News

POST TYPE

ABOUT US

ရွှေဝါရောင်တော်လှန်ရေးမှ သမိုင်းဝင် ပူလစ်ဇာဆုရ ဓာတ်ပုံတစ်ပုံ၏ နောက်ကွယ်
28-Sep-2017

ရိုက်တာ(Reuters) သတင်းဌာနမှ အကြီးတန်း ဓာတ်ပုံဆရာအန်ဒရီစ် လာတစ်ဖ်(AndreesLatif) က ပူလစ်ဇာဆုရသည့် ဓာတ်ပုံတစ်ပုံ မည်သို့ရိုက်ကူးဖြစ်ခဲ့သည်ဆိုခြင်းအကြောင်း ၂၀ဝ၈ ခုနှစ်တွင် ပြန်ပြောပြခဲ့သည်။ ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေး အရှိန်အမြင့်ဆုံးအချိန်၊ အင်အားသုံး နှိမ်နင်းမှုများ စတင်ခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ ပစ်သတ်ခံခဲ့ရပုံကို လာတစ်ဖ်က အမှတ်မထင် ရိုက်ကူးနိုင်ခဲ့သည့် ဓာတ်ပုံသည် မြန်မာသမိုင်း၏ အချိုးအကွေ့တစ်ခုကို မမေ့လျော့စေကြခြင်းငှာ သမိုင်းမှတ်တမ်းအဖြစ် ကျန်ရှိခဲ့ပါသည်။ လာတစ်ဖ်ပြန်ပြောပြသည့် ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့ပုံကို အကျဉ်းမျှ ပြန်ဆိုထားခြင်းဖြစ်ပါသည်။

လောင်စာဆီဈေးတွေ တက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်နေတယ်ဆိုလို့ ကျွန်တော် ရန်ကုန်ကို ၂၀ဝ၇၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရောက်ခဲ့တယ်။ အဝတ်ဟောင်းတချို့ရယ်၊ Canon 5D ကင်မရာရယ်၊ မှန်ဘီလူး နှစ်လုံးရယ်၊ လက်ပ်တော့ တစ်လုံးရယ်ပဲ ပါတယ်။

နောက်လေးရက်လုံး မြို့လယ်က နှစ်ကီလို-သုံးကီလို မီတာလောက်ပဲ ဝေးတဲ့ ရွှေတိဂုံစေတီတော်ကို သွားတယ်၊ မွန်းတည့်ချိန်ဆို အဲဒီမှာစုတဲ့ သံဃာတော်တွေကို သွားစောင့်တာပါ။
ကျွန်တော်က ဒီစေတီတော်ပဲ နေ့တိုင်းသွားတော့ သံဃာတော်တွေ အပါအဝင် တချို့လူတွေက ကျွန်တော် ဘယ်သူလဲ၊ ဘယ်ဝါလဲ၊ ဘာလုပ်သလဲ မေးကြတယ်။ အာဏာရ စစ်အစိုးရက အရမ်းလျှို့ဝှက်မှန်း သိတော့ ကျွန်တော်လည်း သတိနဲ့ပဲ ပြန်ဖြေရတယ်။

ခြေဗလာနဲ့ ကြွချီလာတဲ့ သံဃာတွေကို အရပ်သားတွေက ဝိုင်းရံပေးကြတယ်။ သံဃာတော်တွေက မေတ္တာပို့၊ ဆုတောင်းပြုပြီးရင် ရန်ကုန် မြို့လယ်က ဆူးလေစေတီတော်ဆီ နှစ်ကီလို-သုံးကီလိုမီတာလောက်ဝေးတဲ့ ခရီးကို ချီတက်ကြတယ်။ နေ့တိုင်း အရေအတွက်က များများ လာတယ်၊ ရာဂဏန်းကနေ ထောင်ချီ ရှိလာတယ်။

စက်တင်ဘာလ ၂၇ မှာ မြို့ထဲမှာ စစ်သားတွေ ပြည့်နေပြီ။ စစ်သားတွေနဲ့ ထောက်လှမ်းရေးတွေက လမ်းထောင့်တွေမှာ စောင့်နေကြတယ်။

ရွှေတိဂုံဘုရားကို ပိတ်ထားတော့ ကျွန်တော်လည်း ဆူးလေမှာ စစ်သားတွေကို စိန်ခေါ်တဲ့လူငယ်အုပ်စုတွေ ဘာတွေ တွေ့မလားဆိုပြီး မြို့လယ်ကို ထွက်လာတာ။

မိနစ်ပိုင်းအတွင်းမှာ လူအုပ်က ရာဂဏန်းကနေ ထောင်နဲ့ချီ ဖြစ်လာတယ်။ လမ်းတစ်လျှောက်မှာ စစ်သားတွေက သံဆူးကြိုးတွေ ကာထားတယ်။

၁၉၈၈ လူထုအုံကြွမှု ကြီးတုန်းက အလားတူ အခြေအနေမျိုးမှာ လူရာနဲ့ချီ ပစ်သတ်ခံရဖူးတယ်ဆိုတာ သိထားတော့ အပေါ်က မိုးကြည့်လို့ရတဲ့ ခုံးတံတားဟောင်း တစ်ခု (ဆူးလေလူကူး ခုံးကျော်ကို ဆိုလိုဟန်ရှိသည်) အပေါ် တက်လိုက်တယ်။ ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်တဲ့ နေရာတစ်နေရာပေါ့။

ကျွန်တော့်အောက်မှာတော့ ဆန္ဒပြသူတွေက သီချင်းတွေဆိုပြီး အလံတွေ ဝှေ့ယမ်းနေကြတယ်။ လူငယ်အချို့က စစ်သားတွေကို ပြောင်ပြနေတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမိနစ် ၃၀ မှာ အစိမ်းပုတ်ရောင် အမိုးမပါတဲ့ စစ်ကားနှစ်စီး ရောက်လာတယ်။ အဲဒီနောက်မှာ လုံထိန်းတွေပါတဲ့ နောက်ထပ်ကားတွေ ဒါဇင်နဲ့ချီရောက်လာတယ်။ သူတို့ကို လူအုပ်ကြီးက ရေဘူးတွေ၊ အသီးတွေနဲ့ ပေါက်တာ၊ ပြောဆိုတာတွေ ရှိခဲ့တယ်။

ကျွန်တော်က ၁၃၅ မီလီမီတာ မှန်ဘီလူးနဲ့ချိန်ပြီး ကင်မရာ shutter speed ကို 1000၊ aperture ကို F/7.1၊ ISO 800 မှာ ချိန်ထားလိုက်တယ်။ ကင်မရာ Manual ဖြစ်သွားတာနဲ့ ဖြစ်နိုင်သမျှ ကွက်ကွက်ကွင်းကွင်း ရိုက်နိုင်အောင် လှုပ်ရှားမှုတွေ ရပ်သွားစေချင်တာ။

နှစ်မိနစ်လောက်ကြာတော့ စပြီး ပစ်တော့တာပဲ။ ကျွန်တော့်မျက်လုံးထဲမှာ နောက်ကို လွင့်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ တစ်ချိန်တည်းမှာ အဲဒီလူရဲ့ ကျောပေးထားတဲ့ ပုံအတိုင်း လေးပုံလောက် ရိုက်လိုက်နိုင်တယ်။

ပထမပုံမှာ ကျည်ဆန်အဝင်လမ်းက ရှင်းတယ်။ ညှပ်ဖိနပ်စီးထားတဲ့ စစ်သားတစ်ယောက်က အဲဒီလူပေါ် မိုးရပ်နေပြီး ရိုင်ဖယ်နဲ့ ချိန်ထားတယ်။ ဒုတိယပုံမှာကျတော့ အဲဒီလူက လက်ဆန့်ပြီး ဗီဒီယို ရိုက်ဖို့လုပ်နေတာ။

နောက်ထပ် ပစ်ခတ်မှုတွေ ဆက်ဖြစ်တယ်။ နောက်ထပ် နှစ်ပုံလောက် ထပ်မရိုက်မီ ကျွန်တော်ပါ လက်တွန့်သွားတယ်။ နောက်နှစ်ပုံက အဲဒီလူက စစ်သားကို ကင်မရာနဲ့ ချိန်ထားတဲ့ပုံရယ်၊ နောက်တစ်ပုံက သူ့ မျက်နှာမှာ နာကျင်မှု ခံစားနေရတဲ့ပုံရယ်။

သူ့နောက်မှာတော့ စစ်သားတွေ တိုးဝင်မလာမီ လူအုပ်က ပြန့်ကြဲသွားတယ်။ တစ်ကမ္ဘာလုံးမှာ ပဲ့တင်ထပ်သွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးက နှစ်စက္ကန့်အတွင်း ပြီးသွားတယ်။

ကျွန်တော် တံတားပေါ်မှာ ဆက်ပုန်းနေပြီး လူအုပ်ကြားကနေ ဓာတ်ပုံတချို့ ထပ်ရိုက်တယ်။ ဒါပေမဲ့ စစ်သားတွေက သေနတ်နဲ့ပစ်နေပြီး မီးခိုးဗုံးတွေကအောက်မှာရှိနေတော့ ကျွန်တော်လည်း တံတားပေါ်က ဆင်းရတယ်။

ကျွန်တော့် တစ်ကိုယ်လုံးလည်း တုံယင် စိတ်လှုပ်ရှားနေပြီး ကင်မရာကို အိတ်ထဲထည့်ပြီး ဆန္ဒပြသူတွေနောက်ကို နောက်ထပ် တစ်နာရီခွဲလောက်ကြာအောင် လျှောက်လိုက်နေမိတယ်။ ဆန္ဒပြအင်အား ကျလာပြီလို့ ခံစားရတဲ့အချိန်မှာ နောက်ဖေးလမ်းကြားတွေနဲ့ ရထားလမ်းကနေ ဟိုတယ်ကို ပြန်လာခဲ့တယ်။

အစောပိုင်း ကျွန်တော်ပုံစာထိုးတော့ “စက်တင်ဘာလ ၂၇ ရက်နေ့၊ ၂၀ဝ၇ ခုနှစ်၊ ရန်ကုန်မြို့လယ်တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများအား ရဲနှင့်စစ်ဘက် တာဝန်ရှိသူများက ပစ်ခတ်ပြီးနောက် လူအုပ်ရှိရာသို့ ချီတက်လာချိန်တွင် ထိခိုက်ဒဏ်ရာရသူ တစ်ဦးက ဓာတ်ပုံရိုက်ရန် ကြိုးစားနေစဉ်”လို့ ရေးလိုက်တယ်။ ပထမ ထင်တာက သူ အနင်း ခံလိုက်ရတယ်ပဲ ထင်တာ၊ သူ သေတယ်လို့ မသိဘူး။ 

ဓာတ်ပုံနှစ်ပုံမှာ ဒီလူ့မျက်နှာ ပါတယ်။ နာရီပိုင်းကြာတော့ ဂျပန်က သူ့လုပ်ဖော်ကိုင်ဘက်တွေက ဒါဟာ ဂျပန်ဗီဒီယို ဂျာနယ်လစ် ခန်းဂျိနာဂအိပဲလို့ အတည်ပြုခဲ့တယ်။

ဒီပုံတွေဟာ အမေရိကန်နဲ့ ကမ္ဘာတစ်လွှားက သတင်းစာ မျက်နှာဖုံးတွေမှာ လွှမ်းမိုးခဲ့တယ်။ ဂျပန်မှာ ကျင်းပတဲ့ နာဂအိ ဈာပနမှာ ဒီဓာတ်ပုံကို ကိုင်ဆောင်ခဲ့ကြပြီး အဲဒီဖြစ်စဉ်ကြောင့် လူထု မကျေနပ်မှုတွေ ဖြစ်တဲ့အတွက် ဂျပန်က စစ်အစိုးရအပေါ် အကူအညီပေးတာတွေ လျှော့ချခဲ့ရတယ်။

F-03


  • VIA