News

POST TYPE

ABOUT US

အမှိုက်ပုံနေ ကလေးဘဝမှသည်
15-Oct-2017


ခရစ်စ်ကက်စ်ဗောလ်ဒက်စ်သည် မွေးကတည်းက အရှုံးနဲ့ ရင်ဆိုင်ရသူဖြစ်သည်။ မူးယစ်ဆေးစွဲနေသည့် မိဘများနှင့်အတူ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီး အိမ်ခြေမဲ့ရပ်ရွာတွင် မွေးဖွားခဲ့သည်။ ဘယ်လောက်တောင် ရှုံးနိမ့်ခဲ့ရသနည်းဟုဆိုသော် မွေးကင်းစ ကက်စ်ကို မိဘများက ရောင်းချခဲ့သော်လည်း ရောင်းလို့မထွက်ခဲ့ပေ။ သူသည် မိသားစု၏ ကြမ္မာဆိုးအဖြစ် မွေးဖွားခဲ့သူဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောလေ့ရှိသည်။ ၂ နှစ်သားလောက် အရွယ်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ လမ်းဘေး အမှိုက်ပုံမှ စားကြွင်းစားကျန်များကို လိုက်ကောက်စားရသည်ဟူ၏။ သို့သော် ၂၀၁၂ ခုနှစ်တွင် နယ်သာလန်နိုင်ငံက ပေးအပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကလေးသူငယ်ဆုကို ရရှိခဲ့သည်။ အဆိုးဝါးဆုံး အနိဋ္ဌာရုံများမှသည် ဆယ်ကျော်သက် ဘဝမှာပင် နိုင်ငံတကာဆု ရရှိခဲ့သည့် ကက်ဇ်၏ မနီလာမြို့တော် လမ်းဘေးက ဘဝမှတ်တိုင်များက ကြမ်းတမ်းကြောက်မက်ဖွယ် ကောင်းသည်။ ထို့အတူ အားတက်အားကျဖွယ်လည်း ကောင်းသည်။ 

ကက်ဇ်ကို ၁၉၉၈ ခုနှစ်တွင် မြို့တော် မနီလာ၌ မွေးဖွားခဲ့သည်။ ကလေး ကိုးယောက်ရှိသော မိသားစုတွင် တတိယမြောက်သား ဖြစ်ပါသည်။ ဖခင်ဖြစ်သူက ဖိလစ်ပိုင်ရိုးရာ ဆိုက်ကား ပီဒီကတ်နင်းသည်။ မိခင်က ပိုက်ဆံတောင်းသည်။ ၂ နှစ်သားအရွယ်ကတည်း ကကက်စ် တစ်ယောက် လမ်းဘေး ထွက်တောင်းခဲ့ရသည်။ အမှိုက်ပုံထဲက တွေ့သမျှ စားလို့ရသမျှ အကုန်စားသည်။ မိသားစုသည် ကက်စ်ကို မလိုလားပေ။ ရောင်းစားသော်လည်း ဘယ်လိုမှ ရောင်းမထွက်။ ကံဆိုးကောင်ကလေးဟု သတ်မှတ်ထားသည်။ ၂ နှစ်သားလောက်ကတည်းက ဂြိုဟ်ဆိုးလေးဟုဆိုကာ ဖခင်က ပုံမှန် ရိုက်နှက်တတ်သည်။

အသက် ၄ နှစ်လောက်ရောက်တော့ ကက်စ်တစ်ယောက် တော်ရုံတန်ရုံ အိမ်မပြန်တော့ပေ။ အိမ်ပြန်လည်း အရိုက်ချည်းပဲ ခံနေရတာကိုး။ လမ်းပေါ်မှာပဲ အချိန် အတော်များများကို ကုန်နေလိုက်သည်။ မနီလာမြို့နား လှည့်ပတ်ပြီး တောင်းရမ်းစားသောက်သည်။ ညဘက်ဆိုလျှင် အဆင်ပြေသည့်နေရာ ထိုးအိပ်သည်။ ဆိုင်ရှေ့တံခါးများနားတွင် အိပ်သည်။ လမ်းဘေးတွေ အိပ်သည်။ သင်္ချိုင်းတွင် သွား အိပ်သည်။ ကျန်းမာရေးကလည်း မကောင်း၊ အနာဂတ်ဆိုတာ ဝေလာဝေး။

တစ်ရက်တော့ သူ့နားကို လူထူးဆန်းတစ်ယောက် ရောက်လာသည်။ ဟာနင်မာနာလေဆေးဟု ခေါ်ပါသည်။ ကျောင်းတက်ချင်လားဟု လာမေးခြင်း ဖြစ်သည်။ ထိုသူစိမ်းအမျိုးသားသည် တကယ်တော့ စာရင်းမရှိ၊ အင်းမရှိ လမ်းဘေး ရောက်နေသော ကလေးများကို စာသင်စရာ နေရာများ ဖန်တီးပေးနေသော လူမှုရေးလုပ်သားတစ်ဦး ဖြစ်ပါသည်။ နေ့ခင်းအချိန်တွင် ထမင်းစားသည့် အလုပ်အဖြစ် သင်္ဘောအင်ဂျင်နီယာ အလုပ်လုပ်ပါသည်။ ၂၇ နှစ်တိုင်တိုင် ကလေးများအတွက် အလုပ် လုပ်ပေးနေသူဖြစ်သည်။ မာနာလေဆေးသည် စေတနာ့ ဝန်ထမ်းများကို စုဆောင်းကာ ရွေ့လျား စာသင်ခန်းများဖြင့် အစိုးရနှင့် မိဘများ၏ လျစ်လျူရှုခံ ကလေးများကို စာသင်ပေးနေသည်။ မာနာလေဆေးသည် ကက်စ်ကို အိမ်ခေါ်သွားသည်။ ရေချိုးစေပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများကို ကုသစေသည်။ ကက်စ်လေးကို သူ့မိဘ အိမ်မှာထားပြီး အစားအသောက်နှင့် ပညာသင်ဖို့ကို ကူညီပေးပါသည်။ 

ကက်စ်တစ်ယောက် မိုဘိုင်းကျောင်းတွင် ပညာသင်ကြားနေစဉ်တွင် သူ့မိဘများက အမှိုက်ပုံကို လာပြန်ခေါ်သွားသည်။ ကျောင်းတက်နေသည့် ကက်စ်က ပိုက်ဆံမတောင်းတော့သောကြောင့် ဝင်ငွေမရသောကြောင့် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးနှင့် အရက် ပြဿနာ ဖြစ်နေသော ဖခင်ဖြစ်သူ၏ ဆော်ပလော် တီးခြင်းကို နောက်ထပ်ခံရသည်။ အမှိုက်ပုံထဲက ဘဝကို  ပြန်ရောက်သွားရပြန်သည်။ တစ်ခါများ မီးလောင်နေသော တာယာဘီးများပေါ်သို့ ပြုတ်ကျသဖြင့် မီးတော်တော်လောင်သွားကာ လက်နှင့် ကျောပြင်တွင် သေရာပါ အနာရွတ်များ ရသွားခဲ့သည်။ ဆရာဝန်ဆီ မရောက်၊ ဆေးရုံမပြနှင့်ပင် မသေချင်တော့ အသက် ဆက်ရှင်ပါသည်။ ထို့နောက် အသိဝင်လာသော မိခင်ဖြစ်သူက ကက်စ်လေးကို မာနာလေဆေး၏အိမ်သို့ လာပြန်ပို့သွားသည်။ မာနာလေဆေးက ဆေးကုပေးသည်။ လမ်းဘေးကလေးများကို နေစရာပေးထားသည့် Club ၈၅၈၆ ဆိုသည့် ဂေဟာလေးတွင် နေရပါသည်။ နေပြန်ကောင်းလာသည့် ကက်စ်လေးကို မွေးစားခွင့်အတွက် မာနာလေဆေးက မိဘများထံ တောင်းဆိုသည်။ မာနာလေဆေးက အတိုင်းအတာတစ်ခုအထိ ကမ်းလှမ်းလိုက်ပြီးနောက် အဆင်ပြေသွားသည်။ 

ပတ်ဝန်းကျင်သစ်တွင် ကက်စ်တစ်ယောက် အသားကျသွားခဲ့သည်။ ဒဏ်ရာများက သက်သာလာသကဲ့သို့ ကျောင်းတွင်ရသော အမှတ်များကလည်း ကောင်းပါသည်။ မာနာလေဆေး၏ ကျောင်းလေးတွင် တက်ကြွသော ကလေးတစ်ယောက် ဖြစ်လာခဲ့ပါသည်။ ထို့နောက် တခြားကလေးများကို တစ်ကိုယ်ရေ သန့်ရှင်းရေး ကူညီသင်ကြားပေးရသော စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးပါသည်။ Club ၈၅၈၆ တွင် လက်ဆောင်လေးများရတိုင်း လမ်းဘေးတွင် ကျန်ခဲ့သော တခြားကလေးများကို ထိုကဲ့သို့ ဂရုစိုက်ခံရသည့် ခံစားချက်ကို ပေးလိုပါသည်။ ထို့ကြောင့် သူ့မွေးနေ့တွင်ရရှိသော လက်ဆောင်များဖြစ်သည့် အရုပ်များ၊ ချိုချဉ်များ၊ ဖိနပ်များကို မာနာလေဆေးနှင့်အတူ အခြား လမ်းဘေးကလေးများကို သွားရောက် လက်ဆောင်ပြန်ပေးကြသည်။ 


တဖြည်းဖြည်းနှင့် ကက်စ်တစ်ယောက် ဆယ်ကျော်သက် အရွယ်ကို ရောက်လာခဲ့ချေပြီ။ နှစ်တိုင်း သူ့မွေးနေ့တွင် သူငယ်ချင်းများနှင့်စုစည်းပြီး လမ်းဘေးကလေးများကို လက်ဆောင် လိုက်လံပေးရာမှ လမ်းဘေးကလေးများကို ထို့ထက်ပိုပြီး ကူညီချင်လာမိသည်။ သူတို့၏ အုပ်ထိန်းသူ မာနာလေဆေး၏ အကူအညီနှင့်အတူ ပရဟိတအဖွဲ့ တစ်ဖွဲ့ထူထောင်ပြီး  ရန်ပုံငွေ ရှာကြသည်။ ထိုရန်ပုံငွေများဖြင့် ကလေးများကို တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းပစ္စယများ လက်ဆောင်ပေးခြင်း၊ အာဟာရ အစီအစဉ်များ ပြုလုပ်ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ပညာပေးခြင်း၊ အနိုင်ကျင့် နှိပ်စက်ခံရမှုများမှ လွတ်မြောက်နိုင်သော နည်းလမ်းကောင်းများ မျှဝေပေးခြင်းတို့ကို ပြုလုပ်ကြလေသည်။ ဆယ်ကျော်သက် အုပ်စုကောင်လေးများ၏ လမ်းဘေးကလေးများ ကူညီရေး အစီအစဉ်သည် ဆင်းရဲသား ရပ်ကွက်များတွင် တဖြည်းဖြည်း နာမည်ရလာသည်။ နောက်ပိုင်းတွင် သောင်းဂဏန်းရှိသော ကလေးများအထိ ကူညီစောင့်ရှောက်ပေးနိုင်ခဲ့ပါသည်။ ကက်စ်၏ နာမည်သတင်းကလည်း ဖိလစ်ပိုင်တစ်လွှား လူသိများသွားခဲ့သည်။ 

အာဟာရ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ ပညာပေးခြင်း၊ အနိုင်ကျင့် နှိပ်စက်ခံရမှုများမှ ကယ်တင်ပေးခြင်း စသည့် လှုပ်ရှားမှုများကို အသက် ၁၂ နှစ်အရွယ်မှာပင် အောင်မြင်အောင် ရှေ့တန်းမှ လုပ်ဆောင်ခဲ့ပါသည်။ အသက် ၁၃ နှစ်တွင် နယ်သာလန်နိုင်ငံသို့ ဖိတ်ကြားခံရပြီး သည်ဟိတ်မြို့ သမိုင်းဝင် သူရဲကောင်းခန်းမတွင် နိုင်ငံတကာ ကလေးသူငယ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါသည်။ တစ်မူထူးသော ထူးချွန်မှုနှင့် သတ္တိတို့ကြောင့် ထိုဆုကို ရရှိခဲ့သည်။ ထိုဆုပေးပွဲသို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူးလည်း တက်ရောက်ခဲ့သည်။ ကက်စ်သည် အသံမဲ့နေသူများအတွက် အသံထွက်ပေးသူဖြစ်၍ အားတက်စဖွယ် ဖြစ်ပါကြောင်း ဘုန်းတော်ကြီးက မှတ်ချက်ပြုခဲ့သည်။ “ကလေးတွေကို ကူညီနေတာက သူတို့ဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်နေလို့ပါ။ လမ်းတွေပေါ်မှာ လျှောက်သွားပြီး နေနေကြရတယ်။ လူကောင်းတချို့က ကျွန်တော့်ကို ချစ်မေတ္တာပေးပြီး ကျွန်တော့်ဘဝကို ပြောင်းခဲ့တယ်။ ကျွန်တော်က ဒါကို လိုက်လုပ်တာပါ”ဟု ၎င်းကဆိုသည်။

သန့်ဇင်စိုး

  • VIA