေါ်ကြသည်။ “ဩစတြေးလျတွင် ၁၉၆၇ လောက်အထိ နှစ်စဉ် ထောင်နဲ့ချီတဲ့ ကလေးတွေ သေဆုံးနေရပါတယ်။ ဆရာဝန်တွေလည်း ဘာကြောင့်ဆိုတာ မသိခဲ့ရပါဘူး။ အမျိုးသမီး အတော်များများလည်း ကိုယ်ဝန် ပျက်ကျတာတွေ၊ ဦးနှောက် ထိခိုက်တဲ့ ကလေးတွေ မွေးခဲ့တာတွေ ဖြစ်နေရပါတယ်”ဟု ဩစတြေးလျ ကြက်ခြေနီ သွေးအလှူအဖွဲ့မှ ဂျန်မာဖော်ကန်မီယာက ရှင်းပြသည်။ 

Rhesus ဟု အမည်ပေးထားသော ဝေဒနာတစ်မျိုးကြောင့် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ သွေးဆဲလ်က မမွေးသေးသည့် သန္ဓေသား၏ သွေးဆဲလ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးကင်းစ ကလေးသေခြင်းနှင့် ဦးနှောက် ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ယင်းဝေဒနာဖြစ်ရခြင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက Rhesus အနုတ်သွေး ဖြစ်နေကာ သားအိမ်ထဲနေ ကလေးက ဖခင်ထံမှပါလာသော အပေါင်းသွေး ဖြစ်နေသည့်အခါမျိုးတွင် ဖြစ်တတ်ပါသည်။ မိခင်၏ ဇီဝပစ္စည်းများက ကလေး၏သွေးဆဲလ်ကို တိုက်ခိုက်တတ်သောကြောင့် ဖြစ်ပါသည်။ 

ဟာရစ်ဆင်၏ သွေးထဲတွင် ပုံမှန် မဟုတ်သော ပဋိဇီဝဓာတ်များ ပါဝင်နေကာ ၁၉၆၀ ကာလများအတွင်းက ဆရာဝန်များကို ကူညီရန် သူ သဘောတူခဲ့ပြီး အထက်ပါ ရောဂါများကို ကာကွယ်ရန်အတွက် Anti-D ဟု အမည်ရသော ထိုးဆေးတစ်မျိုး တီထွင်ရန် သူ့သွေးကို အသုံးပြုခွင့် ပေးခဲ့ပါသည်။ Rhesus အနုတ်သွေးများရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ သန္ဓေသားနှင့် မတည့်သော ဓာတ်များ မထုတ်လွှတ်ရန်အတွက် အဆိုပါ ထိုးဆေးဖြင့် ကာကွယ်နိုင်သွားပါသည်။ “ဩစတြေးလျဟာ ဒီလို ပဋိဇီဝဓာတ်တွေရှိနေတဲ့ သွေးကိုလှူတဲ့ အလှူရှင်ရှိရာ ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်”ဟု ဖော်ကန်မီယာက ဆိုသည်။ 

ဟာရစ်ဆင်၏သွေးက တန်ဖိုးရှိသွားသည်။ သူနှင့် သူ့သွေးက ထုတ်ခဲ့သော Anti-D ဆေးသည် ကလေးငယ်ပေါင်း ၂ သန်းကျော်၏ အသက်ကိုကယ်ခဲ့သည်ဟု ဩစတြေးလျ ကြက်ခြေနီအဖွဲ့က ဆိုသည်။ လူတစ်ယောက်၏ သွေးဖြင့် လူ ၂ သန်းကို ကယ်နိုင်ခဲ့သည်မှာ အတော် ထူးခြားသည့် ဖြစ်စဉ်ပင်။ “ဩစတြေးလျမှာ လုပ်ထားတဲ့ Anti-D ဆေးတိုင်းဟာ ဂျိမ်းစ်ရဲ့သွေးက လာတာဖြစ်ပါတယ်”ဟု ကြက်ခြေနီအဖွဲ့က ဆိုထားသည်။ ခရစ္စတီပတ်စ်တာ ဆိုသော မိခင်တစ်ဦးက “ကျွန်မ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဂျိမ်းစ်ဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး  သွေးလှူနေခဲ့သူ ဖြစ်ပါတယ်။ ဒါမှလည်း ဒီဆေးတွေကို ဆက်ပြီး ထုတ်နိုင်ခဲ့မှာပါ”ဟု ချီးကျူးစကား ဆိုခဲ့သည်။ 

ဟာရစ်ဆန်တွင် ဘာကြောင့် ယင်းသို့ ပဋိဇီဝဓာတ်ပါနေသနည်း ဆိုသည်ကို ဆရာဝန်များ မသိခဲ့ကြပေ။ အသက် ၁၄ နှစ်တွင် ကြုံခဲ့ရသည့် အဆုတ် ခွဲစိတ်မှုကြောင့်ဟု ဆိုရပေမည်။ ဩစတြေးလျတွင် သူ့လိုလူမျိုးက ၅၀ လောက်သာ ရှိသည်။ ဂျိမ်းစ်သည် အပတ်တိုင်း မပျက်မကွက် သွေးဖောက်လှူခဲ့သည်။ “ဂျိမ်းစ်က အစားထိုးလို့မရပါဘူး”ဟု ဖော်ကန်မီယာက ဆိုသည်။ 

ဟာရစ်ဆန်ကို ဩစတြေးလျနိုင်ငံက သူရဲကောင်းတစ်ဦးပမာ ဂုဏ်ပြုခဲ့သည်။ ဆုများစွာလည်း ရခဲ့သည်။ သွေးရည်ကြည်ကို အကြိမ်တစ်ထောင်မက လှူခဲ့ပြီးလေပြီ။ “သွေးလှူတိုင်း အပ်နဲ့ဖောက်တာကို ကျွန်တော်တစ်ခါမှ မကြည့်ဘူး။ မျက်နှာကြက်ကို ကြည့်ရင်ကြည့်။ သူနာပြုနဲ့ စကားပြောချင်ပြောနေတာ၊ သွေးကို ကြည့်ကိုမကြည့်ဘူး”ဟု ဂျိမ်းစ်ဟာရစ် ဆန်ကဆိုသည်။ သွေးမြင်ကြောက်တတ်၊ မူးတတ်သူ များစွာ ရှိပါသည်။ ဟာရစ်ဆန်က ထိုသို့လူမျိုး ဖြစ်မည်ထင်သည်။ သို့သော် အကြိမ်ထောင်ချီပြီး သူ့အသားကို အဖောက်ခံခဲ့သည်။ လူမဖြစ်လာသေးသည့် ကလေးများကို ကယ်တင်ဖို့ပင်ဖြစ်သည်။ ဂုဏ်ပြုထိုက်ပါပေသည်။

သန့်ဇင်စိုး

  • VIA
  • TAGS