News

POST TYPE

ABOUT US

ယုံကြည်မှု ကော်ဖီဆိုင်
10-Sep-2017 tagged as အမေရိကန်

ကော်ဖီဆိုင်များက သိပ်ကောင်းတဲ့နေရာများ ဖြစ်ကြသည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝီလ်မင်တန်ဒေသက Bitty & Beau's ကော်ဖီဆိုင်ကတော့ သူတို့ရဲ့ နွေးထွေးမှုများကြောင့် နာမည်ကြီးပါသည်။ ထိုဆိုင်ကလေးရဲ့ နာမည်ကျော်ကြားမှုက ဝန်ထမ်းများကြောင့် ဖြစ်သည်။ ထိုဆိုင်တွင် အလုပ်လုပ်ကြသူများကား ဖွံ့ဖြိုးမှု နောက်ကျသူများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု မသန်စွမ်းသူများ ဖြစ်ကြသည်။ ဝန်ထမ်းတော်တော်များများသည် ထိုဆိုင်တွင် ပထမဆုံး အလုပ်လုပ်ဖူးကြ၊ အလုပ်ထဲရောက်ခွင့်ရသူများ ဖြစ်ကြသည်။ သူတို့၏ ပျော်ရွှင်တက်ကြွမှုက ထိုဆိုင်၏ လေထုထဲတွင် ခံစားရသည်။ ဆိုင်ရှင်က အေမီရိုက်ဆိုသည့် မြို့ခံအမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ ဘာကြောင့် အဆိုပါ ကော်ဖီဆိုင်ကို ဖွင့်ဖြစ်ပါသနည်း။ သူမတွင် သားသမီးလေးယောက် ရှိရာ  နှစ်ဦးကြောင့် အဆိုပါဆိုင်ကို ဖွင့်ဖြစ်ခြင်း ဖြစ်ပါသည်။ Beau  နှင့် Bitty ဆိုသော ကလေးနှစ်ဦး ရှိသည်။ ကလေးများက ဉာဏ်ရည်ဖွံ့ဖြိုးမှု မသန်စွမ်းသူများ ဖြစ်ကြသည်။ ကိုယ်လည်း ထိုကလေးများ မွေးထားသောကြောင့် ထိုသူများ၏ဘဝကို နားလည်လာခဲ့ သည်။ ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျသူ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၏ ၇၀ ရာခိုင်နူန်းသည် အလုပ်မရကြကြောင်း သိရသည့်အခါ အေမီရိုက်သည် ခင်ပွန်းသည်နှင့်တိုင်ပင်ကာ အစီအစဉ်တစ်ခု ပြုလုပ်ရန် စဉ်းစားမိပါတော့သည်။ “အလုပ်လိုချင်တဲ့လူ ရာပေါင်းများစွာ ကျွန်မသိပါတယ်။ သူတို့ဟာ အင်တာဗျူး လက်ခံဖြေကြားပေးမယ့် အလုပ်ရှင် တစ်ယောက်လောက်ကိုတောင် မတွေ့ရပါဘူး။ သူတို့ကို အခွင့်အရေးသာ ပေးကြည့်စမ်းပါ။ ရှင်တို့ခိုင်းတာကို သူတို့ ကောင်းကောင်းလုပ်တတ်ပါတယ်” ဟု အေမီရိုက်က ထောက်ပြသည်။ 

“ကော်ဖီဆိုင်ဖွင့်ရင် ကောင်းမလားလို့ ကျွန်မ စဉ်းစားမိပါတယ်။ ဒီနေရာဆိုရင် လူတွေကို တစ် နရာတည်း စုစည်းဖို့ရာအတွက် အကောင်းဆုံးနေရာ ဖြစ်ပါလိမ့်မယ်။ ကျွန်မ ဝန်ထမ်းလေးတွေ ဝန်ဆောင်မှု ပေးနေတာ ကြည့်နေမိပါတယ်။ သူတို့လည်း လုပ်နိုင်တယ်ဆိုတာ သူတို့ သိလာကြပါတယ်” ဟု ရိုက်ကဆိုသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီက ထိုဆိုင်ကလေးကို ဖွင့်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း မီဒီယာများက သတိထားမိသွားသောအခါ ရောင်းရလာသည်။ နောက်တော့ ပိုကျယ်သည့် နေရာတစ်ခုကို ပြောင်းရွှေ့ဖွင့်ပါသည်။ ယခုအခါ ဆိုင်တွင် ဝန်ထမ်း ၄၀ လောက် ရှိပါသည်။ မန်နေဂျာ နှစ်ဦးကလည်း မသန်စွမ်းများအတွက် စီစဉ်ပေးထားသော အထူးပညာရေးဖြင့် ဘွဲ့ရထားသူများ ဖြစ်သည်။ စုပေါင်းဆောင်ရွက်မှုက တကယ့်စက်ယန္တရားကောင်းတစ်ခုသဖွယ် လည်ပတ်နေသည်။ 

“ကျွန်မတို့ဆိုင်မှာ စောင့်ရတာက တခြားဆိုင်တွေလောက်ပါပဲ။ သူတို့ဟာ အလုပ်မှာ တကယ်ကို  တော်ကြပါတယ်။ တစ်ယောက်ယောက် အကူအညီလိုနေပြီဆို ချက်ချင်း ပါဝင်ပေးကြတယ်” ဟု ရိုက်က  ဆိုပါသည်။ ဆိုင်ကရသည့် အကျိုးအမြတ်များ အားလုံးကလည်း ရိုက်၏ ပရဟိတ အဖွဲ့အစည်းထဲသို့ ရောက်ပါသည်။ Able to Work USA ဆိုသည့်အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့က ဉာဏ်ရည်မသန်စွမ်းများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးပါသည်။ “ဒီဆိုင်ကို ဖန်တီးထားခြင်းကြောင့် လူတွေအနေနဲ့ မသန်စွမ်းတွေနဲ့ ယခင်က ဆက်ဆံတဲ့ပုံ မဟုတ်တဲ့နည်းနဲ့ တွေ့ရပါတယ်။ ဒီနေရာဟာ လုံခြုံတဲ့နေရာ ဖြစ်ပါတယ်။ သူတို့ဟာ တခြားသူတွေနဲ့ ဘယ်လိုမတူတာထက် ဘာတွေတူတယ် ဆိုတာကို ပိုမြင်ရတဲ့နေရာ ဖြစ်ပါတယ်။ ဒါပါပဲ” ဟု ၎င်းက ဆိုသည်။ 

“Beau ကို မွေးပြီးတဲ့အခါ ကျွန်မတို့ဟာ အထူးလိုအပ်ချက်တွေ ရှိနေတဲ့ ကလေးတွေရဲ့ ကမ္ဘာထဲကို ရောက်ရှိပါတယ်။ လူတွေရဲ့ အမြင်ကို ပြောင်းရတာ သိပ်ခက်ပါတယ်။ ရေဆန်ကို ကူးရသလိုပါပဲ။ လူတွေဟာ သူတို့မသိတဲ့ အကြောင်းအရာတွေကို သိရဖို့ သိပ်ကြောက်ကြပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သူတို့ ဘယ်လိုနေထိုင်နေကြသလဲ ဆိုတာကို အများသိအောင် ကျယ်ကျယ်လောင်လောင် ပြောပြဖို့ လိုလာတာ ဖြစ်ပါတယ်” ဟု အေမီရိုက်က ပြောပါသည်။ 

လုပ်ငန်းခွင်တွင် အလုပ်ကောင်းစွာ လုပ်နေရသည့်အတွက် မိမိကိုယ်ကို ဂုဏ်ယူတတ်လာသည်။  အများနှင့် စုပေါင်းဆောင်ရွက်တတ်သည့် အစုအဖွဲ့လိုက် စိတ်ဓာတ်ကို ရစေသည်။ ကော်ဖီဆိုင်တွင်  အလုပ်ဝင်နေကြသူ မသန်စွမ်းများသည် များသောအားဖြင့် ပထမဆုံး အလုပ်လုပ်ဖူးသူများ ဖြစ်ကြသည်။ 

“ကျွန်မဆိုင်က ကော်ဖီက ကော်ဖီတစ်ခွက်ထက် ပိုပါတယ်။ ဒါဟာ လူ့အခွင့်အရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ ကော်ဖီဆိုင်က ဒီလှုပ်ရှားမှုရဲ့ ယန္တရားအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအရာနဲ့ ကျွန်မ ဝန်ထမ်းတွေဟာ သူတို့ထိုက်တန်တဲ့ လေးစားခံရမှုကို ရရှိစေပါတယ်” ဟု အေမီက ဂုဏ်ယူစွာဖြင့် ပြောဆိုသည်။

ခရီးသွားဧည့်သည်များ အလာများရာ နေရာများတွင် ဆိုင်ထပ်ချဲ့လိုသည်ဟု အေမီရိုက်က ဆိုသည်။ ထိုကဲ့သို့ နေရာများချဲ့သွားရင်း လူအများ၏  အမြင်များကို ပြောင်းရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။ ကိုယ်တိုင်အလုပ်လုပ်ခွင့်ရသောအခါ လူတိုင်း မိမိကိုယ်ကို ယုံကြည်မှု ရပါသည်။ စိတ်ပိုင်းဆိုင်ရာ  မသန်စွမ်းသူများလည်း အဆိုပါ အခွင့်အရေးကို ရသင့်သည်။ အေမီရိုက်ကတော့ သူမွေးထားသည့် ကလေးနှစ်ဦးအတွက်ရော၊ အခြားသူများ အတွက်ပါ မမောနိုင် မပန်းနိုင် ရှေ့ဆောင်ရှေ့ရွက် ပြုနေသည်။

သန့်ဇင်စိုး