News

POST TYPE

ABOUT US

နှစ် ၂၀ ကြာ တောင်ဖြိုလမ်းနှင့် တစ်ကိုယ်တော်မာဃ
08-Oct-2017 tagged as ပရဟိတ

သူ့ကို အရူးကြီးဟု လူအများက နှစ်ပေါင်းများစွာ ပြောခဲ့ကြသည်။ ပြောကြသည်ကလည်း မလွန်ပေ။ သူသည် တူတစ်ချောင်း၊ ဆောက်တစ်ခုနှင့် ကျောက်တောင်ကြောကြီးကို ရှင်းကာ လမ်းဖောက်နေသောကြောင့် ဖြစ်ပါသည်။ သို့သော် ဒက်ရှ်ရာ မာနီဂျီသည် ရူးနေသည်တော့ မဟုတ်ပေ။ ၂၂ နှစ် ကြာအောင် တစ်ယောက်တည်း ထိုလမ်းကို ဖောက်နေခဲ့ပြီး ဝေးလံခေါင်ဖျား သူ့တောင်ပေါ်ရွာကလေးကို အနီးဆုံးမြို့သို့ ရောက်နိုင်စေခဲ့သည်။ မန်ဂျီသည် အဆိုပါတာဝန်ကို ၁၉၆၀ ကတည်းက ဘယ်သူမှ မပေးဘဲ ယူခဲ့သူ ဖြစ်သည်။ တိတိကျကျပြောရလျှင် မာနီဂျီ၏ ဇနီးသည် ဖြစ်သူသည် ကျောက်တောင်ထူသော ထိုဒေသတွင် ချော်လဲကျကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီးနောက် အနီးဆုံးမြို့ဆေးရုံသို့ သွားရန် လမ်းမရှိ၍ တောင်များစွာကို ကီလိုမီတာ ၇၀ ကျော် ပတ်သွားခဲ့ရပြီး သူအသည်းကွဲခံစားခဲ့ရသည့်နောက် ဖြစ်ပါသည်။ 

ဘီဟာပြည်နယ် ဂီလာတောင်တန်းများပေါ်မှ  အဆိုပါ စေတနာ့ လုပ်သားကြီး၏ ဆယ်စုနှစ်နှစ်ခုကျော်ကြာ တောင်ဖောက်လမ်း လှုပ်ရှားမှုကြောင့် အိန္ဒိယတစ်နိုင်ငံလုံး လှုပ်ခတ်သွားခဲ့ပါသည်။ ဝေးလံခေါင်ဖျား ဒေသများတွင် နေထိုင်ရသူများအတွက် ဆရာဝန်များ၊ ကျောင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ယခုထက် လွယ်ကူစွာ ရသင့်ကြောင်းကို အိန္ဒိယ တစ်ပြည်လုံးက သိသွားခဲ့သည်။ တူ၊ ဆောက်နှင့် သံတူရွင်းလေးကိုင်ကာ တစ်ယောက်တည်း လမ်းဖောက်ခဲ့သည့်ရလဒ်က သူ့ရွာနှင့် အနီးဆုံးမြို့ကို ရောက်မည့်နေရာတွင် ခံနေသည့် ပေသုံးရာကျောက် ကြောကြီးကို အောင်မြင်စွာ ဖြိုနိုင်ခဲ့ခြင်း ဖြစ်သည်။ “သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ လူတွေက မာနီဂျီကို ပြောကြတယ်” ဟု တူဖြစ်သူ ဒါဟုမာနီဂျီက ပြန်ပြောပြသည်။ ဒက်ရှ်ရာမာနီဂျီသည် ဆင်းရဲသားတစ်ဦးဖြစ်ပြီး နေ့စဉ် သူစားဖို့သောက်ဖို့ကိုလည်း ရှာရသေးသည်။ မာနီဂျီသည် လမ်းဖောက်ရန် တူ၊ ဆောက်သွားတို့ကို ဝယ်ယူနိုင်ရန်အတွက် သူ့ဆိတ်သုံးကောင်ကို ရောင်းခဲ့လိုက်သည်။ နေ့စဉ် ပြီးမြောက်ရမည့် အလုပ်ကိုယ်တာ သတ်မှတ်ပြီး ဖြည်းဖြည်းချင်း လုပ်သွားခဲ့သည်။ မနက်ခင်း လယ်သွားထွန်ရသေးသည်။ တစ်ညနေလုံး လမ်းသွားဖောက်နေသည်။ ညဥ့်အတော်နက်မှ အလုပ်ကို နားတတ်သည်။ 

၁၉၆၀ ခုနှစ်မှသည် ၁၉၈၂ ခုနှစ်အထိ မာနီဂျီ တစ်ယောက် ထိုသို့ အလုပ်လုပ်ခဲ့ရသည်။ သူ့နည်းသူ့ဟန်ဖြင့် လမ်းကို ဖောက်ခဲ့ခြင်းဖြစ်သည်။ ကျောက်ဆောင်ကျောက်တုံးများပေါ်တွင် ထင်းများကို မီးစိုက်သည်။ ထို့နောက် ရေပြန်ဖျန်းကာ ကြွပ်ဆတ်သွားသော ကြောက်သားများကို လိုက်ခွဲသည်။ ကျောက်တွေကြေသွားတော့ လမ်းပြန်လုပ်သည်။ ရွာနှင့် မြို့သွားလမ်းကို ခြားထားသော တောင်ကြီးကို နောက်ဆုံးတွင် အောင်မြင်စွာ ဖြိုလိုက်နိုင်ပါလေပြီ။ တောင်ဖြိုလမ်းသည် ၂၅ ပေနက်သည်။ ပေ ၃၀ ကျယ်သော  လမ်းဖြစ်ကာ ဖြိုခဲ့ရသည့် ကျောက်သားလမ်း အရှည်က ၃၆၀ ပေ ရှိပါသည်။ တစ်ယောက်တည်း မမှိတ်မသုန် ဆောင်ရွက်ချက်ကြောင့် ကီလိုမီတာ ၇၀ ကျော်  ပတ်ပြီး ဖောက်ရမည့် လမ်းကြီးကို တစ်ကီလိုမီတာလောက်ပဲ ရှည်စေခဲ့ပါသည်။ 

Mountain Man တောင်လူသားဟု ဒေသခံများက ၎င်းကို ခေါ်နေကြလေပြီ။ ထိုလမ်းလည်း ပြီးသွားခဲ့ပြီ။ နိုင်ငံတကာအထိ ပေါက်သွားသည့် ဇွဲလုံ့လ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကင်ဆာဝေဒနာဖြင့် ထိုအမျိုးသားကြီး ကွယ်လွန်သွားသည့်အခါ ဘီဟာပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဈာပန ပြုလုပ်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အရပ်သားများကို အမြင့်ဆုံးပေးသည့် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခဲ့သော်လည်း သူက လုံးဝလက်မခံခဲ့ပေ။ တကယ်တော့ ထိုဆုကို သူတကယ်ထိုက်တန်ပါသည်။ “ခုတော့ လူ့အဖွဲ့အစည်းက သူ့ကို ဂုဏ်ပြုဂါရဝပြုနေကြတယ်။ ဒါပေမဲ့ သူသေမှလေ” ဟု တူဖြစ်သူ ဒါဟုက ဆိုသည်။ 

သူ့ရပ်ရွာ၏ နောက်မျိုးဆက်သည် ယခုအခါ ဆေးရုံဆေးခန်းကို လွယ်လွယ်ကူကူ သွားနိုင်ချေပြီ။ ကမ္ဘာကြီးနှင့် လျင်မြန်စွာ ကူးလူးနိုင်ပြီ။ ရွာကတော့ ဆင်းရဲနွမ်းပါးဆဲ ဖြစ်သည်။ မာနီဂျီကို ဂုဏ်ပြုသည့် အနေနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ထားကြသည်။ ရွာတွင် သက်မွေးဝမ်းကျောင်းနှင့် ရောင်းဝယ်ဖောက်ကားရေး သင်တန်းကျောင်းလေး ဖွင့်ထားပေးသည်။ ဒက်ရှ်ရာမာနီဂျီ လူမှုဖူလုံရေး ရန်ပုံငွေကို တည်ထောင်ထားပြီး လူငယ်များကို မြေတောင်မြှောက်ပေးသည်။ လူငယ်များအတွက် ဘဝတွက်တာ သင်တန်းများ ပြုလုပ်ပေးသည်။ အများသူငါ ပါဝင်နိုင်သော ပရဟိတ အစီအစဉ်တစ်ရပ် ရှိပါသည်။ အဆိုပါ ရန်ပုံငွေများဖြင့် အသေးစားချေးငွေများပေးခြင်း၊ ဆိုလာစွမ်းအင်သုံး မီးလင်းရေး စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို မာနီဂျီ၏ မိတ်ဆွေများက ဆက်လုပ်ကြသည်။

သင်၏ ဆွေများသားချင်းတစ်ဦး အကြီး အကျယ် နေမကောင်းဖြစ်၍ ဆေးရုံသွားရာလမ်းတွင်  တောင်ကြီးခံနေသောကြောင့် ကီလိုမီတာ ၇၀ ခန့် ပတ်ပြီးသွားရလျှင်၊ ထိုအချိန်က အစိုးရက လမ်းဖောက်ပေးဖို့ လှည့်မကြည့်လျှင် သင်ဘာလုပ်မည်နည်း။ မာနီဂျီကတော့ အများက မဖြစ်နိုင်ဘူးဆိုပြီး ဝိုင်းပြောနေကြသည့် တောင်ကို ဖောက်ပြခဲ့သည်။ ၂၂ နှစ်ကြာပါသည်။ လူအများသာ ဝိုင်းဝန်းခဲ့လျှင် ထို့ထက် အချိန်နည်းနိုင်ပါသည်။ မဖြစ်နိုင်ဘူး ဆိုတာကို လူသား၏ စိတ်အားသတ္တိ၊ အများအကျိုးဆောင်လိုစိတ်တို့ဖြင့် ကျော်လွှားနိုင်သည်ကို မာနီဂျီက သက်သေပြခဲ့သည်။ ဘီဟာပြည်နယ် တောင်ကြောမှသည် ကမ္ဘာအနှံ့သို့ တစ်ကိုယ်တော်လမ်းဖောက် သမားကြီး၏ ပြင်းထန်သော စိတ်ဓာတ်ခွန်အားတို့က ပျံ့နှံ့သွားခဲ့လေပြီ။ 

သန့်ဇင်စိုး