News

POST TYPE

ABOUT US

ရွှေဝါရောင် စက်တင်ဘာ ရက်စွဲများ
18-Sep-2017

ကုန်ဈေးနှုန်း လျော့ကျရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့ကို တောင်းဆိုကာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံလိုက်ရသည့် ရွှေဝါရောင် တော်လှန်ရေးမှာ ယနေ့ဆိုလျှင် ၁၀ နှစ်ပြည့်ပြီ ဖြစ်သည်။ သံဃာတော်တို့ သွေးမြေကျခဲ့ရသည့် နာမည်ကျော် ရွှေဝါရောင်တော်လှန်ရေး ကာလ တောင်းဆိုချက်များမှာ ၁၀ နှစ်ပြည့်ချိန်တွင် မည်မျှပြည့်စုံခဲ့ပြီ ဆိုသည်ကို ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာတော်များကို တွေ့ဆုံမေးမြန်းကာ ယခုဆောင်းပါးကို ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ)

တောင်ဥက္ကလာပမြို့နယ်အဝင် ရထားသံလမ်းအနီး ရပ်ကွက်အတွင်းက ငွေကြာရံ ပရိယတ္တိစာသင်တိုက်သည် လွန်ခဲ့သော ၁၀ နှစ်က ရွှေဝါရောင်တော်လှန်ရေး ကာလတွင်း အပြင်းအထန် နှိမ်နင်းခံရသော စာသင်တိုက်တစ်ခု ဖြစ်သည်။

၁၀ နှစ်အကြာတွင်မူ ထိုနေရာမှ အပျက်အစီးတို့သည် တော်လှန်ရေး၏ အကြွင်းအကျန်အဖြစ် အမှတ်ရအောင် ကြည့်ရှုစရာ ကြီးကြီးမားမား မကျန်တော့။

တောင်ဥက္ကလာပမြို့နယ်သို့ အဝင်ဝ ရထားသံလမ်းအကျော်ရှိ နိုင်ငံတကာ စားသောက်ဆိုင်များ၊ မီနီမတ်များအကြား လမ်းကျဉ်းတစ်ခုက ဝင်သွားသော် ရွှေဝါရောင်အဆင်းရှိ ခမ်းနားသော မုခ်ဦးပေါ်တွင် ငွေကြာရံ ပရိယတ္တိစာသင်တိုက် ဆိုသည့် ဆိုင်းဘုတ်ကို တွေ့ရမည်။

ထိုနေရာသည် လွန်ခဲ့သော ၁၀ နှစ်ကမူ စစ်ကားဖြင့် တိုက်ဖျက်ဝင်ပြီး ရွှေဝါရောင် တော်လှန်ရေး တိုက်ပွဲဝင် သံဃာတော်တို့ သွေးမြေကျရာ ဖြစ်ခဲ့သည်။

စာသင်သား တစ်ရာခန့် နေထိုင်သော စာသင်ကျောင်းဆောင် အပေါ်ထပ်တွင်မူ လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖျက်ဆီးခံရသော စာသင်သားတို့၏ အခန်းအချို့ကို ကတ်ထူစက္ကူများဖြင့် ကာထားသည်ကို တွေ့ရသည်။

“ဒီနေရာက စာသင်သားတွေနေတဲ့ အခန်းတွေ အကုန်လုံး ဖျက်ဆီးခံရတယ်” ဟု  ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်သံဃာတော်အဖြစ် ပါဝင်ခဲ့ပြီး ထိုနေ့ညတွင်လည်း ယင်းကျောင်းတွင် ရှိနေကာ ရိုက်နှက်ခံရပြီး ဖမ်းဆီးအကျဉ်းကျခဲ့သည့် ဆရာတော် ဦးအဂ္ဂရာဇာက ပြောသည်။

ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့် မျက်ခုံးမွေးကောင်းကောင်းနှင့် အရပ်အမောင်းကောင်းသူ ဦးအဂ္ဂရာဇာသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်သံဃာတစ်ပါးအဖြစ် ပါဝင်ခဲ့ပြီး ငွေကြာရံကျောင်း ဝင်စီးခံခဲ့ရသည့် စက်တင်ဘာ ၂၅ ရက်ညတွင် အခြားသော ခေါင်းဆောင်သံဃာငါးပါးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှတစ်ဆင့် အင်းစိန်ထောင်တွင် ရှစ်နှစ်ခွဲ ထောင်ဒဏ်ကျခဲ့ပြီး လေးနှစ်ခွဲခန့် မြောင်းမြအကျဉ်းထောင်တွင် နေထိုင်ခဲ့ရသည်။

စက်တင်ဘာ ၂၅ ရက်ည သန်းခေါင်ယံအချိန်တွင် စစ်သားလေးဦးခန့် ငွေကြာရံကျောင်းရှေ့ တံခါးပေါက်ကို ကျော်ဝင်ကာ ကျောင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ 

ထိုမြင်ကွင်းကို မအိပ်သေးဘဲ စြင်္ကံလျှောက်နေသည့် သံဃာတစ်ပါးက မြင်လိုက်ရာ အသံပြု မေးမြန်းလိုက်သဖြင့် ထိုကျော်ဝင်လာသောသူများ ပြန်ထွက်သွားခဲ့သည်။ 

ထို့နောက်တွင် ကျောင်းရှိသံဃာများကို အကြောင်းကြားနေစဉ်မှာပင် ကျောင်းအပြင်ဘက်မှ ခဲများဖြင့် စတင်ပစ်ခတ်တော့သည်ဟု ဦးအဂ္ဂရာဇာက ထိုနေ့က အဖြစ်အပျက်ကို မိန့်ကြားသည်။

“ဦးပဉ္စင်းတို့က သူတို့ကို ဒီလိုမလုပ်နဲ့။ ပြောစရာ ရှိတာကို  အေးအေးဆေးဆေး ဆွေးနွေးလို့ ရတယ်ဆိုပြီး ဘုန်းကြီးတွေဘက်က လှမ်းပြောတယ်။ ဒါပေမဲ့ သူတို့က မရဘူး။ သူတို့က ကျောင်းတံခါးပေါက်ကို ကားနဲ့တိုက်ပြီး ဖွင့်ချလိုက်တယ်။ ပြီးတော့ ကျောင်းဝင်းထဲ မျက်ရည်ယို ဗုံးတွေနဲ့ခွဲရော” ဟု ဆရာတော်က မိန့်သည်။

ကျောင်းဝင်းတွင်းသို့ ဝင်လာသည့် စစ်သား များက မည်းမည်းမြင်ရာ အကုန်ရိုက်ခွဲသည်။ ကျောင်းကန်ဘုရားများကို ဖျက်ဆီးသည်။ အချို့သော ဘုရားဆင်းတုတော်များက ခေါင်းများ ကျိုးကြေကုန်သည်။ သံဃာတော်များပိုင်သည့် ပစ္စည်းအသုံးအဆောင်များကို ရိုက်ခွဲကာ အချို့သောပိုက်ဆံနှင့် ပစ္စည်းများကို သယ်ဆောင်သွားကြကြောင်း၊ ကျောင်းဝင်းတွင်းရှိ သံဃာတော်များကိုလည်း ရိုက်နှက်ကာ လိုက်လံဖမ်းဆီးသည်။ ဖမ်းမိသည့် သံဃာတော်များကို ကြိုးဖြင့် တုပ်ကာ ကတ္တရာလမ်းပေါ်တွင် ဒူးထောက်ထားခိုင်းသည်။ ထို့နောက် စစ်ဖိနပ်ဖြင့်ကန်။ ပြီးမှသာ ကားပေါ်သို့ တက်ခိုင်းသည်ဟု ဦးအဂ္ဂရာဇာက ထိုနေ့အဖြစ်အပျက်ကို ပြောပြသည်။

“ဒီကျောင်းတွေ အကုန်လုံးက ရစရာ မရှိအောင် ပျက်စီးခဲ့တာ။ တန်ဖိုးရှိတဲ့ ပစ္စည်းဥစ္စာ ဘာတစ်ခုမှ မရှိတော့ဘူး။ တိုက်အုပ်ဘုန်းကြီးရဲ့ ပိုက်ဆံ သိန်း ၆၀ လောက် ပါသွားတယ်။ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ငွေတွေ ပါသွားတယ်။ ကျောင်းရဲ့ပစ္စည်းတွေက အကုန်လုံး အကွဲတွေချည်းပဲ။ ဒီနေရာတွေဆို နံရံအကွဲတွေ အပြဲတွေနဲ့ ရိုက်ချိုးသွားတာချည်းပဲ” ဟု ဦးပဉ္စင်းက မိန့်သည်။

ဦးအဂ္ဂနေထိုင်သည့် ငွေကြာရံတိုက်သည် အာဏာစွဲကိုင် အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများကို အကြီးအကျယ် ထိတ်လန့်စေခဲ့ရသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သော သံဃာအများစု နေထိုင်သီတင်းသုံးရာ ကျောင်းတိုက်လည်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ပခုက္ကူမြို့တွင် စတင်ခဲ့သည်။ ပြည်သူပြည်သားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများနှင့် အဆင်မပြေမှုများကြောင့် ပခုက္ကူမြို့မှ သံဃာတော်များသည် စုပေါင်းလမ်းလျှောက်ပြီး မေတ္တသုတ်များ ရွတ်ဖတ်ပူဇော်ကာ မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေသည့် သံဃာထုကို တပ်မတော်အစိုးရက လုံးဝခွင့်မပြုဘဲ အင်အားသုံးကာ အကြမ်းဖက် ဖြိုခွဲခဲ့သည်။ 

ပခုက္ကူမြို့ အနောက်တိုက်မှ ဆရာတော် ဦးပညာစက္ကကို ဖမ်းဆီးကာ လူမြင်ကွင်းရှိ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခဲ့သည်။

ပခုက္ကူတွင် သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းတို့ အပါအဝင် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု ကိစ္စများကို စစ်အစိုးရက ဝန်ချတောင်းပန်ရန် သံဃာအဖွဲ့ချုပ်က တောင်းဆိုခဲ့ပြီး စက်တင်ဘာ ၁၈ ရက် နောက်ဆုံးထား ပြုလုပ်ပေးရန်နှင့် တောင်းပန်ခြင်း မပြုပါက မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော်များ ‘ပတ္တနိက္ကုဇ္ဇနကံ’ အဖြစ် သပိတ်မှောက်မည်ဟု အကြောင်းကြားခဲ့သော်လည်း အစိုးရဘက်က တစ်စုံတစ်ရာ ဝန်ချတောင်းပန်ခြင်း မပြုခဲ့ပေ။

ဤသို့ဖြင့် စက်တင်ဘာ ၁၈ ရက် အင်္ဂါနေ့တွင် ရန်ကုန်မြို့အတွင်းရှိ သံဃာတော်များ ပထမဆုံးအကြိမ် စတင်စီတန်းလမ်းလျှောက်ခဲ့ကြပြီး မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့လင်္ကာများ ရွတ်ဖတ်ခဲ့ကြသည်။

ဤသို့ ဖိနပ်မပါ၊ ထီးမပါ၊ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့နေသော သံဃာတော်များကို အစိုးရဘက်က ‘Yellow Army’ သံဃာတပ်ပေါင်းစုဟု အမည်ပေးခေါ်ဝေါ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်၊ တပ်နှင့် ရဲများက ရန်ကုန်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ဝိုင်းရံပိတ်ဆို့ခဲ့သည်။ 

စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် သံဃာတော်များနှင့် ပြည်သူများကို တပ်က လက်နက်များဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ဆူးလေဘုရားလမ်းထောင့်တွင် ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦးနှင့် မြန်မာနိုင်ငံသား ကိုးဦး သေဆုံးခဲ့သည်။

ထို့ပြင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းများနှင့် စစ်သားများ ပူးပေါင်းအင်အားဖြင့် သံဃာတော်များကို တုတ်၊ ဒိုင်းများ အသုံးပြုကာ ရိုက်နှက်ဖမ်းဆီးခဲ့ရာ ကြေးသွန်းဘုရားကြီးရှေ့မှောက်တွင် သွေးမြေကျခဲ့ရသည်။

တောင်ဥက္ကလာပရှိ ငွေကြာရံကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်း တော်တော်များများကို  ဝင်ရောက်စီးနင်းခြင်းများ၊ ချိပ်ပိတ်ခြင်း၊ သိမ်းဆည်းခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဦးအဂ္ဂရာဇာက မိန့်ကြားသည်။

ထိုနေ့ညက ငွေကြာရံကျောင်း အပါအဝင် မိုးကောင်းကျောင်း၊ မဂ္ဂင်ကျောင်းနှင့် အခြားသော ရန်ကုန်မြို့ရှိ စာသင်တိုက်များလည်း အကြမ်းဖက် ဖြို ခွင်းခံခဲ့ရသည်။

“အဲဒီညက ကျောင်းထဲက မီးကိုအရင် သေနတ်နဲ့ ပစ်ခွဲလိုက်တော့ မီးကမရှိတော့ဘူး။ အဲ့ဒီမှာတင် မျက်ရည်ယိုဗုံးတွေ ခွဲလိုက်တော့ ဘာမှလည်း မမြင်ရတော့ဘူး။ လမ်းဘေးမီးတိုင်က ထွန်းထားတဲ့  မီးပဲမြင်ရတယ်။ သံဃာတွေကို မိတဲ့နေရာအကုန် ရိုက်တာပဲ။ တချို့ကိုယ်တော်တွေဆို သွေးတွေ အတုံးလိုက် ပါးစပ်ထဲ အန်ထွက်တယ်။ ခေါင်းတွေကွဲတာတွေ အများကြီးပဲ။ တချို့လည်း လွတ်ရာကျွတ်ရာ အုတ်တံတိုင်း ခုန်ဆင်းပြေးတယ်၊ ဘယ်ကိုရောက်ရောက် ပြေးရတယ်။ ဘေးအိမ်က ဗုဒ္ဓဘာသာ ဒါယိကာမတွေက အိမ်တွေထဲ ခဏပုန်းခိုင်းလို့ လွတ်ကုန်တာ” ဟု ဦးအဂ္ဂရာဇာက ထိုညက အဖြစ်အပျက်ကို ပြောပြသည်။

ငွေကြာရံ စာသင်ကျောင်းကို ဝင်ရောက်စီးနင်းခံရပြီး သံဃာအပါး ၁၅၀ ခန့်က ရိုက်နှက်ဖမ်းဆီး  ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး အပါးငါးဆယ်ခန့်က ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ နောက်တစ်နေ့ ညနေတွင် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

“အဲဒီကျန်ခဲ့တဲ့ သံဃာတွေကို နောက်တစ်နေ့ ညနေကျတော့ ကားနဲ့အကုန်ဖမ်းချသွားတယ်။ ကျောင်းမှာရှိတဲ့ သံဃာအကုန်ပဲ။ ကမ္ဘာအေးမှာ အကျယ်ချုပ် သုံးလထားပြီးမှ ဒီကိုပြန်ပို့တယ်” ဟု ဆရာတော်က မိန့်သည်။

ရွှေဝါရောင်ကြောင့် သံဃာနှင့် လူရာပေါင်းများစွာ အဖမ်းခံခဲ့ကြရပြီး ၎င်းတို့အနက် အများစုသည် ယခုအခါ ပြန်လည်လွတ်မြောက်ကြပြီး ဖြစ်သည်။

အဆိုပါ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များပါ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဦးဆောင်ဆရာတော်များက မိန့်သည်။

တော်လှန်ရေးကြောင့် အကျဉ်းကျချိန်တွင် သံဃာတော်များသည် ငယ်ရွယ်သေးသည့်အတွက် ထောင်ကထွက်လာသည့်အခါ ပြင်ပတွင် ရပ်တည်၍ မရအောင် ခြိမ်းခြောက်မှုများ ခံခဲ့ရခြင်း၊ အနှောင့်အယှက်ပေးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ဦးအဂ္ဂရာဇာက မိန့်သည်။

“ဥပမာ ဆွမ်းခံတဲ့အခါ ဆွမ်းလှူတဲ့ ဒကာမတွေကို မလှူရဲ မတန်းရဲအောင် ဒီဘုန်းကြီးက နိုင်ငံရေးဘုန်းကြီး၊ မပတ်သက်နဲ့ အဖမ်းခံရမယ်။ စသည်ဖြင့် ခြောက်လှန့်မှုတွေ၊ ထောင်ထဲက နှိပ်စက်ခံရတာတွေကြောင့် စိတ်ဒဏ်ရာရပြီး တချို့လည်း အရှုံးပေးပြီး လူထွက်ကုန်တာ ရှိတယ်။ တချို့လည်း ပျံလွန်တော်မူသွားကြတယ်။ တချို့လည်း စာမေးပွဲတွေ ပြန်ဖြေပြီး သာသနာ့ဘောင်မှာ ပြန်ရောက်နေတာမျိုးတွေ ရှိတယ်” ဟု ဆရာတော်က မိန့်ကြားပါတယ်။

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်၏ သုတေသနစာရင်းများအရ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော် အနည်းဆုံး အပါး ၁၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ၂၈၂ ပါး ထောင်ကျခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက သံဃာအားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း သံဃာတော်များသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ရရှိခဲ့ကြသကဲ့သို့ သံဃာတော်အဖြစ် ပြန်လည်ရပ်တည်ရန် အခက်အခဲများ၊ ဗုဒ္ဓစာပေ သင်ကြားခွင့်နှင့် စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ရွှေဝါရောင် ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

“ဦးပဉ္စင်းတို့က အကြီးတန်းအောင်ပြီး ဓမ္မာစရိယတန်းကို ရောက်နေပြီ။ ထောင်ထဲမှာလည်း မဖြေရဘူး။ စာတွေဘာတွေလည်း လေ့လာခွင့်မရဘူး။ လွတ်လာတဲ့အခါမှလည်း ထောင်ထဲက စိတ်ဒဏ်ရာတွေ၊ စိတ်ချောက်ချားမှုတွေကြောင့် အခက်အခဲတွေ ဖြစ်ခဲ့တယ်။ လူတွေကလည်း ကြဉ်ဖယ်တာတွေ၊ ဥပေက္ခာပြုတာတွေကြောင့် စိတ်ဒဏ်ရာတွေ ခံစားခဲ့ရတယ်” ဟု ရွှေဝါရောင် ဦးဆောင်ဆရာတော်တစ်ပါးက ၎င်း၏ ကိုယ်တွေ့အဖြစ်အပျက်ကို မိန့်ကြားတော်မူသည်။

အစိုးရက စာမေးပွဲ ဖြေဆိုနေချိန်တွင်ပင် နိုင်ငံရေး မပြုလုပ်ရန် ဝန်ခံကတိထိုးခိုင်းခြင်း၊ ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့သော်လည်း ယင်းသို့သော အကျပ်အတည်းများမှပင် ကြိုးစားရုန်းကန်ကာ ယခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့ကြောင်း ဦးအဂ္ဂရာဇာက မိန့်တော်မူသည်။

ယင်းသို့ အခက်အခဲများကြောင့် တစ်ချိန်က စုစုစည်းစည်းဖြင့် အာဏာရှင် စစ်အစိုးရကို စိန်ခေါ်ခဲ့သည့် ရွှေဝါရောင် သံဃာတော်များသည် အကျဉ်းထောင်များက ပြန်လည်လွတ်မြောက်ချိန်တွင် ဝါးအစည်းပြေသလို တကွဲတပြားစီဖြင့် နေရာအနှံ့သို့ ရောက်ရှိသွားပြီး ခေတ်သစ် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

ယင်းသို့ မှေးမှိန်သွားသည့် ရွှေဝါရောင် သံဃာတော်များ နေရာတွင် မ.ဘ.သ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး) အမည်ရှိ သံဃာအဖွဲ့အစည်းက ဝင်ရောက်လာခဲ့သည်။ သို့ရာတွင် မဘသ အဖွဲ့အစည်း၏ ခံယူချက်နှင့် ရပ်တည်ချက်များသည် ရွှေဝါရောင် သံဃာတော်များ၏ နိုင်ငံရေး ရပ်တည်ချက်များမှာ ကွဲလွဲမှုရှိကြောင်း ဦးအဂ္ဂရာဇာက မိန့်ကြားသည်မှာ ဤသို့ပင်။

“သံဃာဆိုတာကတော့ တူညီတယ်။ သို့ပေမယ့် ရပ်တည်ချက်ချင်း မတူညီဘူး။ သူတို့က ဘက်တစ်ဖက်ကို အားသန်ပြီး လုပ်နေတယ်။ ရွှေဝါရောင် သံဃာတော်တွေက ဒီမိုကရေဘက်ကို အားသန်ပြီး ဒီမိုကရေစီ ကြီးပွားတိုးတက်ကြောင်းကို လုပ်နေတယ်” ဟု ၎င်းက မိန့်သည်။

ဒီမိုကရေစီ ပီပြင်စွာ ရရှိရေးအတွက် ပြည်သူ့ က်က ရပ်တည်ပေးနေသည့် သံဃာတော်များနှင့်  အခြားသော ဘက်တစ်ဖက်သို့ ဦးတည်နေသည့် သံဃာတော်များကို ခွဲခွဲခြားခြား သိမြင်ရန် လိုအပ်ကြောင်း ၎င်းက မိန့်သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများတွင် သံဃာတော်များနှင့် ပြည်သူပြည်သားများ  အားလုံးပါဝင်ခွင့် ရှိကာ ပါဝင်နိုင်ပြီး သံဃာတော်များ အနေနှင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်ပေးခြင်း၊ မငြိမ်းချမ်းသည့် ဒေသများတွင် ငြိမ်းချမ်းရေး ဓမ္မတရားများ ဟောပြောခြင်းတို့ဖြင့် ဘာသာရေးနည်းလမ်းဖြင့် ပါဝင်ကူညီခွင့် ရှိကြောင်း ရွှေဝါရောင် သံဃာတော်များက မိန့်ကြားသည်။

ရွှေဝါရောင် တော်လှန်ရေး၏ ရည်ရွက်ချက်၊ တောင်းဆိုချက်မှာ ကုန်ဈေးနှုန်း လျော့ကျရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စသည့် အချက်လေးချက်ကို အဓိကထား တောင်းဆိုခဲ့ကြသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးသည် လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဆယ်နှစ်ပြည့်ပြီ ဖြစ်သည်။ 

တော်လှန်ရေးကြီး ဆယ်နှစ်ပြည့်သည့်တိုင် အချို့သော တောင်းဆိုချက်များကို ရရှိပြီ ဖြစ်သော်လည်း အတော်များများက လိုအပ်နေသေးကြောင်း ရွှေဝါရောင် ဆရာတော်များက မိန့်ကြားသည်။

“တောင်းဆိုချက် တော်တော်များများကတော့ မရသေးဘူး၊ ဦးပဉ္စင်းတို့ အခုလက်ရှိ မြင်တွေ့နေရတာက ပြည်သူတင်ထားတဲ့ အစိုးရသည် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် မရှိဘူး။ အာဏာရှင် အကြွင်းအကျန်တွေက လက်ရှိအစိုးရကို စီးပွားရေး အကျပ်အတည်း ဖြစ်အောင် ဒုက္ခလိုက်ပေးနေတယ်လို့ ယူဆတယ်” ဟု ဦးအဂ္ဂရာဇာက မိန့်ကြားသည်။

ထို့ပြင် ယခုဆယ်နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြင်နိုင်သမျှ အမြန်ဆုံးပြင်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သံဃာတော်များထံမှ သိရသည်။

“ဒီသမိုင်းနဲ့ ဖြစ်စဉ်တွေကိုတော့ ဦးပဉ္စင်းတို့ ဘယ်လိုမှ မေ့ပစ်လို့မရဘူး။ ဒါပေမဲ့ ရက်ရက်စက်စက်  ရိုက်နှက်ခံချေမှုန်းခံခဲ့ရတာကို အာဃာတတစ်ခု အနေနဲ့တော့ မထားဘူး။ ဒါကိုတော့ မေ့လိုက်ပြီ။ ဒါပေမဲ့ ဒီစနစ်ကြောင့် ဒီလိုဖြစ်ခဲ့ရတယ် ဆိုတာကိုတော့ ဦးပဉ္စင်းတို့ ရင်ထဲမှာ ရှိနေတယ်” ဟု ဆရာတော်က မိန့်သည်။

စုလေးငုံ