News

POST TYPE

ABOUT US

မြို့
24-Sep-2017 tagged as တူရကီ

တူရကီနိုင်ငံ အရှေ့ပိုင်းဒေသတွင် ကာရာကိုကန်ဟု အမည်ရသည့် မြို့ငယ်လေးတစ်ခု ရှိပါသည်။ မြို့သို့ရောက်လာပြီး ထမင်းစားဖို့သောက်ဖို့ အခက်အခဲ ဖြစ်နေသူများသည် ထိုမြို့ရှိ မာကက်ဇ် ဆိုသည့် စားသောက်ဆိုင်သို့ သွားရောက်စားသောက်နိုင်ပါသည်။ လိုအပ်နေသူများအတွက် အခမဲ့ ကျွေးမွေးသောဆိုင် ဖြစ်သည်။ ထူးဆန်းသည်က ထိုမြို့ငယ်လေးတွင် မာကက်ဇ် တစ်ဆိုင်ပဲ ထိုသို့ လိုအပ်နေသူများကို ကူညီခြင်း မဟုတ်ပါ။ မြို့ငယ်လေးတွင် နွမ်းပါးသူများ ဗိုက်ဟောင်းလောင်း မဖြစ်စေရေးအတွက် အခမဲ့ကျွေးသည့် စားသောက်ဆိုင် နောက်ထပ်များစွာ ရှိနေပါသေးသည်။ စားသောက်ဖွယ်အတွက် အခက်တွေ့နေသူများကို ကူညီကျွေးမွေးသည့် အစဉ်အလာကို ထိုမြို့လေးတွင် မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာသော ဓလေ့တစ်ရပ် ဖြစ်နေပါလေပြီ။ 

မာကက်ဇ် စားသောက်ဆိုင်၏ ပိုင်ရှင်က အသက် ၅၅ နှစ်အရွယ် မာမက်အော့ဇ်တက်ခ် ဖြစ်သည်။ နွမ်းပါးသူများ အချိန်မရွေး ဝင်စားနိုင်အောင်  လူကျသော အချိန်များ၌ပင် ဆိုင်တွင် စားပွဲသုံးနေရာကို အမြဲဖယ်ထားပေးသည်ဟု ဆိုင်ရှင်က ပြောပြပါသည်။ အခမဲ့ သုံးဆောင်နိုင်သော စားသောက်ဖွယ်များကို သုံးဆောင်ရန်အတွက် နေ့စဉ် ဆိုင်ကိုလာသော ဧည့်သည် အနည်းဆုံး ၁၅ ဦးရှိကြောင်း ဆိုင်ပိုင်ရှင်က ပြောပြသည်။ မြို့လေးသည် လူဦးရေက သိပ်မများလှပေ။ နှစ်သောင်းရှစ်ထောင်လောက်သာ ရှိပါသည်။ တစ်မြို့လုံးရှိ စားသောက်ဆိုင် အတော်များများတွင်  ငွေမပါလည်း ဝင်သာစားသွားနိုင်သည်။ နေ့စဉ် အခမဲ့ အားပေးသုံးဆောင်သူ ၁၀၀ ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ 

မြို့သူမြို့သားများ၏ အဆိုအရ အခက်အခဲ ရှိနေသူများကို အခမဲ့ စားသောက်ဖွယ်ကျွေးသော မြို့၏  ဓလေ့သည် ၁၉၄၀ ကာလများတွင် စတင်သည် ဟူ၏။ မာကက်ဇ်စားသောက်ဆိုင်က ထိုဓလေ့ စတင်သည်ဟုလည်း ဆိုကြသည်။ ထိုစားသောက်ဆိုင်၏ ကနဦး ပိုင်ရှင်များက အကူအညီ လိုအပ်နေသူများကို အခမဲ့ အစားအစာများ နေ့စဉ်ကျွေးခြင်းကို စတင်ခဲ့ပါသည်။ အဆိုပါ အလေ့အထကို အခြားစားသောက်ဆိုင်များကလည်း လိုက်လံလုပ်ဆောင်ခဲ့ကြပါသည်။ “ဒီစားသောက်ဆိုင်ရဲ့ အရင်ပိုင်ရှင် ဟာစီဟူစီရင်ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ကျွန်တော်ငယ်ငယ်က အဲဒီဆိုင်မှာ စားပွဲထိုးတာကိုး။ သူ့ရဲ့ စိတ်အားထက်သန်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ရပါတယ်။ သူဟာ အမြဲတမ်း လိုအပ်နေသူတွေကို ရှာဖွေနေလေ့ ရှိတယ်။ စားသောက်ဆိုင်ထဲကို သုံးလေးယောက် အမြဲခေါ်လာပြီး ကျွေးမွေးတာပဲ” ဟု လက်ရှိ ပိုင်ရှင် မာမက်အော့ဇ် တက်ဇ်က ပြောကြားပါသည်။ 

ဟာဆန်ဂူဘာဆန်သည် ကာရာကိုကန်မြို့တွင် စားသောက်ဆိုင်ငါးဆိုင် ဖွင့်ဖူးသူ ဖြစ်ပါသည်။  လက်ရှိတွင် ဆာရေလိုကန်တာစီ စားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။ မြို့ရှိ စားသောက်ဆိုင်များ၏ ငွေကြေးမတတ်နိုင်သူများကို အခမဲ့ ခေါ်ကျွေးမွေးသည့် ဓလေ့နှင့် ပတ်သက်ပြီး ဂုဏ်ယူသူ ဖြစ်ပါသည်။ တူရကီနိုင်ငံ တစ်ဝန်းက လူစိမ်းတွေက ဖုန်းများခေါ်ဆိုကာ ကျေးဇူးတင် ချီးကျူးစကားများ ပြောဆိုကြကြောင်း ၎င်းက အတွေ့အကြုံကို ပြန်လည်ဝေမျှသည်။ “သူတို့ကို ပြန်ပြောလိုက်ပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေက ချီးကျူးလောက်စရာတော့ မဟုတ်ပါဘူးလို့။ ဆင်းရဲတဲ့သူကို ဆိုင်ထဲခေါ်ပြီး အစားအသောက်ကျွေးတာ ကျွန်တော့်ဝင်ငွေကို ဘာမှမထိခိုက်သွားပါဘူး။ ဘုရားရဲ့ ကောင်းချီးတောင် ရပါသေးတယ်” ဟု ဟာဆန်ဂူဘာဆန်က ဆိုသည်။ 

ဂါလစ်သည် မာကက်ဇ် စားသောက်ဆိုင်တွင် အားလုံးက မျက်မှန်းတန်းမိနေသော အခမဲ့စားသုံးသည့် ဖောက်သည်ဖြစ်သည်။ နေ့စဉ်မပျက် လာရောက်စားသုံးသည်မှာ ၁၀ နှစ် ရှိပါချေပြီ။ “မနက်စာရော၊ နေ့ခင်းစာရော၊ ညစာရော ဒီမှာပဲ သူက လာစားပါတယ်” ဟု စားသောက်ဆိုင် စားပွဲထိုးလေး တစ်ဦးက ပြောပြသည်။ စိတ်ဝေဒနာသည် ဖြစ်သော ဂါလစ်က ဆောင်းပါးရေးသားသူကို စကားများစွာ ပြောဆိုမဖြေကြားနိုင်ပါ။ “မာကက်ဇ်က ကျွန်တော် အကြိုက်ဆုံးဆိုင်ပါ။ အစားအသောက်ကောင်းတယ်” ဟု ၎င်းက ဆိုပါသည်။ အဆိုပါ စားသောက်ဆိုင်သည် ဂါလစ်ကဲ့သို့သော ဖောက်သည်များကိုပင် ဆိုင်၏ ရရှိနိုင်သော စားသောက်ဖွယ်များစာရင်းကို ကြည့်စေပြီး စိတ်ကြိုက်ရွေးစေပါသည်။ ကဘတ်ခေါ်  အရှေ့အလယ်ပိုင်း အသားဟင်းလျာ၊ ကြက်သားဟင်း၊ စွပ်ပြုတ်၊ ထမင်းနှင့် အသုပ်မျိုးစုံထဲက နှစ်သက်ရာ ရွေးချယ်စားသောက်နိုင်ပါသည်။ “ဒီရိုးရာက အမြဲရှိခဲ့တာဗျ။ နှစ် ၇၀ လောက် ကြာပါပြီ။ ကျွန်တော်တို့ အတွက်ကတော့ အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဆီက သင်ယူလိုက်တာပါပဲ” ဟု ဆိုင်ရှင် အော့ဇ်တက်ခ်က ဆိုသည်။ 

ထိုမြို့တွင် စကားလုံးတစ်ခုလည်း တီထွင်ထားပေးသည်။ စားသောက်ပြီးနောက် ငွေရှင်းရန် ပြေစာရောက်လာသည့်အခါ ကျွန်တော်၊ ကျွန်မတို့ ပေးရန် ပိုက်ဆံမပါပါဘူး၊ ကျွန်တော် ကျွန်မတို့ မတတ်နိုင်လို့ပါဟု ပြောစရာမလိုသည့် စကားလုံး ဖြစ်သည်။ တူရကီဘာသာဖြင့် alti boluk ဟု ပြောလိုက်ရုံသာ ဖြစ်ပါသည်။ ကျွန်တော်က alti boluk ကပါဟု ပြောလိုက်လျှင် စားပွဲထိုးက သိသည်။ ပိုက်ဆံမရှင်းဘဲ ထပြန်သွားနိုင်ပါသည်။ စကားလုံး၏ အဓိပ္ပာယ်ကား အမှတ် ၆ တပ်ရင်းကဟူ၍ အဓိပ္ပာယ်ရပါသည်။ ဆူလန်ဘုရင်၏ လက်အောက်တွင်ရှိသော အမှတ်ခြောက်တပ်ရင်း၏ မိသားစုဝင်များကို ဘုရင်က အလုပ်မလုပ်၊ စီးပွားရေး မလုပ်စေပါ။ ဘုရင့်ကိုသာ သစ္စာခံရန်အတွက် စီစဉ်ပေးထားပြီး အစားအသောက်ရအောင် စီမံပေးထားသည့် အတိတ်သမိုင်းကို အစွဲပြုပြီး အမှတ်ခြောက်တပ်ကပါ ဟူသော စကားလုံးဖြင့် အခမဲ့ စားနိုင်အောင် စီစဉ်ပေးခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် အမှတ် ၆ တပ်လည်း မရှိတော့ပါ။ သို့သော် ဆင်းရဲသားပြည်သူများ အနေနှင့် ထိုမြို့သို့ ရောက်သည့်အခါ လူမျိုးမရွေး ဘာသာမရွေး အမှတ် ၆ တပ်ကပါဟု ပြောပြီး ကြိုက်သည့်အစာကို ဝင်ရောက်စားသုံးသွားနိုင်ပါသည်။  

သန့်ဇင်စိုး