News

POST TYPE

ABOUT US

သီရိလင်္ကာ၌ ကလေးမွေးစားရန် တရားမဝင် အရောင်းအဝယ်များရှိဟု ဝန်ကြီး ဝန်ခံ
25-Sep-2017 tagged as သီရိလင်္ကာ

ကိုလံဘို၊ စက်တင်ဘာ ၂၄

သီရိလင်္ကာတွင် မွေးဖွားသော အရေအတွက် ထောင်နှင့်ချီသည့် ကလေးများကို ၁၉၈၀ ခုနှစ်များအတွင်း ပြည်ပတွင် မွေးစားရန် တရားမဝင် ရောင်းချခဲ့သည်ဟု သီရိလင်္ကာ အာဏာပိုင်များက ဒတ်ခ်ျမှတ်တမ်း ရုပ်သံတစ်ခုတွင် ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကလေးပေါင်း ၁၁,၀၀၀ အထိ ဥရောပသို့ ရောင်းချခဲ့ပြီး နှစ်ဖက်စလုံးက မှတ်တမ်းအတုများ ပြုလုပ်ခဲ့ကြသည်။ အချို့ကလေးများသည် အနောက်နိုင်ငံများသို့ ကလေးရောင်းချသည့် ကလေးမွေး လုပ်ငန်းများတွင် မွေးဖွားခဲ့ကြသည်။

အဆိုပါ ကလေးများအတွက် မွေးမိခင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် DNA အချက်အလက်စင်တာ တစ်ခု ထူထောင်ပေးမည်ဟု ကျန်းမာရေးဝန်ကြီး က ဒတ်ခ်ျ ဇမ်ဘလာ ရုပ်သံသို့ ပြောကြားသည်။

ကလေး ၄၀၀၀ ခန့်မှာ နယ်သာလန်သို့ ရောက်ရှိခဲ့ပြီး အခြားကလေးများမှာ ဆွီဒင်၊ ဒိမ်းမတ်၊ ယူကေနှင့် ဂျာမနီ စသော ဥရောပ တိုင်းပြည်များသို့ ရောက်ရှိခဲ့သည်။

မွေးစားခံ ကလေးများနှင့် သီရိလင်္ကာ မွေးမိခင်များ ပြန်လည်ဆုံတွေ့ရေးကို ကြိုးစားနေသည့် နယ်သာလန် အခြေစိုက် လူမှုမီဒီယာကွန်ရက်တွင် ပါဝင်နေသူ ရိုဝန်ဗန်ဗီလင်က လွန်ခဲ့သော ၂၇ နှစ်က မွေးမိခင်ကို ရှာဖွေရန်အတွက် ယခုနှစ်အတွင်း သီရိလင်္ကာသို့ သွားရောက်ခဲ့သည်ဟု ပြောကြားသည်။

“အချက်အလက် အမှားတွေ ရှိနေတဲ့အတွက် အခက်အခဲ ရှိနေပါတယ်။ နယ်သာလန်ရောက် ကလေးတွေ မိသားစုဝင်တွေကို ရှာဖွေနိုင်အောင် DNA ဘဏ် တစ်ခု ထူထောင်ချင်ပါတယ်။ ဆွီဒင်၊ ဒိမ်းမတ်၊ ဂျာမနီ နိုင်ငံတွေကိုလည်း ဒီဘဏ်အတွက် DNA စုဆောင်းပေးကြဖို့ တိုက်တွန်းသွားမှာပါ” ဟု ပြောကြားသည်။

၂၀၁၆ နိုဝင်ဘာလလေးတွင် ဒတ်ခ်ျ ဆိုးသွမ်းလူငယ်ဆိုင်ရာ ရာဇဝတ်မှုနှင့် အကာအကွယ်ပေးရေး စီမံခန့်ခွဲမှုကောင်စီက မူရင်းတိုင်းပြည်များမှ ကျင့်ဝတ်မညီသော အလေ့အထများကြောင့် ပြည်ပမှ  ကလေးများ ခေါ်ယူမွေးစားမှုကို ပိတ်ပင်ဖို့ စဉ်းစားရန် အစိုးရထံ အကြံပြုခဲ့ပြီးနောက် ဇမ်ဘလာ ရုပ်သံအစီအစဉ်က စတင်စုံစမ်း ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဇမ်ဘလာရုပ်သံမှ စုံစမ်းလေ့လာသူ နော်ဘတ်ရိန်ဂျင်းက “မွေးစာရင်းတွေ၊  ကလေးအမည်တွေ၊ မိဘတွေရဲ့ ဇီဝဆိုင်ရာ မှတ်တမ်းတွေ အားလုံးက အတုတွေပါ။ တချို့လုပ်ငန်းတွေက ကလေးတွေကို  လွှဲပေးတဲ့အချိန်မှာ မိဘအဖြစ် ဟန်ဆောင်ပေးဖို့ အမေအတုတွေကို ငှားထားကြပါတယ်” ဟု ပြောကြားသည်။

ကလေးရောင်းချသော ကွန်ရက်များနှင့် ဆေးရုံလုပ်သားများ တစ်ဖွဲ့တည်း ဖြစ်သည်ဟု မှတ်တမ်းရုပ်သံတွင် ဒေသခံများက စွပ်စွဲထားကြသည်။ သီရိလင်္ကာ အနောက်ပိုင်း မာတူဂါမာဆေးရုံတွင် မွေးဖွားသော ကလေးအချို့ကို ရောင်းစားကာ မိခင်ကိုမူ ကလေး သေဆုံးသွားသည်ဟု ပြောကြားသော ဖြစ်ရပ်များ ရှိသည်။

အမျိုးသမီးတစ်ဦးကလည်း ဆေးရုံမှ ပွဲစားတစ်ဦးက ကလေးမိခင်အဖြစ် ဟန်ဆောင်ပေးရန် ရူပီး ၂၀၀၀ (ဒေါ်လာ ၃၀ ခန့်) ပေးသည်ဟု မှတ်တမ်းရုပ်သံသို့ ပြောကြားခဲ့သည်။             

F-04